ကျောင်းသားများ ရည်စားမထားရ အခြေခံကျောင်းများတွင် စည်းကမ်းချက်ထုတ်ပြန်

ယခုနှစ်ကျောင်းဖွင့်ရာသီတွင် တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ရည်းစားမထားရဆို သည့် စည်းကမ်းသတ်မှတ်ချက်များ အပါအဝင် အခြားသောစည်းကမ်းသစ်များကို အခြေခံကျောင်း များတွင်တင်းကျပ်စွာထုတ်ပြန်ထားကြောင်း သိရသည်။
လက်ရှိကျောင်းအပ်ရန် ရောက်ရှိလာကြသည့်ကျောင်းသားများကိုလည်း ဆံပင်ဆေးဆိုးလာပါက ကျောင်းအပ်လက်ခံခြင်းကို ပြုလုပ်ပေးမည်မဟုတ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။
အခြေခံပညာကျောင်းများအနေဖြင့် ယခင်နှစ်ကကျောင်းသားများကို ဖုန်းကိုင်ဆောင် အသုံးပြုခွင့်မ ပေးခဲ့သော်လည်း ကျောင်းသားအချို့ ကိုင်ဆောင်ခဲ့ကြသဖြင့် ယခုနှစ်တွင် ကျောင်းသားများအနေဖြင့် ကျောင်းသို့လက်ကိုင်ဖုန်းများ လုံးဝယူဆောင်လာခြင်းမပြုရန်၊ ရည်စားမထားကြရန်၊ ကျောင်းသား တိုင်း၊ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းပြည့်မီရန်လည်း စည်းကမ်းထုတ်ပြန်ထားကြောင်း ဗိုလ်တ ထောင်မြို့နယ်ရှိ အမှတ် (၅)၊ အခြေခံပညာအထက်တန်းကျောင်းမှ သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဗဟန်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦး ဖြစ်သူ ဒေါ်မျိုးသီရိ (အမည်လွှဲ) က “ကျောင်းသား ဆံပင်ဆေးဆိုးလာရင် ကျောင်းအပ်လက်မခံပေး ဘူး။ ပြန်လွှတ်တယ်။ ကျောင်းစည်းကမ်းထဲမှာ တစ်ခါတည်းပါပြီးသားဖြစ်တဲ့အတွက် တခြားကျောင်း တွေလဲဒီလိုပဲ” ဟုပြောသည်။
အဆိုပါစည်းကမ်းများအနက် တချို့စည်းကမ်းများမှာ ယမန်နှစ်များကတည်းက ထုတ်ပြန်ထားခြင်းဖြစ် သော်လည်း လိုက်နာမှုအားနည်းကြသည့်အပြင် စည်းကမ်းဖောက်ဖျက်သည့် ကျောင်းသားများကို အပြစ်ပေးအရေးယူရာတွင်လည်း ထိရောက်မှုမရှိခဲ့ခြင်းကြောင့် ယခုစာသင်နှစ်တွင်ထပ်မံ၍ တင်းကျပ် စွာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“အရင်နှစ်တွေတုန်းကတော့ စည်းကမ်းသာထုတ်ထားတာ ဖုန်းတွေကိုမိဘတွေကလဲ ပေးလိုက်တယ်။ ကျောင်းသားကလဲ ယူလာတယ်။ ကျောင်းကလဲအားလုံးကိုလိုက်မစစ်နိုင်ဘူး။ ဒီနှစ်ကတော့ တစ်ကြိမ် ဆိုသတိပေးမယ်။ နှစ်ကြိမ်ဆိုသိမ်းမယ်။ ပြီးရင်မိဘခေါ်ခံဝန်ကတိထိုးခိုင်းမယ်” ဟု အထက်ပါဆရာမ ကဆက်လက်ပြောသည်။
လသာမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ကျောင်းစည်းကမ်းများအတိုင်း လိုက်နာကြရန် ကျောင်းသားများကို သတိပေးထားပြီးဖြစ်ကာ ယင်းကဲ့သို့ကျောင်းအပ်စဉ် ဆံပင်ဆေးဆိုးလာခြင်းကို အတန်းကြီးကျောင်း သားများတွင်မတွေ့ရသော်လည်း KG တန်းမှ ကျောင်းသားအသစ်များတွင်တွေ့ရ၍ ဆေးပြန်ဆိုးခိုင်း နေရသည်ဟု ပြောသည်။
ကျောင်းစည်းကမ်းချက်များသည် ကျောင်းဝင်ခွင့်လျှောက်လွှာနှင့်အတူ ပူးတွဲပါရှိပြီး ကျောင်းအပ်လက် ခံချိန်၌ ကျောင်းသားနှင့် ကျောင်းသားမိဘကို ဖတ်ရှုခိုင်းပြီး လိုက်နာရန်အသိပေးထားပြီးဖြစ်ကြောင်း၊ အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် ယင်းကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင်ကျောင်းသားမိဘများအနေဖြင့်လည်း ကျောင်းကြို၊ ပို့ချိန်များတွင် သရုပ်ပျက်အဝတ်အစား များမဝတ်ဆင်ကြရန် သတိပေးထားကြောင်း အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
တချို့သောကျောင်းသားမိခင်များသည် ကျောင်းလာပို့ချိန်၊ ကြိုချိန်များ၌ ကျောင်းသား၊ ကျောင်းသူများ အတုယူမှားစေနိုင်သော အမြင်မတင့်တယ်သည့် ဝတ်စားဆင်ယင်မှုမျိုးများအား တွေ့ရှိနေရသည့်အ တွက် ယင်းသို့သတိပေးထားခြင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းကို ကျောင်းနဲ့တူအောင်၊ ကျောင်းသားကိုကျောင်းသားနဲ့တူအောင် စည်းကမ်းတွေကိုတင်း ကျပ်စွာထုတ်ပြန်ထားပါတယ်။ တချို့ကျောင်းသားမိဘတွေဆိုရင် မတော်တရော်တွေ ဝတ်လာကြလို့ ကျောင်းသားတွေတင်မကဘဲ ကျောင်းသားမိဘတွေကိုပါ သတိပေးနေရတယ်” ဟုအဆိုပါ ညွှန်ကြား ရေးမှူးက ပြောသည်။
သားသမီးများကို ကျောင်းပို့၊ ကျောင်းကြိုပြုလုပ်ကြသည့် မိဘများနှင့်အုပ်ထိန်းသူများကိုလည်း ကျောင်းနှင့်ဝန်းကျင်တွင် အမြင်မတင့်တယ်စေသော မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုနှင့် ကိုက်ညီမှုမရှိ သော၊ ဘောင်းဘီအတို၊ အရှည်နှင့် စကတ်အတိုများဝတ်ဆင်မှုများရှိနေ၍ သတိပေး၊ တားမြစ်မှုများ ပြုလုပ်နေကြရကြောင်း သိရသည်။
Democracy Today Daily
မေလ (၂၈) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)