ရေဆန်မေတ္တာ

photo;ordinaryevil.wordpress.com

Written by နန်းခမ်းထွေး

မေတ္တာဟု ဆိုလိုက်လျှင် မိဘမေတ္တာကိုသာ အသားပေး၍ ပြောဆိုလေ့ရှိကြသည်။ မှန်ပါသည်။ မိဘတို့၏ မေတ္တက ကြီးမားပါသည်။ မိဘမေတ္တာကို ဖော်ပြထားသည့် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် ဖြစ်ရပ်များကို နေရာ တကာတွေ့နိုင်ပါသည်။ သို့သော်သားသမီးများ၏ မိဘအပေါ် ထားရှိသည့် မေတ္တာကို ဖော်ကျူးမှုက နည်း ပါး နေသေးသည်။

ရှစ်နှစ်သားအရွယ်က ပေးထားသည့် ကတိကို အဖေဖြစ်သူက မေ့လျော့သွားသော်လည်း သားက မမေ့ဘဲ ၂၃ နှစ်အကြာတွင် ဖခင်အား မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့သည့် ဗီဒီယိုလေးကို အွန်လိုင်းပေါ်တွင် တွေ့ရသည်။ ကလေးခုနစ်ယောက်ကို ရှာဖွေကျွေးမွေးခဲ့သော ဖခင်က လွန်ခဲ့သော ၂၃ နှစ်က ချက်ဗလက် ကားတစ်စီးကို လိုချင်လှသော်လည်း မတတ်နိုင်ခဲ့။ ထိုအချိန်က ရှစ်နှစ်သားအရွယ် သားငယ် မိုက်ကင်းက သူ့ဖခင်ကို ယင်းကားဝယ်ပေးမည်ဟု ကတိပေးခဲ့သည်။ ယင်းအချိန်ကစပြီး တစ်နေ့ ဖခင်ကို ယင်းကားဝယ်ပေး မည်ဆိုသည့် သံန္နိဋ္ဌာန်ဖြင့် အလုပ်လုပ်နိုင်ချိန်က စတင်ငွေစုခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့ သည့် နှစ်နှစ်ကတော့ ရှားပါးနေပြီဖြစ်သော ၁၉၅၇ ချက်ဗလက်ကားကို ၀ယ်ပြီး ဖခင် အသက် ၅၇ နှစ်ပြည့်မွေးနေ့အတွက် ဂိုဒေါင်တွင် သိမ်းထားခဲ့သည်။ အသက် ၅၇ နှစ်မွေးနေ့တွင် ဂိုဒေါင်တံခါးကို ဖွင့်ချိန် သူ့အိပ်မက်ကားကို တွေ့ ရလိုက်ရသည့် ဖခင်က သားကို ဖက်ပြီးကြည့်နူးပီတိဖြင့် ငိုကြွေးကာ မယုံနိုင်အောင်ဖြစ်ရသည်။ “အဖေ ကျွန်တော် ကတိပေးထားတယ်လေ။ မှတ်မိလား” ဟု သားကမေး သည်။ ခေါင်းကိုသာ ညိတ်၍ မျက်ရည်တွေ တွေကျနေသည့်ဖခင်က “သားရေ မင်းကတိတည်တယ်ဟု သာ ပြောနိုင်တော့သည်။ တစ်စီးလုံးကို ပြုပြင်ထားသည့်အတွက် သစ်လွင်နေသည့်ကားကို တုန်တုန် ရီရီနှင့် ပွတ်သတ်ပြီး စိတ်လှုပ်ရှားနေသော ဖခင်က “မင်းကားကကောင်းလိုက်တာ အသစ်လိုပဲ” ဟုသာ ပြောဆိုနိုင်သည်။

ဤမြင်ကွင်းက ဖခင်ဖြစ်သူ၏ စိတ်လှုပ်ရှားခံစားမှုကို ဖော်ပြနေသော်လည်း ကင်မရာပေါ်တွင် သိပ်မတွေ့ ရသည့် သားဖြစ်သူ၏ ရင်တွင်းကို ၀င်ကြည့်မိသည်။ ဖခင်ကို ချစ်စိတ်၊ စာနာစိတ်ဖြင့် လိုအင်ဆန္ဒကို ဖြည့် ပေးလိုသည့် သားရဲ့မေတ္တာက ထူးခြားလှသည်။ သဘာဝတွင် မိဘက သားသမီးကို ကာကွယ်စောင့် ရှောက် ကျွေးမွေးခြင်းကို မျိုးဆက်ပြန့်ပွားရေးအတွက် သိစိတ်က စေ့ဆော်နေသည်ဟု ဇီဝဗေဒပညာရှင် များက ဆို သည်။

အသိဉာဏ်ထက် အသက်ရှင်ရပ်တည်ရေး မျိုးဆက်ပြန့်ပွားရေးအတွက် ဗီဇကလှုံ့ဆော်နေသည့်အတွက် မွေးဖွားလာသည့် မျိုးဆက်သစ်များ ရှင်သန်ရေးအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ကြသည်။မျိုးဆက် သစ်များကမူ မိမိတို့ အသက်ရှင်ရေးအတွက် မိဘ၊ မိခင် သို့မဟုတ် ဖခင်ကို (သတ္တ၀ါအမျိုးကို လိုက်၍) အချိန်အတိုင်းအတာတစ်ခု အထိမှီခိုရသည်။ သို့သော် ဗီဇအသိအရ အသက်ရှင် ရပ်တည်ရေး အတွက် မှီခို ရခြင်းဖြစ်ပြီး ပြန်လည်ပြုစုစောင့်ရှောက်ရန် သဘာဝအရ လိုအပ်ချက်ရှိမနေပါ။ သို့သော် အသိဉာဏ်မြင့်သည့် လူသားနှင့် DNA အလွန်နီးစပ်သော မျောက်ဝံတို့တွင် အသက်ရှင် ရပ်တည်ရေး အတွက် မလိုအပ်ချိန် တွင်လည်း မိဘကို ချစ်ခင်သည့်မေတ္တာကိုတွေ့ရသည်။

တောင်အမေရိကတောတွင်း မျောက်ဝံကြီးများကို လေ့လာသည့် သိပ္ပပညာရှင်များက ထူးခြားသည့် ယင်း မေတ္တာကို မှတ်တမ်းတင်ခဲ့သည်။ ဂေါ်ရီလာမျောက်ဝံဖခင်ကြီး အသက်အရွယ် အိုမင်းပြီးမသွားလာနိုင် တော့သည့် အချိန်တွင် သားဖြစ်သူက ဖခင်အနားတွင် သူသေဆုံးချိန်အထိ တစ်ကောင်တည်း တွေတွေ ကြီး ထိုင်လျက် စောင့်ကြပ်ပေးခဲ့သည်ကို တွေ့ရသည်။ မျောက်အုပ်ကြီးက ရှေ့ဆက်သွားချိန်တွင် သေဆုံးခါနီး ဖခင်ကို ချန်မထားနိုင်ဘဲ တစ်ကောင်တည်း စောင့်လျက် အချိန်အတန်ကြာအောင် ချန်နေ ရစ်ခဲ့သည်။ ရက်ပေါင်းများစွာ ဖခင်မျောက်ဝံကြီးအနားတွင် ထိုင်ပြီး ၀မ်းနည်းပူဆွေးနေပုံကို တိရစ္ဆာန်အမူ အကျင့်လေ့ လာသူများက မှတ်တမ်းတင်ခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာမိန်းကလေးငယ်များကို ကယ်တင်ပြီးချိန်တွင် သတင်းထောက် က မိန်းကလေးငယ် တစ်ယောက်ကို မေးမြန်းခဲ့သည်။ ယင်း မိန်းကလေးက သူ့သဘောဖြင့်လာရောက် ခဲ့ ကြောင်းပြောပြသည်။ စားသောက်ဆိုင်တွင် အကူအလုပ်ရမည်ဟု ဆိုသဖြင့် လိုက်လာခဲ့သော်လည်း ပြည့်တန်ဆာအိမ်ကို ရောင်းချခံရသည်။ ကယ်တင်ပြီးချိန်တွင် သမီးအိမ်ကို ပြန်မလား။ ပြန်ပို့ပေးမယ်ဟု အကူ အညီပေးသူများက ပြောသော်လည်း ထိုင်းနိုင်ငံတွင်ပင် တရားမ၀င် ဆက်နေပြီး ငွေရှာဦးမည်ဟု ဆိုသည်။ ငရဲခန်းက လွတ်လာခါစ အသက် ၁၈ နှစ်ခန့်ရှိနေသော်လည်း အရွယ်က ၁၄ နှစ်သမီးသာသာ ကျုံလှီနေသည့် မိန်းကလေးတွင် အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရသည်။ သူမကိုကူညီသူများက အန္တရာယ် များလှသဖြင့် အိမ်ပြန်ရန်နားချကြသော်လည်းမရ။ ကရုဏာဒေါသ ဖြင့် “ဘာကြောင့် မပြန်ချင်တာလဲ” ဟု မေးမိ သည့် သတင်းထောက်က သူမအဖြေကြောင့် ဆို့နစ်စွာဆက်မေးစရာ စကားလုံး ကွယ်ပျောက်ခဲ့ရ သည်။

“သမီးအဖေက လေဖြတ်နေတယ်။ အမေက မောင်နှမခြောက်ယောက်ကို ဈေးရောင်းကျွေးနေတာ။ အဖေ့ ဆေးဖိုးမတတ်နိုင်ဘူးလေ။ သမီးသေချင်သေသွားပါစေ။ အဖေ့အတွက် ဆေးဖိုးရှာချင်တယ်။ သမီး ကို ပြန်မပို့ပါနဲ့။ သမီး ဒီမှာဖြစ်တာတွေလည်း အဖေနဲ့အမေကို မသိစေချင်ဘူး။ သူတို့ ရှက်မှာစိုးတယ်။ သမီး ငွေ ဆက်ရှာပါရစေ” မဲဆောက်တွင် လူကုန်ကူးခံရသူများ၊ မိဘမဲ့ကလေးများနှင့် မိန်းကလေးများကို ကူညီ စောင့်ရှောက်ပေးနေသူ မိတ်ဆွေအမျိုးသမီး တစ်ဦးပြောပြသည့် ဖြစ်ရပ်တစ်ခုကလည်း သားသမီး မေတ္တာကို ရင်ထုမနာ ဖြစ်ခဲ့ရသည်။

“ပြည့်တန်ဆာအိမ်မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတွေကို ဒီအလုပ်ကို စွန့်လွှတ်ဖို့ ကျွန်မတို့က စည်းရုံးပြီးပြောပြတယ်။ မတတ်သာလို့ လုပ်ရင်လည်း ကွန်ဒွန်သုံးပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပေါ့နော်။ သူ တို့က ကိုယ့်သဘောနဲ့ ကိုယ်လာလုပ်နေကြတာ။ တချို့က အရမ်းကိုငယ်သေးတယ်။ သူတို့လည်း ဒီလိုအလုပ်မျိုး ဘယ်လုပ်ချင်မလဲ။ ဒါပေမဲ့ တချို့ကဆိုရင် သူတို့အမေတွေကိုယ်တိုင်က လာပို့ထားပြီး လကုန်ရင် ငွေလာထုတ်တယ်။ ကလေးမလေးတစ်ယောက်က “အမေရယ် ကျွန်မ အိမ်ပြန်ချင်ပြီ။ ကျောင်း ပြန်တက်ချင်လို့ ပြန်လာပါရစေ” ပြောတော့ “သမီးရယ်။ အမေတို့ ဒီတစ်လနှစ်လလောက်ဆို အကြွေးကျေ ပါပြီ။ ခဏလေး ဆက်လုပ်ပေးပါဦးတဲ့”

မိဘအကြွေးဆပ်ရန် ထိုင်းနိုင်ငံကိုလာပြီး မိမိဘ၀ကိုရင်းနှီး မိမိအနာဂတ်ကို စတေးနေရသည့် မြန်မာလူ ငယ်အများ အပြားရှိနေသည်ဟု မိတ်ဆွေအမျိုးသမီးကပြောပြခဲ့သည်။ ကမ္ဘာမီးလောင်ချိန်တွင် သားသမီး အတွက် ချနင်းခံသူ မိဘများရှိသလို သားသမီးကို ချနင်းသူများလည်းရှိနေ၏။

ပြီးခဲ့သည့်ရက်ပိုင်းက အာဖရိကတောတွင်းက ဖြစ်ရပ်တစ်ခုကို သတင်းဌာနတစ်ခုပြသခဲ့သည်။ မိခင်ကြံ့မ ကြီးနှင့် ကြံ့သားလေးတို့ အပင်တစ်ပင်အောက် နားခိုနေချိန်တွင် ပေါင် ၁,၅၀၀ ခန့်ရှိ ကြံ့သိုးတစ် ကောင် ရောက်လာပြီး သူတို့ကို စတင်တိုက်ခိုက်တော့သည်။ မိခင်ကြံ့မကြီးကို ချိုဖြင့်ထိုးသတ်ရန် ဒုံးစိုင်းပြေးလာ ချိန်တွင် အင်အားချင်းမယှဉ်နိုင်သည့် မိခင်ကြံ့မကြီးက အနီးရှိရေအိုင်ဘက်သို့ ထွက်ပြေးသည်။ ရေတိမ် တွင် ခြေချော်ပြီးကြံ့မကြီးလဲကျ သွားချိန်တွင် ကြံ့သိုးကချိုတစ်ချက်မျှဖြင့် ဗိုက်ကိုအသေထိုးသတ်နိုင်သည့် အနေအထားရသွားသည်။ ယင်း အခိုက်အတန့်လေးတွင် ကြံ့သိုးကြီး၏ အရွယ်ဆယ်ပုံပုံ တစ်ပုံမျှပင်မရှိ သည့် ၀က်အရွယ်သာသာရှိသည့် ကြံ့ပေါက်စလေးက ရေထဲဆင်းလိုက်လာပြီး ကြံ့သိုးကြီးကို သူ၏ ချိုပေါက်စ ဖြင့်တိုက်ခိုက်တော့သည်။ ရုတ်တရက် တအံ့တသြဖြစ်သွားသည့် ကြံ့သိုးကြီးလန့်ပြီး ထွက်ပြေး ချိန်တွင် ကြံ့ပေါက်စလေးက နောက်ကပြေးလိုက်သည့်ပုံကို ဗီဒီယိုကင်မရာတွင် တွေ့လိုက်ရသည်။ ကလေးပီပီ ကြောက်လန့် ထွက်ပြေးရမည့်အစားမိမိထက် အဆများစွာကြီးမားလှသော ရန်သူကို မိခင် ဇောဖြင့် ရင်ဆိုင် တိုက်ခိုက်ခဲ့သည့် သားသမီးမေတ္တာပင်။

မိခင်များနေ့၊ ဖခင်များနေ့၊ အဖိုးအဖွား များနေ့ဟူ၍ နေ့ထူးနေ့မြတ်များအဖြစ် သတ်မှတ်ပြီး ကျေးဇူးများကို အောက်မေ့နေချိန်တွင် သားသမီးများ၏မေတ္တာကို ခံစားအလေးပြုလိုက်ပါသည်။ ရေဆန်တက်တတ်သော မေတ္တာများကို အသိအမှတ်ပြုနိုင်ပါစေ။


Mizzima Daily
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...