တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့် ငို၍ရယ်၍မရသော မျက်နှာများ



၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများ ၆-၆-၂၀၁၄ ရက် ည ၁၂ နာရီကျော်ပြီဆိုသည်နှင့် စာစစ်ဌာနအခြေခံ ပညာကျောင်းများတွင် စတင်ကပ်ကြတော့သည်။ ညဦးပိုင်း ကတည်းက စုရုံးရောက်ရှိနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပရိသတ်များ အချို့အိပ် ရေးပျက်ခံရ ကျိုးနပ်သွားကြ၏။ အချို့အိပ်ရေး ပျက်ပျက်ဖြင့် ခေါင်းငိုက်စိုက် ကျသွားကြသည်။ လက် ကိုင်ဖုန်း များသည်လည်း အလုပ်ပိုရှုပ်သွား၏။ သင်္ဃန်းကျွန်းမြို့နယ်ဘက်ရှိ အချို့ကျောင်းများတွင် ည ၁၁ နာရီ ခွဲကျော်ကတည်းက အောင်စာရင်းအဖြေကို သိနေကြသည်ဟုလည်း ဆိုသည်။

အချို့သောဘော်ဒါကျောင်းများနှင့် နေ့တက် ကိုယ်ပိုင်ကျောင်းများ သည်လည်း ယင်းနေ့ညနေကတည်း ကမည်သူအောင်သည်၊ မည်သူကျသည်ကို ကြိုသိနေခဲ့ရသည်ဆို၏။ ကြိုသိရန်ခက်ခဲပါသည် ဆိုသော တက္ကသိုလ်ဝင်တန်း အောင်စာရင်းကိစ္စသည် ယခင်နှစ်များကကဲ့သို့ ပိုက်ဆံပေး၍ အောင်စာရင်းမထွက် ခင်တစ်ပတ် ၁၀ ရက်အလိုကတည်းက ကြိုသိနှင့်ပြီးသားကျောင်းသား၊ ကျောင်းသူများလည်း ရှိနေ သည်ဟူသော အသံလည်းပေါ်ထွက်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ အောင်စာရင်းများကား ကြေညာ ထားသည့်အတိုင်း ထွက်ခဲ့ပါပြီ။

ယခုနှစ်အောင်စာရင်းထွက်ခြင်းသည် ငြိမ်ဆိတ်လွန်းသည်ဟု ခံစားမိသည်။ ညသန်းခေါင်ကျော်တွင် ထွက်ပေါ်ခဲ့သော အောင်စာရင်းကြောင့် ရန်ကုန်လမ်းမကြီးပေါ်တွင် အငှားယာဉ်များအပြေးအလွှား ဖြစ်သွားခဲ့သော်လည်း မြို့နယ်တော်တော်များများရှိ ရပ်ကွက်လမ်းများပေါ်တွင်တော့ ကျောင်းသားလူ ငယ်တို့အုပ်စုဖွဲ့လျှောက်သွားနေကြသည်မှအပ စကားသံများကတိတ်ဆိတ်လွန်းနေပါသည်။ မြင်မိ သောမြင်ကွင်းတစ်ခုကား ကျောင်းသားလေးများ ခုနှစ်ဦး၊ ရှစ်ဦးတစ်အုပ်စုသည် အိမ်ရှေ့မှဖြတ် လျှောက်သွားကြသည့်အခါ စကားလုံးဝမပြောနိုင်ကြဘဲ တစ်ဦးစ၊ နှစ်ဦးစသည် အီလေးဆွဲသော ခြေလှမ်းဖြင့်သွားနေသည်။ တစ်ယောက်သောသူကတော့ မော်တော်ကားနင်း၍ပြားချပ်နေသော ရေ သန့်ဘူးခွံကို တစ်လမ်းလုံး ဂလုံဂလုံဂလောက်ဂလောက်ဖြင့် ကန်ကျောက်လာသည်ကို တွေ့ရသည်။ ဤသည်မှာစာမေးပွဲကျခြင်း၏လက္ခဏာဖြစ်ကြောင်း ပေါ်လွင်နေပါသည်။ ယခုနှစ်အောင်စာရင်းတွင် ကျရှုံးသူများ၏ဟု အသံထွက်ပေါ်၏။ မည်သူ့မေးမေး ခေါင်းခါပြသူကများနေ၏။ နီးစပ်သူများ၏ သား၊ သမီးများ၏သတင်းဝင်လာလျှင်လည်း ကျကြသည်။ မနီးစပ်သူများ၏ သား၊ သမီးများသတင်း ကြားရ ပြန်တော့ကျကြသည်။ ကြိုးစားသူလည်း အကျစာရင်းထဲဝင်သွားသည်။ ပုံမှန်သမားလည်းကျသည်။ မနှစ်ကတစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၃၄ ဒသမ ၃၃ ရာခိုင်နှုန်းရှိခဲ့သည်။ ယခုနှစ်တွင် ရာခိုင်နှုန်း ၃၀ တောင်ပြည့်မည်မထင်ဟု မိဘတချို့ကသုံးသပ်ကြသည်။ ယခုနှစ်အောင်ချက်ရာခိုင်နှုန်းမကြာမီ ပေါ်ထွက်လာတော့မည် ဖြစ်ပေသည့်အကြမ်းဖျင်းမကြာမီ ပေါ်ထွက်လာတော့မည်ဖြစ်ပေသည့် အကြမ်းဖျင်းကတော့ အကျများနေသည်က ပေါ်လွင်နေပေသည်။

အောင်စာရင်းထွက်သည့် ညကြီးသန်းခေါင်တွင် တချို့သောမိဘများ (အထူးသဖြင့် မိခင်များ) ငို၍ ရယ်၍မရသောမျက်နှာဖြစ်သွားကြသည်ကို တွေ့လိုက်ရ၏။ စာမေးပွဲကျသူကျောင်းသူများနှင့်ရောကာ ငိုကြွေးနေသော မိခင်များကြားတွင် ငို၍ရယ်၍မရသော မျက်နှာပိုင်ရှင်မိခင်သည် တစ်မူထူးခြားနေ၏။ အောင်စာရင်းကြည့်၍ နာမည်ပါသည်ကိုတွေ့ရသောအခါ ရုတ်တရက်ပျော်သွားသည်။ ထို့နောက်အား ပါးတရပြုံးချလိုက်သည်။ ပြီးသော် အပြုံးမျက်နှာသည် အတည်မျက်နှာသို့ ချက်ချင်းပြောင်းသွားပြီး လူကြားထဲပြန်တိုးကာ နာမည်နောက်က ဘာများပါဦးမလဲဖြဲရှာသည်။ သို့သော်ဘာဘာသာမှ မပါ။ ဂုဏ်ထူးမထွက်၊ ရိုးရိုးသာအောင်သည်။ ထိုအခါတည်နေသော မျက်နှာမဲ့ရချေပြီ။ ဤလိုမိခင်များလည်း များများစားစားရှိနေသည်။ အဖြေခက်၊ အနေခက်ရပြီမို့ ရှက်နေသည့်သဘောဆောင်သောမျက်နှာကို ကွယ်ဝှက်ထားကာ အိမ်ပြန်လာကြသည်ကိုလည်း တွေ့ရသည်။ မှန်းချက်နှင့်နှမ်းထွက်မကိုက်လေ သော အောင်စာရင်းပါတကား။ ဂုဏ်ထူးသေချာပေါက်ထွက်ရမည်ဟု မှန်းထားပြီးကာမှ ရိုးရိုးသာ အောင်ခဲ့သော ဒုက္ခကိုပွေ့ပိုက်ကာ ပြန်လာရသောမိခင်များကဲ့သို့ပင် ဂုဏ်ထူးငါးဘာသာထွက်သည် ဟု ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အကြံအဖန်ဖြင့် ကြိုသိထားရသော မိခင်တချို့လည်း တကယ်သွား ကြည့်သောအခါ ဂုဏ်ထူးသုံးဘာသာပါလာသဖြင့် ရှက်ရှက်ဖြင့် အိမ်ပြန်လာရခြင်းမျိုးလည်း ရှိခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဆိုခင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဟူသည် နတ်ကြီးသည်၊ နတ်မကြီးပါ၊ ကျောင်းသား၊ မိဘ၊ ဆရာပူးပေါင်းကာ စနစ်တကျပြင်ဆင်ကာ အောင်ပန်းကိုဆွတ်ခူးရ မည်။ ဘာဖြစ်သည်၊ ညာဖြစ်သည်ဆိုပြီး မီဒီယာများတွင် ပညာရေးအရာရှိများ၊ ပညာရှင်များနှင့် ကျူ ရှင်ဆရာကြီးများက စကားစစ်ထိုးသောဆောင်းပါးများ ဖော်ပြလိုက်ကြသေးသည်။

သို့သော် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် ရင်မောရသောကိစ္စဖြစ်သည်ကိုတော့ တစ်ပြည်လုံးရှိမိဘ တိုင်း လက်ခံကြသည်။ ကာယကံရှင်ကျောင်းသား၊ ကျောင်းသူများကတော့ ဘဝ၏ဒုက္ခအစိုင်အခဲတုံး ကြီးကို မနိုင်ရင်ကာဝါးမျိုခဲ့ရသည်ဟု ဆိုနေကြသည်။ မိဘများသည်လည်း တက္ကသိုလ်ဝင်တန်းကိစ္စ ရင်မောရခြင်းနှင့်အတူ ဒုက္ခပေါင်းစုံက ဘက်စုံထောင့်စုံဝင်ဆောင့်ခြင်းခံခဲ့ရသည်။ ကျောင်းသားသည် လည်းမိဘကပေးသောဖိအား၊ ကျောင်းကပေးသောဖိအား၊ ဆရာပေါင်းစုံကပေးသောဖိအား၊ စာအုပ် ပေါင်းစုံ၊ အထူးထုတ်ပေါင်းစုံကပေးသောဖိအား၊ မေးခွန်းပေါင်းစုံကပေးသော ဖိအား၊ အောင်ရမည်၊ ဂုဏ်ထူးထွက်ရမည်ဟူသော တစ္ဆေခြောက်လှန့်ခံရမှုဖိအားများကြောင့် စာမေးပွဲမဖြေခင်ကတည်းက ပြားနေခဲ့ရသည်။ ယခုအောင်စာရင်းထွက်၍ကျသောအခါ၊ ရိုးရိုးပဲအောင်သောအခါ၊ ဂုဏ်ထူးတစ်ဘာ သာပဲပါသောအခါ၊ ဂုဏ်ထူးငါးဘာသာမပါသောအခါ ပြားပြားဖြင့်ဖြေခဲ့ရသော ကျောင်းသားထပ်၍ ထပ်ကာပြားပြားလာရကာ အရုပ်ကြိုးပြတ်လဲကျရှာရပါတော့သည်။

ဟုတ်ပါသည်။ ယုံချင်ယုံ၊ မယုံချင်နေပြောတော့ ပြောရပါမည်။ ဟိုးရှေးရှေးတုန်းက တက္ကသိုလ်ဝင် တန်းအောင်စာရင်းထွက်ပုံမျိုးနှင့် ယခုအောင်စာရင်းထွက်ပုံမျိုး မတူတော့ပါချေ။ လုံးဝခြားနားပြောင်း လဲသွားခဲ့ပေပြီ။ ဟိုရှေးရှေးတုန်းက မြို့နယ်တစ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်သူ ဆယ့်လေး၊ ငါးဦးသာရှိသည်။ တက္ကသိုလ်ဝင်တန်းအောင်ပြီဆိုလျှင် ကျွမ်းဆယ်ပြန်ထိုးပြီး အော်ဟစ်ခုန်ပေါက်ပျော် မြူးခဲ့သည်။ ယခုတက္ကသိုလ်ဝင်တန်းအောင်သည်။ ပျော်သည်ကိုလည်း မတွေ့ရ။ ခုန်ပေါက်မြူးတူး ခြင်းလည်းမရှိ၊ မအီမသာမျက်နှာများနှင့် ရှုံးတာကမှကောင်းသေးသည်ဟူသော သဘောကိုဖော်ပြနေ သည်။

ဘယ်နှယ်ပါလိမ့်၊ အောင်သည်ကိုပျော်စရာဟုမထင်ကြတော့ပြီလော။ စောကြောကြည့်ပါမည်။ ယခု တက္ကသိုလ်ဝင်တန်းအောင်ခြင်း၊ ရှုံးခြင်း၊ ဂုဏ်ထူးထွက်ခြင်း၊ မထွက်ခြင်း၊ ဂုဏ်ထူးအရနည်းခြင်း၊ များခြင်းကိစ္စများသည် စီးပွားရေးဆန်နေသည်။ စီးပွားတွက် တွက်နေကြသည်။ စီးပွားရေးလုပ်သလို ရင်းနှီးမြှုပ်နှံသည်၊ အမြတ်နည်းသည်၊ အမြတ်များသည်၊ အရှုံးပေါ်သည်ဆိုသည့်အပေါ်တွင် လုံးလုံး တည်မှီနေသည်ကို သွားတွေ့ရသည်။

ရှင်းပြပါမည်။ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးကို ပိုင်ဆိုင်ထားသော မိဘသည်ထိုကျောင်းသား ကို အစိုးရအထက်တန်းကျောင်းတွင် ထားရိုးထားစဉ်အတိုင်းထားမည်လား၊ ထားမည်ဆိုလျှင် တက္က သိုလ်ဝင်တန်းအောင်ဖို့ အစိုးရကျောင်းက ဆရာ၊ ဆရာမများ၏ သင်အားဖြင့်မလောက်လောက်အောင် လည်း သင်မပေးနိုင်၊ သီတင်းကျွတ်တန်ဆောင်တိုင်ဆိုလျှင် စာမသင်တော့၊ ကျောင်းသားတွေလည်း ကျောင်းမတက်ကြတော့၊ သည်တော့ ပြင်ပကျူရှင်ယူကိုယူရတော့မည်။ ပြင်ပကျူရှင်ဆိုလျှင် ခြောက် ဘာသာသင်သော ဆက်ရှင်တန်းတက်မည်လား၊ ဆက်ရှင်တန်းဆိုလျှင်လည်း ရိုးရိုးဆက်ရှင်၊ အထူး ဆက်ရှင်၊ ထူးထူးရှယ်ဆက်ရှင်တန်းဟူ၍ ရှိသည်။ ကျူရှင်ကြေးတစ်လ တစ်သောင်းကျပ်မှ ကျပ်သုံး သောင်း၊ ကျပ်ငါးသောင်းမှ ကျပ်ရှစ်သောင်းထိရှိသည်။ ထိုထိုသောဆက်ရှင်တန်းများကကော တက္က သိုလ်ဝင်တန်းအောင်ဖို့ စိတ်ချရပြီလား၊ စိတ်မချရသေးပါ။ စာမေးပွဲနီးကပ်လာသော လေးငါးလခန့်အ ကြာတွင် ခြောက်ဘာသာကို အနီးကပ်ပို့ချလေသော ဝိုင်းသင်ကြားခြင်းက ရှိပြန်ပါသေးသည်။ တစ်ဝိုင်းကိုငါးဦးမှ ဆယ်ဦး၊ အချို့ဆယ့်ငါးဦးထိဝိုင်းကြရသည်။ ယင်းဝိုင်းများတွင် ပြန်လည်သင်ကြား ခြင်းနှင့်စာမေးပွဲအတွက် ပြင်ဆင်ခြင်း၊ မေးခွန်းဟောင်းများကိုဖြေဆိုပုံ သင်ကြားပို့ချပေးခြင်းနှင့် စပေါ့တ်ဟုခေါ်သော ခန့်မှန်းမေးခွန်းထုတ်ကာ သင်ကြားခြင်းတို့ကို သင်ကြားပို့ချပေးသည်။

ခြောက်ဘာသာသင်ကြားပေးသော ဝိုင်းများတွင်အခကြေးငွေ အနည်း၊ အများအလိုက် သင်ကြားသော ဆရာကြီး၊ ဆရာမကြီါ်များကလည်း တက္ကသိုလ်အငြိမ်းစား ပါမောက္ခကြီးများ၊ ဌာနမှူးကြီးများ၊ ကထိ ကကြီးများ သင်ကြားပေးကြခြင်းဖြစ်သည်။ ဤလိုဝိုင်းကြီးမျိုးတွင် နည်းပြဆရာဟောင်းများအသာ ထား၊ လက်ထောက်ကထိကများပင် မပါဝင်။ ကြေးကလည်းကျောင်းသားတစ်ဦး တစ်လကျပ်တစ် သိန်းရှစ်သောင်း သို့မဟုတ် နှစ်သိန်းမှစပေးရသည်။ ဆရာကြီးများသည်လည်း တစ်ဘာသာတစ်လ ကျပ်သုံးသောင်းလောက်တော့ အောက်ထစ်ယူမည်ပင်။ ကျပ်တစ်သောင်းဟူသော မြန်မာ့ငွေကြေး သည်ဘာများ အသုံးခံပါသနည်း။

သို့ဖြစ်၍ အစိုးရကျောင်းတက်သော တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးသည် အပြင်ကျူရှင်ဆက် ရှင်တန်းတစ်ခုနှင့် အနီးကပ်ဝိုင်းတစ်ခု တက်ထားမှသာ တက္ကသိုလ်ဝင်တန်းကို ကျော်ဖြတ်နိုင်မည်။ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ရသော်လည်း ဂုဏ်ထူးထွက်ဖို့မသေချာ၊ ကံမပါလျှင် ကျချင်လည်းကျ သွားနိုင်သည်။ ကံမကောင်းခြင်းဆိုသည်မှာ အထက်ဆရာ၊ အောက်ဆရာ၊ ယတြာ၊ အုန်းပွဲ၊ ငှက်ပျော ပွဲစသည့်ကမ္ဘီရကိစ္စများလည်း ရှိသေးသည်။ ထို့ကြောင့် ဂုဏ်ထူးထွက်ရမည်။ ဆေးတက္ကသိုလ်ဝင်ရ မည်ဟူသော ကြုံးဝါးချက်မျိုးဖြင့် တက္ကသိုလ်ဝင်တန်းကို ပြင်ဆင်ရသောမိဘသည် အစိုးရကျောင်း ဆက်ရှင်တန်း၊ ဝိုင်းတို့လောက်ဖြင့် မလုံလောက်တော့ဘဲ နှစ်စကတည်းက နီးစပ်ရာကျောင်းသား၊ ကျောင်းသူငါးဦးလောက်ကိုသာ စုစည်းပြီး ဝိုင်းတကာ့ဝိုင်းထဲတွင် နာမည်အကြီးဆုံး အငြိမ်းစား ဆရာ ကြီး၊ ဆရာမကြီးများကို စိတ်ကြိုက်ရွေးချယ်ကာ သီးသန့်ဝိုင်းတစ်ဝိုင်းဖွဲ့ကြသည်။ ကျောင်းသားတစ်ဦး တစ်လကျပ်နှစ်သိန်း၊ သုံးသိန်းမှစပေးကြသည်။ စာမေးပွဲနီးလျှင် ဝိုင်းကဆရာကြီး၊ ဆရာမကြီးများ အပြင် ပူပူနွေးနွေးခြောက်ဘာသာ၊ ငါးဘာသာဂုဏ်ထူးရှင်အချို့ကိုခေါ်ပြီး တစ်ဘာသာချင်း အနီးကပ် ကြီးကြပ်ကာ စာဝိုင်းကျက်ပေးခြင်းအလုပ်လုပ်ခိုင်းစေသည်။ ကျောင်းသားတစ်ယောက် တစ်လကျပ် တစ်သိန်းပေးရသည်။ ဤသည်ကအစိုးရကျောင်းတက်သော တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦး ၏ တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ကုန်ကျစရိတ်များဖြစ်သည်။ ဤသည်မှာ လျှော့တွက်ထားခြင်းဖြစ် သည်။

အစိုးရကျောင်း အားမကိုးသူ မိဘများကတော့ နှစ်စကတည်းက တစ်နှစ်စာ ကုန်ကျစရိတ်ကိုတွက် ချက်ပြီး ကျူရှင်စရိတ်၊ ဝိုင်းစရိတ်၊ ဂိုက်စရိတ်အားလုံးပေါင်း တစ်နှစ်စာ (၁၀ လစာ) သိန်း ၂၀ ကုန်မည် ဆိုလျှင် ထမင်းစရိတ်၊ ကျန်းမာရေးစရိတ်၊ မုန့်ဖိုး၊ အဝတ်အစားဖိုးများပေါင်းပြီး အားလုံး ကျပ်သိန်း ၃၀၊ ၄၀ ကျမည်ဖြစ်၍မထူးတော့ပါ။ ဘော်ဒါသာထားတော့မည်ဟုတွက်ပြီး ခပ်ပေါပေါ ၃၅ သိန်းတန် ဘော်ဒါမှ သိန်း ၆၀၊ ၇၀၊ ၈၀ ဘော်ဒါအထိ ဈေးညှိကာထားပစ်လိုက်ကြတော့သည်။ အေးရော။

ဤသည်တို့ကို ရေးပြနေရခြင်းမှာ တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ယောက် တက္ကသိုလ်ဝင်တန်း ဟုဆိုသောနတ်ကြီးပါသည်ဟုဆိုသော တက္ကသိုလ်ဝင်တန်းအောင်မြင်ရေးအတွက် မဖြစ်မနေကုန်ကျရ မည့်ရန်ကုန်မြို့၏ ကုန်ကျစရိတ် ဖြစ်နေပါသည်ကို ပေါ်လွင်စေချင်၍ဖြစ်သည်။ ဤမျှကုန်ကျခံရပြီးပါ သော်လည်း အောင်စာရင်းထွက်သောအခါ အချို့ကျပါသည်။ အချို့အောင်ရုံသာအောင်သည်။ အချို့ ဂုဏ်ထူးမှန်းထားသလောက် မထွက်ဖြစ်ကြရသည်။ ထို့ကြောင့်မိဘများငို၍ရယ်၍မရသော မျက်နှာများ ဖြစ်ကြရသည်။ မိဘများသည်အချိန်အား၊ လူအား၊ ငွေအားများစိုက်ထုတ်ရင်းနှီးသလောက် အထိုက် အလျောက် အကျိုးပြန်ခံစားချင်ကြသည်။ မကုန်မဖြစ်ကုန်ရခြင်းအပေါ် ဒုက္ခကြီးစွာ ခံစားရသလို ငွေရင်းထားသလောက် ဂုဏ်ထူးမပါ (အမှတ်မများ) ခြင်းအပေါ် ဒုက္ခပင်ပန်းဆင်းရဲကြီးစွာ သောက ပရိဒေဝ ခံစားရသည်။

အောင်စာရင်းထွက်သည့်ညက ဂုဏ်ထူးငါးဘာသာမှန်းထားပြီး ဆေးတက္ကသိုလ် အမှတ် ၅၂၀ ကျော်ရမည်ဟု မှန်းထားသူ လေးဘာသာဂုဏ်ထူး၊ သုံးဘာသာဂုဏ်ထူးထွက်လာ၍ မအေရောသမီးပါ ကျောင်းအုတ်တံတိုင်းအကွယ်မှာ ကြူကြူပါအောင် ငိုနေသည်ကိုတွေ့ခဲ့ရသည်။ ဂုဏ်ထူးသုံးဘာသာ ဖြင့် ဆေးတက္ကသိုလ်ဝင်ရန်မဖြစ်နိုင်၊ သူတို့ခမျာဂုဏ်ထူးသုံးဘာသာထွက်အောင် ကျပ်သိန်းပေါင်းမည် မျှကုန်ကျခဲ့ရလေသနည်း။ ထို့ပြင် သူတို့ဝိုင်းက အငြိမ်းစားဆရာမကြီးတစ်ဦးကလည်း ငါးဘာသာ မထွက်တော့လည်း ဘာဖြစ်လဲဟုနှစ်သိမ့်သံကြားရ၏။ မိဘတစ်ဦးကတော့ သူတို့ဝိုင်းက ငါးဘာသာ ထွက်ရမည်ဟု ကြွေးကြော်ထားတာ၊ နောင်နှစ်တော့ ငါးဘာသာဂုဏ်ထူးရှင်ကို မွေးထုတ်နိုင်တဲ့ ဝိုင်းလို့ မကြော်ငြာနိုင်တော့ဘူးဟု မေးငေါ့ပြောပြောနေသံလည်း ကြားရသည်။ ဤတွင်အောင်စာရင်းထွက် သည့်ညကို ရပ်နားလိုက်ပါပြီ။ တက္ကသိုလ်ဝင်တန်းဟူသည် စီးပွားရေးဆန်ဆန် တွက်ချက်နေရသည် လား။ စီးပွားရေးလုပ်ခင်းလုပ်ကွက်ကြီးလား သို့မဟုတ် နှစ်ခုစလုံးများလားဟု တွေးနေမိပါသည်။ တက္ကသိုလ်ဝင်တန်းကျသူ ပိုင်ရှင်မိဘကတော့ နောင်နှစ်အတွက် ကျပ်သိန်း ၂၀ နီးပါးထပ်ရှာထားရပါ ဦးမည်။ ။ 


စံတော်ချိန်သတင်းစာ
ဇွန် (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...