ခရီးစဉ် နှောင့်နှေးနေစဉ် အတောအတွင်း ခရီးသည်များကို ပီဇာ ဝယ်ကျွေးခဲ့သည့် လေယာဉ်မှူး

No.435 Thursday, July 10, 2014 
အမေရိကန် နိုင်ငံမှ ခရီးသည်တင် လေယာဉ် တစ်စီး ခရီးစဉ် နှောင့်နှေးနေစဉ် အတောအတွင်း ခရီးသည်များကို ပီဇာ ဝယ်ကျွေးခဲ့သည့် လေယာဉ်မှူး တစ်ဦးကို လူအများက ချီးကျူးနေကြ ကြောင်း သိရသည်။

ဂါးဟတ် ဘရက်ဒ်နာသည် ဝိုင်အိုမင်း လေဆိပ် တွင် (၂)နာရီမျှ သောင်တင် ရပ်တန့်နေချိန် အတောအတွင်း လေယာဉ်ပေါ် ပါလာသည့် ခရီးသည်များအတွက် ပီဇာဝယ်ကျွေးကာ ဒကာခံခဲ့ခြင်း ဖြစ်သည်။ ဝါရှင်တန်မြို့တော်မှ ဒန်ဗာသို့ ဦးတည် ပျံသန်းစဉ် ဒန်ဗာ၌ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နေသည့် သတင်းကို လက်ခံရရှိသည့်နောက် ယခုကဲ့သို့ လေယာဉ် လမ်းကြောင်းပြောင်း ဆင်းသက်ကာ ရာသီဥတု ကောင်းမွန်အောင် ဘရက်ဒ်နာက စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ခရီးသည်များ ပျင်းရိ စိတ်ပျက်နေသည်ကို သတိပြုမိသွားသည့် လေယာဉ်မှူးက စိတ်ကူးတစ်ခု ရလာပြီး နောက် ခရီးသည် အားလုံးကို ပီဇာများမှာယူပြီး ကျွေးမွေးမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ လေယာဉ်မှူး၏ ကြေညာချက်ကို ခရီးသည်များကလည်း လက်ခုပ်လက်ဝါးတီး တုံ့ပြန်ကြိုဆိုခဲ့ကြသည်။

“လေယာဉ်ထဲမှာ လက်ခုပ်သံတွေ ညံသွားတယ်။ အားလုံးလည်း ပျော်သွားကြပါတယ်”ဟု ခရီးသည် တစ်ဦးက ဆိုသည်။ လူပေါင်း(၁၆၀)ထိ လိုက်ပါလာသည့် Frontier လေကြောင်းလိုင်းပိုင် လေယာဉ် သည် ရာသီဥတု ပြန်လည် ကောင်းမွန်လာချိန်၌ ကော်လိုရာဒို ပြည်နယ်၏ မြို့တော်ဒန်ဗာသို့ ဆက်လက် ပျံသန်းနိုင်ခဲ့သည်။

လေယာဉ်မှူးသည် ချိစ်နှင့် ဝက်အူချောင်း ပီဇာများကို မိမိ၏ ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်ပြီး ခရီးသည်များ ကို ကျွေးမွေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ သတင်းကို ကြားသိပြီးနောက် လေကြောင်းလိုင်း ဥက္ကဋ္ဌက ဘရက်ဒ်နာကို ချီးကျူးစကား ပြောခဲ့ပြီး ထိုငွေကြေးများကို ပြန်လည်ပေးချေမည်ဟု ကတိပြုခဲ့ ကြောင်း သိရသည်။

BBC နှင့် အင်တာဗျူးတွင် ဘရက်ဒ်နာက “ကျွန်တော်က သူရဲကောင်းတစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော့် အဓိကဆန္ဒက လေယာဉ်ပေါ်က ဆင်းသွားချိန်မှာ ခရီးသည်တွေအားလုံး စိတ်လက်ပေါ့ပါးပြီး ပြုံးပျော်နေတာမျိုး ဖြစ်စေချင်ရုံပါပဲ” ဟု ပြောကြားသွားသည်။


_Ref: Dailymail
7Day Daily
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...