ကျောင်းအပ်နှံရေး အစီအစဉ်နှင့် ဆင်းရဲနွမ်းပါး ကလေးများအရေး



ဒသမအကြိမ်လွှတ်တော်များ ပုံမှန်အစည်းအဝေးစတင်နေပါပြီ။ စစချင်းနေ့ မေ ၂၈ ရက်မှာပင် ပြည် ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပသည်။ ယင်းအစည်းအဝေးနေ့တွင်ပင် ပညာရေးဝန်ကြီးဌာန ကကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၂၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော်က သဘောတူခွင့်ပြုခဲ့သည်။

ပညာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးယူရေးကိစ္စနှင့်စပ် လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြည်ထောင်စုလွှတ်တော် သို့ ရှင်းလင်းတင်ပြရာတွင် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာလုပ်ငန်းများကို ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး အခြေခံ ပညာကျောင်းအဆင့်အထိ ဆောင်ရွက်ခွင့်ပေးသည့် စီမံကိန်းကိုအကောင်အထည်ဖော်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းများတွင် ကျောင်းထောက်ပံ့ကြေးများ ချီးမြှင့်ရေးအစီအစဉ်၊ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ရေး စမ်းသပ် အစီအစဉ်နှင့် မူလတန်းအောက်အဆင့်ကလေးများ၏ စာဖတ်စွမ်းရည်စစ်ဆေးအကဲဖြတ်သည့် သုတေ သနလုပ်ငန်းအစီအစဉ်တို့ ပါဝင်ကြောင်း၊ ကမ္ဘာ့ဘဏ်က အိုင်ဒီအေခရက်ဒစ်ပေးထားသော အမေရိ ကန်ဒေါ်လာသန်း ၈၀၊ သြစတြေးလျ ကူညီရေးအစီအစဉ်က ပေးထားသောဒေါ်လာသန်း ၂၀ ပေါင်း ဒေါ်လာသန်း ၁၀၀ ဖြင့်ပညာရေးဝန်ကြီးဌာနက ပညာရေးကိစ္စများ အကောင်အထည်ဖော်ရာတွင် ဗဟို ချုပ်ကိုင်မှုလျှော့ချပြီး အခြေခံပညာကျောင်းအဆင့်အထိ ဆောင်ရွက်ခွင့်ပေးမည့်စီမံကိန်းများကို ထိထိ ရောက်ရောက်ဆောင်ရွက်ပါက အခြေခံပညာအဆင့်တွင် ကျောင်းနေအရွယ်ကလေးတိုင်း အရည်အ သွေးရှိသည့်ပညာရေးကို သင်ယူနိုင်ရန် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်၍ နိုင်ငံတော်အတွက် အရေး ပါသောလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်မည်ဖြစ်ကြောင်း လွှတ်တော်သို့ရှင်းလင်းတင်ပြပါ သည်။

ထိုအခါလွှတ်တော်သည် ပညာရေးဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၂၀ ချေးယူမည့်ကိစ္စကို သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများ၌ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ကျောင်းများသို့ ထောက်ပံ့ကြေးပေးနိုင်တော့မည်။ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူကလေးများကိုလည်း စာတော်လျှင် တော်သည့်အလျောက် ပညာသင် ထောက် ပံ့ကြေး ချီးမြှင့်ပေးနိုင်တော့မည်ဟု ခန်းမှန်းရပါသည်။ ယင်းသို့ထောက်ပံ့ကြေးများသည် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းအားလုံးသို့ အကုန်စီးဆင်းနိုင်မည်လားဆိုသည်ကတော့ ခန့်မှန်း ရခက်ပါသည်။ ဒေါ်လာသန်း ၂၀ ဟူသည်တစ်နိုင်ငံလုံး ကျောင်းများအားလုံးသို့ နှံ့စပ်နိုင်လိမ့်မည် မထင်။ သို့သော် ထောက်ပံ့ကြေးမပေးနိုင်သည်နှင့်စာလျှင် တော်ပါသေးသည်ဟု တွက်မိပါသည်။ ကြို လည်းကြိုဆိုပါတယ်။

လွှတ်တော်အစည်းအဝေးများနှင့် အပြိုင်အဆိုင်တစ်ဖက်တွင်လည်း တစ်နိုင်ငံလုံးရှိကျောင်းနေအရွယ် ကလေးတိုင်းကျောင်းအပ်နှံရေး အထူးဆော်သြနေသည်ကို တွေ့ရ၏။ အစိုးရသတင်းစာများတွင် နေ့စဉ်ရက်ဆက်မပြတ် လှုံ့ဆော်ပေးနေသည်။ ကျောင်းအပ်နှံနိုင်ရေးကို စည်းရုံးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးကို နှစ်စဉ်နှစ်တိုင်းထုံးစံအတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ပြီး ပညာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက စည်းရုံးလှုပ်ရှားမှု အသွင်ဖြင့်ဆောင်ရွက်နေသည်ဟုဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် ဤကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး စည်းရုံးလှုပ်ရှားရာ တွင်အမျိုးသားရေး လှုပ်ရှားမှုအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်သူအားလုံးဝိုင်းဝန်းပါဝင်ကူညီ ဆောင်ရွက်ပေးကြပါရန်ကိုလည်း မေတ္တာရပ်ခံထားသည်။ အမျိုးသားရေးလှုပ်ရှားမှုဆိုသည်မှာ တစ် ပြည်လုံးရှိလူတိုင်း စာတတ်မြောက်ရမည်ဟူသော အမျိုးသားရေးရည်မှန်းချက်ဟု ဖော်ပြထားသည်။ လူတိုင်းစာတတ်မြောက်ရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း စဉ်ကိုသွားပြီးအပံ့အပိုးဖြစ်စေနိုင်ရေးအထိ ချိတ်ဆက်ထားခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အမျိုး သားရေးလှုပ်ရှားမှုဖြစ်သည်၊ ပြည်သူအားလုံးဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ကြရန် မေတ္တာရပ်ခံထား ခြင်းဖြစ်သည်ဟု နားလည်မိပါသည်။

ယင်းကဲ့သို့ကျောင်းအပ်နှံရေးကိစ္စသည် ယခင်နှစ်များကလို ကျောင်းပြန်ဖွင့်ရန် တစ်ပတ်အလိုတွင် ထုံးစံ အတိုင်းကျောင်းသား၊ ကျောင်းသူအဟောင်း၊ အသစ်များကျောင်းသွားအပ်ခြင်းကိစ္စဖြင့် ပြီးစီးသည့် သာမန် ကာလျှံကာ ကိစ္စမဟုတ်တော့ဘဲ ယခုပညာသင်နှစ်တွင်မှ ထူးခြားလာသည်မှာ အမျိုးသား ရေးလှုပ်ရှားမှု သဘော၊ လူတိုင်းစာတတ်မြောက်ရေး ရည်မှန်းချက်သဘော၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့်ဆင်းရဲနွမ်းပါး မှု လျှော့ချရေးသဘောတို့ ဆောင်လာသည်မှာ သည်နှစ်၏ထူးခြားချက် ဖြစ်သည်ဟု မြင်မိပါသည်။

ပညာရေးဝန်ကြီးဌာနက ယခုပညာသင်နှစ်မှစတင်ကာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့ အားတစ်ပြားမှမပေးရသော အခမဲ့ပညာသင်ရေးကို မိဘပြည်သူများက အထိုက်အလျောက်ကျေနပ် ကြသည်ဟု ပြောကြပါသည်။ လူတိုင်းစာတတ်မြောက်ရမည်ဟူသော ရည်မှန်းချက်ထားသည်ကိုလည်း သဘောတွေ့နေကြသည်။ နွေရာသီကာလတုန်းက ‘အ’ သုံးလုံးသင်တန်းများ ဒေသအချို့တွင် ပြုလုပ် သွားနိုင်သည်ကိုလည်း သာဓုခေါ်နေကြပါသည်။ နောင်နှစ်နွေရာသီတွင် ဒေသတော်တော်များများ၌ ‘အ’ သုံးလုံးသင်တန်းများ တိုးချဲ့ဖွင့်ပေးနိုင်ရေးကိုလည်း ဆန္ဒရှိနေကြပါသည်။

ပြောရလျှင် စာမတတ်သေးသော၊ တတ်ခဲ့သော်လည်း ပြန်မေ့သွားသော စာမတတ်တတတ် မိဘတော် တော်များများသည် ကိုယ်တိုင်လည်းစာတတ်ချင်ကြသည်။ မိမိတို့သားသမီးကလေးတွေကိုလည်း ကျောင်း ထားချင်ကြပါသည်။ ထို့ကြောင့် ‘အ’ သုံးလုံးသင်တန်းဟူသော အသံကြားလျှင်လည်း တက် ချင်ကြသည်။ ကျောင်းဖွင့်ရာသီကျောင်းအပ်နှံချိန်ရောက်ပြီဆိုလျှင်လည်း ကလေးများကို ကျောင်းထား ချင်နေကြပါသည်။ ယင်းသို့မိဘများ တောကျေးလက်တွင် များစွာများစွာရှိနေပါသည်။ မြန်မာတစ်ပြည် လုံးအတိုင်းအတာနှင့် ဆိုလျှင် စာမတတ်သေးသော မိဘများ၊ ကျောင်းမနေဖူးသောကလေးများ၊ ကျောင်းပြန်မအပ်နိုင်သေးသော ကလေးများမြောက်များစွာရှိနေပါသည်။ ထို့ပြင်မိဘမဲ့လမ်းပေါ်ရောက် လေလွင့်ကလေးများလည်း များစွာ ရှိနေပါသည်။ နေ့စဉ်လည်းမြင်တွေ့နေရပါသည်။ ထိုကလေးများ အတွက် စာတတ်နိုင်ရေး အစီအစဉ်များ လက်မဲ့ဖြစ်နေသည်။

ပညာရေးဝန်ကြီးဌာန၏ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်သော ကျောင်းအပ်နှံရေးအစီအစဉ်ကို ပြန် ကောက်ပါမည်။ ပညာရေးဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း ပြီးကျောင်းအပ်နှံရေး စည်းရုံးလှုပ်ရှားမှုကို ရည်ရွယ်ချက်ငါးချက်ဖြင့် ဆောင်ရွက်နေကြောင်း ဖော်ပြ ချက်အရသိရသည်။ ယင်းရည်ရွယ်ချက်များထဲတွင် ‘ကျန်းမာရေးအရဖြစ်စေ၊ လူမှုစီးပွားရေးအရဖြစ်စေ ကျောင်းအပ်နှံနိုင်ခြင်းမရှိသော မိဘများကိုတွေ့ဆုံ၍ အခက်အခဲနှင့်အချက်အလက်များကောက်ယူပြီး ကျောင်းပြင်ပပညာရေး အစီအစဉ် (Non-formal Education) များရေးဆွဲနိုင်ရေး’ ဟူသည့်အချက်ပါ ဝင်သည်ကိုတွေ့ရသည်။ ဆိုလိုသည်မှာ ကျန်းမာရေးကြောင့်၊ စီးပွားရေးအခက်အခဲကြောင့် ကျောင်း မအပ်နိုင်သော၊ ကျောင်းမတက်နိုင်သော ကလေးများကိုကျောင်းပြင်ပပညာရေး အစီအစဉ်တစ်ခုခုဖြင့် စီစဉ်ပေးမည်ဟူသော သဘောရှိသည်ဟုနားလည်ရပါသည်။

ဤတွင်ငွေကြေးအခက်အခဲကြောင့် ကျောင်းမအပ်နိုင်၊ ကျောင်းမနေနိုင်သော ဆင်းရဲနွမ်းပါးကလေး များကို ကျောင်းပြင်ပပညာရေးအစီအစဉ်တစ်ခုခု ဆွဲပေးမည်ဟုရည်ရွယ်ထားသည်ထက် ပညာရေးဝန် ကြီးဌာနက ၎င်းကလေးများကို အစစအရာရာ အကုန်ကျခံကာ အခြေခံပညာအဆင့်ကို တန်းကုန် အောင် သင်ကြားပေးမည်ဆိုလျှင် ပိုကောင်းမည်လားဟု တွေးမိပါသည်။

ဤရာသီဤကာလ ကျောင်းအပ်ချိန်ကျပြီဆိုလျှင် မိမိကလေးများကို ကျောင်းကလေးမှ မထားနိုင်ရ လောက်အောင် ဆင်းရဲတွင်းနက်နေသော မိဘအချို့သည် ကျောင်းစိမ်းဝတ်စုံဆင်မြန်းကာ ကျောင်း သွားအပ်နေကြသော မိသားစုကိုမကြည့်ရက်၊ မမြင်ရက်၊ မခံစားနိုင်ရက်၍ ချောင်ကွယ်တွင် တိတ်တခိုး မျက်ရည်ကျနေရသော အဖြစ်မျိုးများရှိနေပါသည်။ ကြားနေရပါသည်။ ဝေးဝေးပြေးရှာစရာမလို၊ သည် ရန်ကုန်မြို့တော်ကြီး၏ ဆင်ခြေဖုံးအရပ်ဒေသအချို့တွင်ပင်ရှိနေကြောင်း သိရပါသည်။ မိဘက ဤသို့ ခံစားကြေကွဲမျက်ရည်ဝဲရသည်တင်ပဲလား။ သူတို့၏သားသမီးကလေးများသည်လည်း ကျောင်းသွားအပ် သည့်ကလေးအချင်းချင်းကိုကြည့်ကာ မျက်နှာညှိုးငယ်စွာဖြင့် အိမ်ပြန်ပြေးလာပြီး အမေ့ကို ရန်ပြန်လုပ် သည်များလည်း ရှိနေပါသည်။ သူတို့လည်းကျောင်းတက်ချင်ကြပါသည်။ စာတတ်ချင်ကြပါ သည်။ ဂိမ်းကစားတတ်ချင်ကြပါသည်။ ကျောင်းကအပေါင်းအသင်းများနှင့် ရယ်ရယ်မောမော ပျော် ပျော်ရွှင်ရွှင် လူရာဝင်ချင်ကြပါသည်။ အမေ့ကိုပြောလျှင် ခေါင်းအခေါက်ခံရသည်သာ အဖတ်တင်မည် ဖြစ်ပြီး နောက်ဆုံးမှာတော့ အမေပြောသည့် ဘဘကျောင်းသို့သာ သွားရတော့မည်ထင်ပါသည်ဟု သူတို့ပြော ကြပါသည်။

အချို့က ‘ကျောင်းအပ်တာများ ဘာကုန်တာလိုက်လို့၊ ဒီနှစ်မှာအစီအစဉ်ကောင်းလာပြီ၊ ကျောင်းသာ သွားအပ်၊ ဗလာစာအုပ်နဲ့ပုံနှိပ်စာအုပ်တွေ အလကားပေးနေတယ်၊ ဘာကြေးညာကြေးမှလည်း မ ကောက်တော့ဘူး’ ဟုပြောနေကြသည်။ သို့သော်မရှိဆင်းရဲသားများအဖို့ ကျောင်းအပ်ရသည်မှာ အခမဲ့ ပညာရေးစနစ်ကြောင့် လွယ်ပေမယ့်ကျောင်းထားရေးကိစ္စကတော့ ခက်ပါသည်။ အစိုးရကျောင်းတွင် ကျောင်းသားတစ်ယောက် ကျောင်းထားပြီဆိုလျှင် သူများသားသမီးများနည်းတူ ကျောင်းဝတ်စုံသစ် သစ်လွင်လွင် ဆင်ပေးရမည်၊ ကျောပိုးအိတ်တူတူတန်တန် ဝယ်ပေးရမည်၊ ထမင်းဘူး၊ မုန့်ဘူး၊ ရေဘူး ထည့်မပေးနိုင်လျှင် မုန့်ဖိုးလောက်တော့ ထည့်ပေးနိုင်ရမည်။ မုန့်ဖို့ဟူသည်ကား ကျပ် ၅၀ လား၊ ကျပ် ၁၀၀ လား မရတော့ပါ။ အနည်းဆုံး ကျပ် ၂၀၀ ပါမှဖြစ်မည်။ ဆင်းရဲသားများအဖို့ ကျပ် ၂၀၀ ဟူသည် ညနေဟင်းရွက်ကြော်တစ်ခွက် သို့မဟုတ် ငါးပိရည်ကျိုတစ်ခွက်ရသည်။ ပညာသင်နှစ်တစ်နှစ်စာသည် အနည်းဆုံးကိုးလသာသာဖြစ်၍ နေ့စဉ်ကျောင်းတက်သောကျောင်းသားကိစ္စကို သယ်ထမ်းရသည်က မလွယ်။ ကျောင်းသားတစ်ယောက်ဖြင့်တောင် တစ်နှစ်စာတနင့်တပိုးဖြစ်နေလျှင် နှစ်ယောက်၊ သုံး ယောက်ဆိုလျှင် ပိုဆိုးပြီ။ ဒါတောင်ကျူရှင်စရိတ်မပါသေး။ သည်လိုနှင့်ဆင်းရဲသားသမီးများ လေး၊ ငါးတန်းလောက်ဖြင့် ကျောင်းဆက်မထားနိုင်ကြတော့ကာ မိသားစုဝမ်းစာကို ရှာဖွေရသောကလေး အလုပ်သမားကလေးများ စောစောစီးစီးဖြစ်သွားကြရပါတော့သည်။

သည်နေရာတွင် ‘ပညာလိုချင်သည့်ကောင်က အိမ်ကမတတ်နိုင်လည်း ကျားကုတ်ကျားခဲကြိုးစား သည်’ ဟူသော ရေဒီယိုဇာတ်လမ်းပမာမျိုးချိုး၍မရနိုင်ပါ။ ဇာတ်လမ်းကဇာတ်လမ်း၊ လက်တွေ့ဘဝက လက်တွေ့ ဘဝပင်ဖြစ်သည်။ တကယ်တမ်းငတ်လာလျှင် ပညာဆိုသည်မှာ၊ စာသင်ကျောင်းဆိုသည် မှာဒေသထွက် စရာ သင်္ကေတဖြစ်လာပါသည်။ မိမိဘဝကိုလည်း နာကြည်း၊ မိဘကိုလည်းနာကြည်း၊ လောကကြီးကို လည်း နာကြည်းသည်။ သို့ဖြင့်မကျေနပ်ချက်များ ပေါင်းစုထားသော လူဆိုးကလေး၊ လူပေကလေး၊ လူတေကလေးများဖြစ်နေကြရသည်။ သို့ဖြင့်တူရာတူရာစုမိပြီး ဂိုဏ်းဖွဲ့သည်၊ လမ်းပေါ် ရောက်သွား သည်။ မြင်မြင်သမျှလူတွေကို မုန်းတီးသွားသည်။

ပညာရေးသည် အရေးကြီးမှန်းအားလုံးသိပါသည်။ ဆင်းရဲချမ်းသာ လူတန်းစားမရွေးသိသည်။ သိပင် သိငြား ‘မရှိလို့မလှူ။ မလှူလို့မရှိဟူသော အောက်ကလိအာစကား’ သဖွယ်ဆင်းရဲ၍ ကျောင်းမတက် နိုင်၊ ကျောင်းမတက်နိုင်၍ စာမတတ်၊ စာမတတ်၍ ဆင်းရဲဟူသော သံသရာဝဲသြဃကြီးကလည်း လည်နေပါ သည်။ လည်နေမှန်းကိုလည်း အစိုးရအဆက်ဆက်က သိခဲ့သည်။ အလည်ရပ်အောင်နည်း အမျိုးမျိုးဖြင့် လုပ်ခဲ့ကြသည်။ သို့သော်အလည်မရပ်။ လည်မြဲလည်ဆဲကာလတွင် ဦးသိန်းစိန်အစိုးရက သည် အလည် ရပ်ရေး ‘လူတိုင်းစာတတ်မြောက်ရမည်’ ကြွေးကြော်လာသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးကို ပညာရေး ကုတ်တံဖြင့်ကလော်ထုတ်လျှော့ချမည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်း အပ်နှံစေခြင်းဖြင့် စာတတ်ရမည်။ ဤသို့ဖြင့် ပညာရေးကိစ္စ ကြိုးစားအားထုတ်လုပ်ဆောင်နေမှုများကို ပြည်သူအများက နှစ်ထောင်းအားရကြပါသည်။ ကလေးတိုင်းကျောင်းအပ်နှံနိုင်ရေးသည် ကောင်းပါသည်။ ကျောင်းနေရ မည့်အရွယ်ကလေးတိုင်း စာသင်ခန်းထဲတွင်သာ ရှိနေရပါမည်။ မှန်ပါသည်။ သို့သော်ကျောင်းအပ်နှံရ သည်မှာ လွယ်သောကိစ္စဖြစ်သော်လည်း (လွယ်သောကိစ္စဖြစ်သွားပြီဖြစ် သော်လည်း) ကျောင်းထားရေး ကိစ္စသည် အချို့သောဆင်းရဲနွမ်းပါးမိဘများအတွက် ခက်ခဲသောကိစ္စ ဖြစ်နေပါသည်။ မယုံမရှိပါနှင့်။ ယခုစာရင်းကောက်နေပါသည်။ မကြာမီအဖြေပေါ်ပါမည်။

ထို့ကြောင့်ပညာရေးဝန်ကြီးဌာနသည် ကျောင်းအပ်ရာသီတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး စည်းရုံးလှုပ်ရှားဆောင်ရွက်နေခြင်းအပြင် ကျောင်းမထားနိုင်သော ဆင်းရဲသား ကလေးများအားလည်း အစစအရာရာထောက်ပံ့ကူညီပေးကာ စာသင်ကြားနိုင်အောင် စီစဉ်ဆောင် ရွက်ပေးစေချင်ပါသည်။ ထို့အတွက် ရန်ပုံငွေတစ်ရပ်လိုအပ်ပါသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းဝတ်စုံဖိုး မတတ်နိုင်၍၊ မုန့်ဖိုးမတတ်နိုင်၍၊ ထမင်းဘူးမစီစဉ်ပေး နိုင်၍၊ ဗလာစာအုပ် စသည့်စာရေးကိရိယာဖိုးမတတ်နိုင်၍ စသောစသောကိစ္စများကြောင့် ကျောင်းမ ထားနိုင်သည့်၊ ကျောင်းဆက်မထားနိုင်သည့် ဆင်းရဲနွမ်းပါးကလေးများအား အစိုးရအထောက်အပံ့ဖြင့် ကျောင်းတက်နိုင်ရေး ရန်ပုံငွေတစ်ရပ်ဖြင့်စီစဉ်ပေးသင့်ပါသည်။ ယင်းရန်ပုံငွေသည် ပညာရေးဝန်ကြီး ဌာနက ကမ္ဘာ့ဘဏ်က ချေးယူသည့်ဒေါ်လာသန်း ၂၀ ထဲက သော်လည်းကောင်း၊ နှစ်စဉ်ရနေကျ ပညာရေးအသုံးစရိတ်ဘတ်ဂျက်ထဲကသော်လည်းကောင်း စီစဉ်ပေးလျှင်ရနိုင်ပါသည်။ မဖြစ်မနေ စီစဉ် ပေးရမည်ဟုလည်း ယုံကြည်သည်။ ထိုသို့စီစဉ်ပေးနိုင်လျှင် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေ သည့်နှုန်းတက်လာမည်မှာ သေချာသည်။ သို့မှသာလည်း လူတိုင်းစာတတ်မြောက်ရမည် ဟူသော ရည်မှန်းချက် ပေါက်မြောက်ပါမည်။

ယခုကျောင်းအပ်သီတင်းပတ်တွင် အထက်ကဖော်ပြခဲ့သော အခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်နေရ သော ဆင်းရဲနွမ်းပါးသားသမီးများ ပါလာမည်မထင်ပါ။ သူတို့မိဘများသည် ကျောင်းပေါက်ဝရှေ့ တောင်ဖြတ်မလျှောက်ရဲကြပါ။ သူတို့ဆင်းရဲ၍ သားသမီးတွေကိုကျောင်းမအပ်နိုင်သည်ကို အပြစ်ပြော စရာအကြောင်းမရှိပါ။ မိမိတို့အစိုးရကသာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား တာဝန်ပေးကာ တစ်အိမ်တက်ဆင်း မေးမြန်းစုံစမ်းစေပြီး ကျောင်းမနေနိုင်သော၊ ကျောင်းဆက်မတက် နိုင်သော ကလေးများအားရှာဖွေပြီး ကျောင်းစာသင်ခန်းသို့ အရောက်ပို့ဆောင်ပေးရန်သာလိုပါသည်။ ထိုကလေးများစာဖြောင့်ဖြောင့်သင်နိုင်ရေး ရန်ပုံငွေတစ်ရပ်ထူထောင်ရာတွင် ကျောင်းတွင်းတွင်လည်း မိဘဆရာအသင်းက ဦးဆောင်ပြီးတတ်နိုင်သော ကျောင်းသားမိဘများထံမှ အဆိုပါရန်ပုံငွေထဲသို့ အလှူငွေထည့်ဝင်စေခြင်းဖြင့် ဆင်းရဲနွမ်းပါးကလေးများကို ဖေးမနိုင်မည်ဟု ယူဆပါသည်။ ဤသည် မှာစာမတတ်၍ ဆင်းရဲ၊ ဆင်းရဲ၍ စာမတတ်ဟူသော သံသရာဘီးကို ရပ်ခြင်းမည်ပါသည်။ ဤအလုပ် သည် အမျိုးသားရေးလှုပ်ရှားမှုဟုလည်း မှတ်ယူနိုင်ပါသည်။

အခမဲ့ပညာရေးဟူသည်မှာ ကျောင်းအပ်စဉ်ကာလ အခမဲ့ခြင်းမျိုးမဟုတ်မူဘဲ ကျောင်းစာသင်နှစ်တစ် နှစ်စာလုံး ကျောင်းသား၏အထွေထွေကုန်ကျစရိတ်များကိုပါ အစိုးရကကျခံထောက်ပံ့ပေးခြင်းမျိုး ဖြစ် သင့်သည်ဟုလည်း နားလည်မိပါကြောင်းနှင့် ဆင်းရဲနွမ်းပါးကလေးများအတွက် ကျောင်းအပ်နှံလက်ခံ ရေးရာသီမရွေး ဖွင့်ပေးထားသင့်ပါကြောင်း အကြံပြုလိုက်ရပါ၏။ ။


စံတော်ချိန်သတင်းစာ
ဇွန် (၁) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...