ချစ်သူဟောင်းများနှင့် ဇာတ်လမ်းပြန်ဆက်ရန် ဝါသနာပါသည့် ကိတ်အပ်တန်
ကိတ်အပ်တန် အနေဖြင့် ချစ်သူဟောင်းများနှင့် တစ်ကျော့ပြန် ဇာတ်လမ်းဆက်တတ်သည့် အလေ့အထ ကို ဆက်လက် ကျင့်သုံးနေဆဲဟု သတင်းများက ဆိုသည်။ အမေရိကန် မော်ဒယ်လ်သည် (၆)လမျှကြာ လမ်းခွဲထားပြီးနောက် ယူကရိန်း အကသမား မက်ခ်ဆင်မ် ချမာကော့ဗ်စကီးနှင့် ပြန်လည် သင့်မြတ်နေပြီ ဟု သတင်းများက ဖော်ပြခဲ့သည်။ ကိတ်သည် အသက်(၃၄)နှစ်အရွယ် မက်ခ်ဆင်မ်နှင့် ခွာပြဲခဲ့သည့် အတောအတွင်း ချစ်သူဟောင်း တစ်ဦးဖြစ်သည့် Baseball အားကစားသမား ဂျက်စတင် ဗာလန်ဒါနှင့် တွဲခဲ့သေးသည်။
ဇန်နဝါရီလက အသက်(၃၁)နှစ်အရွယ် ဂျက်စတင်နှင့် ကိတ်တို့ နှစ်ဦးအတူ လူအများရှေ့ ထွက်ပေါ် ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ပြန်လည် ဆုံစည်းခဲ့ပြီဟု အများစုက ယူဆခဲ့ကြသည်။ ယခုတစ်ဖန် Sports Illustrated မော်ဒယ်လ် အနေဖြင့် မက်ခ်ဆင်မ်နှင့် ဇာတ်လမ်းပြန်ဆက်ခဲ့ပြီး ဂျက်စတင်နှင့် ဆက်ဆံရေး မှာမူ မည်သို့မည်ပုံ ဖြစ်နေမှန်း မသိရသေးချေ။ ကိတ်နှင့် မက်ခ်ဆင်မ်တို့ နှစ်ဦးသည် ပြီးခဲ့သည့် သီတင်း ပတ်ကုန်က နယူးယော့ခ်မြို့ရှိ နိုက်ကလပ် တစ်ခုတွင် အတူတကွ ရှိနေခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့ကြသည်။
ကိတ်၏ သူငယ်ချင်း တစ်ဦးကမူ “ကိတ်နဲ့ မက်ခ်ဆင်မ်က တကယ့်ကို ခင်မင်ကြတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။ ပြဿနာက နှစ်ယောက်ကြားမှာ အချိန်ဇယားတွေက ဆုံတွေ့ဖို့ မဖြစ်နိုင်သလောက် ကျပ် တည်းနေတာပဲ။ မက်ခ်ဆင်းမ်က ကိတ်အပေါ် လေးစားမှု ရှိပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အလုပ်မဖြစ်လောက်ဘူးလို့ ယူဆထားပုံပဲ”ဟု ပြောကြားထားသည်။ ယခုသတင်းကို ကိတ်၏ ကိုယ်စားလှယ်က တစ်စုံတစ်ရာ မှတ်ချက် မပေးခဲ့ချေ။ ကိတ်သည် ပြီးခဲ့သည့် လပိုင်းများအတွင်း က ဂျက်စတင်နှင့် လူသိရှင်ကြား တွဲ၍ သွားလာနေခြင်းမျိုး မရှိတော့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)