မသန်စွမ်းသူများနှင့် ကလေးငယ်များ ရေလွှာလျှောစီးနိုင်အောင် ကူညီပေးသည့် ခွေးကလေး



မျက်မမြင်များကို ကူညီသည့်ခွေး၊ နားမကြားသူများအတွက် အဖော်ပြုပေးသည့်ခွေး အစရှိသဖြင့် ကွဲပြား သော စွမ်းရည်များဖြင့် လူသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော ခွေးလိမ္မာများ အများအပြား ရှိနေသော်လည်း Golden Retriever ခွေးကလေး ရစ်ကိုချတ်ကမူ တစ်မျိုးတစ်ဘာသာ ထူးခြားသည့် လူ့အကျိုးပြု ခွေးကလေး ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှ ခွေးမလေးသည် ရေလွှာလျှောစီးခြင်းကို ဝါသနာပါသူဖြစ်ပြီး ကလေးငယ်များ၊ မသန်စွမ်းသူများ၊ ခြေလက်အင်္ဂါ ထိခိုက်ဆုံးရှုံးခဲ့သည့် စစ်ပြန်စစ်မှုထမ်းဟောင်းများကို ရေလွှာလျှောစီးရာတွင် ကူညီပေးလေ့ရှိသည်။

ရေလွှာလျှောစီး ဘုတ်ပြားပေါ်တွင် ဟန်ချက်ထိန်းညှိရန် ခက်ခဲနေသည့် အခြေအနေများတွင် ရစ်ကိုချတ် က အတူတကွ လိုက်ပါစီးနင်းရင်း လှိုင်းလုံးများကြား ပျော်ရွှင်စွာ ဖြတ်သန်းဆော့ကစားနိုင်အောင် ကူညီ ပေးခြင်းဟု ဆိုသည်။ ရစ်ကိုချတ်ကြောင့် ခန္ဓာကိုယ် ချွတ်ယွင်းချက်ရှိသူများအနေဖြင့် ရေလွှာလျှောစီးရာ တွင် မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးပွားလာပြီး စိတ်ချမ်းမြေ့ရကြောင်း ခွေးမလေး၏ ပိုင်ရှင်ဖြစ်သူ ဂျူဒီဖရီဒိုနိုက ပြောကြားခဲ့သည်။

ယခင်က ရစ်ကိုချတ်ကို လမ်းညွှန်ခွေးကလေးအဖြစ် ဦးစွာ လေ့ကျင့်ပေးခဲ့သော်လည်း ငှက်ကလေး များမြင်လျှင် လိုက်ဖမ်းတတ်သည့် အကျင့်ကြောင့် အဆင်မပြေခဲ့ချေ။ ထို့ကြောင့်လည်း ဖရီဒိုနိုက ရစ်ကိုချတ်ကို အခြားနည်းလမ်း တစ်ခုဖြင့် လူသားများကို အကူအညီပေးနိုင်အောင် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

သူမ၏ ခွေးကလေးသည် လှိုင်းစီးဘုတ်ပြားပေါ်တွင် ကျင်လည်လှသည့် ပင်ကိုပါရမီမျိုး ရှိနေကြောင်း အသေအချာ သိရှိလာသည့်နောက် ဖရီဒိုနိုသည် ရစ်ကိုချတ်၏ အရည်အချင်းကို အခြားသူများအတွက် မျှဝေပေးရန် ဆုံးဖြတ်ခဲ့သည်။

“ရစ်ကိုချတ်က အသံမပြုဘဲနဲ့ လူတွေရဲ့ အရိပ်အကဲကို နားလည်တတ်ပါတယ်။ သူနဲ့အတူတူ လှိုင်းစီးရတဲ့ အခါ လူတိုင်းရဲ့ စိတ်ထဲမှာ ပိုပြီး သက်တောင့်သက်သာ ခံစားမိကြတယ်လေ။ ရစ်ကိုချတ်နဲ့ အချိန်ကြာ ကြာ လှိုင်းစီးဖူးတဲ့အခါ ယုံကြည်မှုလည်း ပိုပြီး တိုးတက်လာကြတယ်”ဟု ဖရီဒိုနိုက ရှင်းပြခဲ့သည်။

ဖရီဒိုနိုက “ရစ်ကိုချတ်ဟာ လူတွေရဲ့စိတ်ကို ဖတ်ရှုနားလည်နိုင်တဲ့ အစွမ်းမျိုးလည်း ရှိတယ်။ သူ့ကိုမြင်တဲ့ လူတိုင်း တယုတယ မပွေ့ဖက်ဘဲ မနေနိုင်လောက်အောင်လည်း ချစ်စရာကောင်းတယ်လေ”ဟုလည်း သူမ၏ ခွေးကလေးကို ညွှန်းဆိုချီးကျူးသွားသည်။

_Ref: Dailymail






7Day Daily
No.419 Tuesday, June 24, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...