စပ်ဆီး(ငရုတ်သီး)အုပ် (အင်းရိုးရာ)



ထမင်းစားလို့ အရမ်းကို မြိန်စေတဲ့ အင်းလူမျိုးတို့ရဲ့ ရိုးရာဟင်းလေး ဖြစ်ပါတယ်။ ငါးဖိန်း၊ ငါးဖယ်၊ ငါးရံ့တို့နဲ့ ချက်ရင်တော့ ပိုစားလို့ ကောင်းပါတယ်။ ကျွန်မကတော့ အဲ့ဒီငါးတွေ မမြင်ဖူးတာတောင် ကြာလှပြီမို့ အဆင်ပြေရာငါးနဲ့ ချက်စားလေ့ရှိပါတယ်။ ဒီတစ်ခါ ချက်ရာမှာတော့ ကလေးတွေပါ စားလို့ရအောင် ငါးကြင်း နဲ့ အရိုးမပါတဲ့ sword fish ကို ရောပြီး ချက်ထားပါတယ်။

***... စပ်ဆီး(ငရုတ်သီး)အုပ် အတွက် လိုအပ်တာလေးတွေ…

1. ငါး – 600 g (၄၀ ကျပ်သားခန့်)
2. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ (ငါးကိုနယ်ထားရန်) + လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ (ဟင်းထဲထည့်ရန်)
3. လက်တစ်ဆစ်ခန့်အရှည် လှီးထားသော ကြက်သွန်ပင် – 3 cups (750)ခန့်
4. အကွင်းလိုက်လှီးကာ နှစ်ပိုင်းဖြတ်ထားသော ခရမ်းချဉ်သီး – 1 1/2 cups (375 ml)ခန့်
5. ငရုတ်သီးအကြမ်းမှုန့် – ထမင်းစားဇွန်း ၂ ဇွန်း (သို့) စားနိုင်သလောက်
6. အရသာမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (ငါးကိုနယ်ထားရန်) + လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ (ဟင်းထဲထည့်ရန်)
7. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးကိုနယ်ထားရန်) + လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းထဲထည့်ရန်)
8. ဟင်းချက်ရာတွင် ထည့်ရမည့် ဆီ - 210 ml (ရေမထည့်ပဲ ဆီအနှစ်ဖြင့် နယ်စားရသော ဟင်းဖြစ်၍ ဆီထည့်များရပါတယ်။)

နနွင်းမှုန့်၊ အရသာမှုန့်၊ ဆား တိုဖြင့် ဟင်းမချက်ခင် နာရီဝက်ခန့်ကြိုတင်ပြီး နယ်ထားသော ငါးများကို ဆီပူများများထဲ ထည့်ပြီး ကျက်ရုံကြော်ပေးပါ။

ပြီးလျှင် ငါးကြော်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို ဒယ်အိုးထဲထည့်ကာ ခရမ်းချဉ်သီးဖတ်များ ကြေသွားအောင် လက်ဖြင့်ဖိနယ်ချေပြီး

high heat ဖြင့် ကြက်သွန်ပင်များနွမ်းကာ၊ ခရမ်းချဉ်သီးဖတ်များ လုံးဝကြေသွားအောင် လုံးကြော် ကြော်ပေးပါ။

ပြီးနောက် ငါးကြော်များကို ထည့်ကာ ၃ မိနစ်ခန့် တည်ထားပါ။ (၃၊၄ ခါ ခပ်ဖွဖွ အထက်အောက်လှန်ပြီး မွှေပေးပါ။)

ထမင်းမြိန်စေသော စပ်ဆီး(ငရုတ်သီး)အုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook




ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...