WeChat ကြောင့် တရုတ်နိုင်ငံတွင် SMS ပေးပို့မှု ကျဆင်း



နာမည်ကျော် messaging app ဖြစ်သည့် WeChat သည် SMS သုံးစွဲသူများအပေါ်တွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ပျှမ်းမျှ SMS ပေးပို့မှုနှုန်းသည် လူတစ်ဦးလျှင် တစ်လ ၃၉.၈ စောင်သာ ရှိခဲ့ကာ တစ်ရက်လျှင် ၁.၃ စောင်သာရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန (MIIT) က ပြောကြားလိုက်သည်။

MIIT ၏ အဆိုအရ တရုတ်နိုင်ငံ၏ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ SMS ပေးပို့မှုနှုန်းသည် ၃၁၄.၆၂ ဘီလီယံရှိခဲ့ပြီး ၎င်းသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ မေလ အထိ ပေးပို့မှုနှုန်းထက် ၁၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖုန်းအသစ်ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူသည် ၂၇.၂၅ သန်းအထိ မြင့်တက်လာခဲ့ပြီး ဖုန်းကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူ စုစုပေါင်း ၁.၂၆ ဘီလီယံ ရှိလာကြောင်း MIIT မှ ဖော်ပြခဲ့ သည်။

MMS ပေးပို့မှုနှုန်းသည်လည်း ပိုမိုကျဆင်းခဲ့ပြီး ဇန်နဝါရီလမှ မေလအထိ MMS ပေးပို့မှု ၂၆.၀၉ ဘီလီယံ သာ ရှိခဲ့ကာ ၎င်းသည် ပြီးခဲ့သည့်နှစ်ထက် ၃၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် မိုဘိုင်းအင်တာနက် အသုံးပြုသူ အရေအတွက်သည် တိုးပွားလာလျက်ရှိသော်လည်း WeChat, Line, Laiwang, Yixin စသည့် messaging app များကြောင့် SMS ပေးပို့မှု ကျဆင်း လာခြင်း ဖြစ်ကြောင်း၊ လာမည့်နှစ်တွင်လည်း SMS ပေးပို့မှု အလေ့အထသည် ပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်နိုင် ကြောင်း MIIT က တွက်ချက်ဖော်ပြခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အင်တာနက် အသုံးပြုမှုနှုန်းသည် ပြီးခဲ့သည့်နှစ်အတိုင်း ၅၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၎င်းသည် ၂၀၁၁ ခုနှစ်ကထက် ၃ ဆ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံ မိုဘိုင်းအင်တာနက် အသုံးပြုသူ ၇၀၁ သန်းရှိကြောင်း သိရသည်။

Ref: TechInAsia

Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...