တောင်ကြီး ဆေးတက္ကသိုလ်ကို ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည်

Written by အန်အိုအယ်လ်

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ လာမည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်မည့် ကလေးများအ တွက် တောင်ကြီး ဆေးတက္ကသိုလ်ကို ၂၀၁၅ နှစ် ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်တော့ မည်ဖြစ်ကြောင်း သိရ သည်။

ယင်းဆေးတက္ကသိုလ်မှာ မြန်မာနိုင်ငံအတွက် ငါးခုမြောက် ဆေးတက္ကသိုလ်ဖြစ်ပြီး တောင်ကြီး မြို့နယ်၊ နောင်လေ ကျေးရွာအုပ်စုတွင် ဆောက်ထားခြင်းဖြစ်ကာ အဆိုပါ အဆောက်အအုံ တည်ဆောက် ရန်အတွက် လုံလောက်သော ဘတ်ဂျက်ကိုနိုင်ငံတော်မှ အလုံအလောက် ချပေးထားကြောင်း၊ အဆိုပါဆေး တက္ကသိုလ်တွင် ကျောင်းသား ၂၅၀ ကိုသင်ကြားပေးနိုင်မည့် စာသင်ခန်းများဖြင့် ဖွဲ့စည်း တည်ဆောက် ပေး ထားပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့်မြောက်ပိုင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ကယားပြည်နယ် အတွင်းမှ ကျောင်းသား၊ ကျောင်းသူများကို လက်ခံသင်ကြားပေး မည်ဖြစ်ကြောင်း သိ ရသည်။

“ရှမ်းပြည်နယ်အတွင်းနဲ့ ကယားပြည်နယ်အတွင်းက လာမည့်နှစ် ၁၀ တန်းအောင်တဲ့ ကျောင်း သား၊ ကျောင်းသူတွေကို သင်ကြားပေးဖို့က သေချာတယ်။ လာတက်တဲ့လူဦးရေပေါ်မူတည်ပြီး တခြားပြည် နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုပါ လက်ခံသွားနိုင်ပါသေးတယ်” ဟု တောင်ကြီးဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာသန်းထိုက်က ပြောသည်။

အဆိုပါတောင်ကြီးဆေးတက္ကသိုလ်တွင် ပထမနှစ်ကိုဦးစွာပထမ သင်ကြားပေးမည်ဖြစ်ကာ နှစ်စဉ် ဒုတိယနှစ်၊ တတိယနှစ်စသဖြင့် အတန်းများကို တိုးချဲ့သင်ကြားပေးသွား မည်ဖြစ်ကြောင်း၊ ရန်ကုန် ဆေး တက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ်နှင့် မကွေးဆေးတက္ကသိုလ်တို့တွင် လက်ရှိသင်ကြားလျက် ရှိသော ဆရာ၊ ဆရာမများအနက် တောင်ကြီးကိုပြန်ချင်သည့်ဆရာ၊ ဆရာမများကိုဦးစားပေးခေါ်ယူ ခန့်အပ် မည်ဖြစ်ပြီး လိုအပ်ပါက ဆရာအသစ်များကိုပါထပ်မံခန့်အပ်သွားမည်ဖြစ်ကြောင်း ယင်းကဆက် လက်ပြော သည်။

“အရင်တုန်းကဆိုရင် ဆေးကျောင်းတက်ဖို့ အမှတ်မီရင်တောင် ဆေးတက္ကသိုလ်ရှိတဲ့ နေရာတွေကို သွား တက်ရတယ်။ တစ်မိသားစုလုံးလိုက်ပြီး မပြောင်းနိုင်တော့ ဆွေမျိုးတွေဆီမှာ သွားနေပြီးတက်ရ တော့ မိသားစုနဲ့ခွဲခွာရတာပေါ့။ အခုလိုမျိုးဆိုတော့ မိသားစုနဲ့ရင်အုပ်မကွာနေပြီး ပညာသင်ကြားနိုင်တဲ့ အခွင့် အရေး ရသွားတာပေါ့” ဟု တောင်ကြီးမြို့နယ်မှ ဒေသခံဖြစ်သူ ဦးအုန်းမောင်က ပြောသည်။


Democracy Today Daily
အောက်တိုဘာ (၁၃) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...