အချစ်ကံခေလွန်းနေသူများအတွက် ယတြာနည်း



တစ်နေ့ ကျွန်ုပ်ရှိရာ ဗေဒင်ဟောခန်းသို့ တစ်ရပ်ကွက်ကျော်မှ လူပျိုကြီး ကိုထွန်းရောလာပြီ ဆရာ ဆရာ့ဆီမှာ အချစ်ကံခေတာကို ကံကောင်းအောင် စန်းထအောင် လုပ်နိုင်တဲ့ အဆောင်ယတြာများ ရှိသ လားဟု မေးလေရာ အော် အဲဒါလိုချင်လို့လား အဆောင်ရယ်တော့ မဟုတ်ဘူး ပြုလုပ်ချင်တယ် ဆိုရင် တော့ ပြုလုပ်ပုံ ယတြာလေးတစ်ခု ပေးလိုက်မယ် ဟုဆိုကာ အောက်ပါယတြာကို ပေးလိုက်လေသည်။

ပြုလုပ်ရန်ယတြာ

မိမိနေသော အခန်းထဲမှာ အနောက်တောင်ထောင် အရပ်ဘက်မှာ ရှုပ်ပွနေတယ်၊ နံစော်နေတယ်၊ မသန့် မရှင်း ဖြစ်နေတယ်ဆိုရင် အချစ်ရေး မေတ္တာရေး မကောင်းဘူးလို့ ဆိုထားတယ်။ နောက်ပြီး အဲဒီထောင့် က နံရံမှာ နိမိတ်မကောင်းတဲ့ ပန်းချီ ၊ဓာတ်ပုံတွေ ချိတ်ဆွဲထားရင်လည်း မကောင်းဘူးဗျ။ ဒါကြောင့် အရင်ဆုံး အဲဒီထောင့်ကို ကောင်းကောင်းလေး ပြင်ဆင်ရမယ်။ နိမိတ်ကောင်းတဲ့ လှပတင့်တယ်ပြီး ရှု့ချင် စဖွယ်ရှိတဲ့ ဓာတ်ပုံတွေ ပန်ချီတွေ ပိုစတာတွေ ကပ်ရမယ်။ ဖြစ်နိုင်ရင် လင်းလက်တဲ့ မီးလုံးမီးအိမ် တစ်ခုခု ထွန်းထားလိုက်ပါ။

နောက်အဲဒီ့ အနောက်တောင်ထောင့်တွင် ထောင့်ကပ်စာပွဲငယ်တစ်လုံး ထိုအပေါ်တွင် လည်တံရှည် ပန်းအိုး တစ်လုံးတင်ပါ။ အဖြူရောင် ကြွေပန်းအိုးလေး ဖြစ်ရမယ်။ အခြားသော မြေပန်းအိုး ကြေးပန်းအိုး စတီးပန်းအိုး သတ္တုပန်းအိုးများ မရပါ။ ကြွေပန်းအိုးဖြစ်ရမယ်။ အဲဒီပန်းအိုးလေးထဲမှာ နှင်းဆီပန်းအနီ ရိုးတံရှည် အရွက်အနည်းငယ်ပါ တစ်ပွင့် ထိုးစိုက်ထားရမယ်။ နှင်းဆီပန်းက ပွင့်အာနေရမည်။ နှင်းဆီပန်း ညှိုးနွမ်းပါက အသစ်လဲပေးရမည်။ ဟောင်းသွားပါက အသစ်လဲပေးရမည်။ အဲဒီလို ဆောင်ရွက်ထားခြင်း ဖြင့် အချစ်ရေး အဆင်မပြေသူများ အချစ်ရေး အဆင်ပြေမည်။ အချစ်ကံကောင်းခြင်းများ ဖြစ်မည်။ စန်း အားနည်းနေသူများ စန်းပွင့်မည်။

ကျွန်ုပ်သည် အထက်ပါယတြာကို ဂေါ်မစွံ လူပျိုကြီးကိုထွန်းအား လွန်ခဲ့သော ခြောက်လခန့်က ပြောပြ ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့တွင် ကိုထွန်းသည် ကျွန်ုပ်ထံသို့ ဖိတ်စာတစ်ဆောင်ကို လာပြီး ပေးပို့ခဲ့၏။ သူ သည် အိမ်ထောင်ကျပြီ ဖြစ်၏။ မင်္ဂလာဆောင်သည် လာမည့် (၃၀)ရက်နေ့တွင် ဖြစ်သည်။ ကျွန်ုပ်အား လာဖြစ်အောင်လာပါဟု ကိုထွန်းကဖိတ်၏။ ထို့နောက်ကျွန်ုပ်၏ အခန်းထောင့် အနောက်တောင် ထောင့် ဘက်ကို လှမ်းကြည့်လိုက်ရင်း ဆရာ့အခန်း အနောက်တောင်ထောင့်မှာလဲ ခုံကလေးတစ်လုံးချပြီး နှင်းဆီ ပန်းအိုးလေး တစ်လုံးလောက် ထိုးထားရင် ကောင်းမယ်ထင်တယ် ဆရာရေဟု ကျွန်ုပ်အား မထိတထိ ကလိလိုက်ကာ သူ၏မင်္ဂလာဆောင်ကို ဆက်ဆက် လာဖြစ်အောင် လာပါဟု ထပ်ကာထပ်ကာ ဆိုရင်း မော်ကြွားသော အပြုံးများဖြင့် ပြန်သွား လေတော့သတည်း။


အားလုံး အချစ်ကံကောင်းကြပါစေ။

မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...