Moto 360 စမတ်နာရီတွင် ကြိုးမဲ့အားသွင်းစနစ်ပါရှိမည်



Motorola က Google ၏ စမတ်နာရီများအတွက် ရည်ရွယ် ထုတ်လုပ်ပေးထားသည့် Android Wear Operating System မောင်းနှင် လည်ပတ်မည့် Moto 360 စမတ်နာရီကို ထုတ်လုပ်မည်ဟု မေလတွင် ကြေညာခဲ့ပါသည်။ Google က Android Wear OS ၏ စွမ်းဆောင်ချက်များကို Developer များအတွက် သရုပ်ပြခဲ့ဖူးပါသည်။ Moto 360 စမတ်နာရီ၏ သတင်းအချက်အလက် အသေးစိတ်များကို မသိရသေး သော်လည်း Google I/O Conference တွင် ကြေညာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ Google I/O ပွဲမတိုင်မီတွင် အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က Moto 360 စမတ်နာရီတွင် ကြိုးမဲ့ အားသွင်းစနစ်ကို အထောက်အပံ့ပေးမည်ဟု ဖော်ပြလိုက်ပါသည်။

အမေရိကန်ဆက်သွယ်ရေး ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် သတင်းအချက်အလက်များအရ Moto 360 စမတ်နာရီကို ကြိုးမဲ့အားသွင်းပေးမည့် Motorola Wireless Charger သည် လုံးဝန်းသော ပုံသဏ္ဌာန် ရှိသည်ဟု သိရပါသည်။ Charger သည် Qi ဟု လူသိများသော Wireless Power Consortium (WPC) စံနှုန်းကို အသုံးပြုထားပါသည်။ အခြား Qi စံနှုန်းအသုံးပြုသော Charger များဖြင့် လည်း Moto 360 ကို ကြိုးမဲ့အားသွင်းနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ သို့သော် အခြား Charger များဖြင့် Moto 360 ကို အားသွင်းရန် Motorola ၏ လုပ်ဆောင်ချက်အပေါ်တွင် မူတည်မည်ဖြစ် သည်။ Motorola က Moto 360 စမတ်နာရီကို ယခုနှစ်အတွင်းတွင် ရောင်းချရန် စီစဉ်ထားပြီး သတင်း အချက်အလက်အသေးစိတ်ကို လာမည့် ရက်ပိုင်းအတွင်း ကြေညာမည်ဟု မျှော်လင့်ရပါသည်။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...