ပျောက်ဆုံးနေသော တန်ဖိုးများ

www.officerreports.com
Written by မေနှင်းအေး

အင်္ဂလိပ် စကားမှာ price နဲ့ value က မတူညီ ပါဘူး။ မြန်မာစကား မှာလည်း ဈေးနှုန်းနဲ့ တန်ဖိုး ဆိုတာ အတူတူလို့ ပြောဆို သုံးနှုန်းတတ် ကြပေ မယ့် မတူပါဘူး။ ဈေးနှုန်းတူတဲ့ ပစ္စည်းချင်း အတူတူကို တန်ဖိုး ထားမှုက ကွာနေတတ် ပါတယ်။ တစ်ခါတလေ ဘာမှမဟုတ်ဘဲ၊ ဈေးကြီး မပေးရဘဲ တန်ဖိုးထားသူက တန်ဖိုးထားနေ တတ်တာပါ။ တန်ဖိုးထားမှု ဆိုတာ လူတစ်ဦးချင်း ရဲ့ အတွေ့အကြုံ ခံယူချက်နဲ့ ဆိုင်သလို ယဉ်ကျေးမှု နဲ့လည်း ဆိုင်ပါတယ်။ ခေတ်နဲ့လည်း ဆိုင်ပါတယ်။ တစ်ခေတ်တစ်ခါ က မြန်မာယောက်ျား လေးတွေ “သျှောင်” ထုံးကြပြီး “သျှောင်” ကို အထိမခံတာ အခုတော့ပျောက်ဆုံး သွားခဲ့ပါပြီ။ နှမြောစ ရာ ရိုးရာဓလေ့ စရိုက်လို့ ပြောနိုင်ပေမယ့် ဒီနေ့ခေတ်လိုအခါမှာ ကိုယ့်သား ကိုယ်တောင် “သျှောင်” ထား ဖို့ပြောလို့ရမှာ မဟုတ်ပါဘူး။ ကိုယ်သာ ဒီခေတ်ယောက်ျားလေး ဆိုလည်း ထားနိုင်မှာ မဟုတ်ပါဘူး။ သျှောင်ပေးစူးနဲ့ ကလေးတွေကို တွေ့တဲ့ အခါဖြစ်ဖြစ် ငေးကြည့်လိုက်တဲ့ အခါ ပျောက်ဆုံးသွားတဲ့ တန် ဖိုးထားမှုလေးကို သတိရလိုက်တာပါပဲ။ ဒီလောက်ပါပဲ။

ဒါပေမယ့် တချို့တန်ဖိုးတွေကတော့ ဒီလိုမေ့ပျောက်သွားဖို့ ဖျက်ပစ်လိုက်ဖို့ မသင့်တော်တာတွေ ရှိပါ တယ်။ ဒါကိုရေးဖြစ်တာ အင်တာနက်ထဲက သတင်းတစ်ပုဒ်ကြောင့်ပါ။ သက်ဆိုင်ရာက အရေးယူဖို့ လုပ်နေပြီဖြစ် တဲ့ ကိစ္စမို့ ဘယ်သူဘယ်ဝါဘယ်ကဆိုတာ အကျယ်တဝင့်မပြောချင်ပါဘူး။ ဒါပေမယ့်ရင် နာစရာကောင်း တာက “ကိုယ်ချင်းစာတရား” ဆိုတဲ့ ပျောက်ဆုံးသွားတဲ့ တန်ဖိုးတစ်ရပ်အတွက်ပါ။ လူ တစ်ယောက်ဟာ ကိုယ့်အိမ်မှာအောက်ခြေသိမ်းအလုပ်ကို လာလုပ်ရတာနဲ့ပင် တန်ဖိုးမဲ့သွားပြီလား၊ ကိုယ့်အိမ်မှာ အလုပ်လုပ် ဖို့ခေါ်ထားတဲ့သူကို ရိုက်လိုရိုက်လုပ်ခွင့် ရှိပါသလား။

ကျွန်မလည်း ကလေးရှိတဲ့မိခင်၊ အလုပ်လုပ်နေတဲ့ အိမ်ထောင်သည်မို့ အတူခေါ်ရတာပါပဲ။ ဒါပေမယ့် သားငယ်ငယ်က အနှီးထဲမှာ အလေးသွားတဲ့အခါ ကျွန်မရှိနေရင် ကျွန်မကိုယ်တိုင် အနှီးကိုပါ အကြမ်း ဆေးပြီးမှ ဆပ်ပြာနဲ့လျှော်ဖွပ်တဲ့အလုပ်ကို သူတို့ကိုလုပ်ခိုင်းပါတယ်။ ကလေးတွေဆိုတော့ ရွံရှာပြီး ပြီး စလွယ်လုပ်လိုက်ရင် မသန့်ဖြစ်မှာ။ အဲဒီအညစ်အကြေးတွေ ဟိုစင်၊ ဒီစင်ဖြစ်မှာစိုးလို့ ကိုယ်ကိုယ်တိုင်ပဲ အိမ်သာထဲရောက်အောင်ပစ်၊ ကနဦးဆေးကြောပေးခဲ့တာပါ။ ကလေးနည်းနည်းကြီးလာလို့ အန်တဲ့အ ခါလည်း ကိုယ်ရှိနေရင် ကိုယ်ပဲလုပ်ပေးလိုက်တာပါ။ ဘာလို့လဲဆိုတော့ ရွံစရာအလုပ်တစ်ခုကို သူစိမ်း ကလုပ်ရတဲ့အခါ ကိုယ့်ကလေးကိုငြူစူမှာဆောင့်မှာ စိုးလို့ပါ။ ကိုယ်ရွံသလိုသူတို့လည်း ရွံမှာပဲဆိုတာ တွေး မိလို့ပါ။ ကိုယ်မရှိတဲ့အချိန်မှာ သူတို့လုပ်ပေးတာကိုပဲ ကျေးဇူးတင်နေတာပါ။

နောက်တစ်ခုက အိမ်ဖော်အလုပ်သမားရယ်လို့ ခွဲခွဲခြားခြားဖိနှိပ်ဆက်ဆံတဲ့ အကျိုးဆက်တစ်ခုပါ။ များ သောအားဖြင့် အိမ်ဖော်တွေဆိုတာ ဆင်းရဲနွမ်းပါးပြီး ပညာချို့တဲ့သူတွေပဲ ရောက်လာတာပါ။ အလုပ် လုပ်နေတဲ့ မိခင်တွေအနေနဲ့ ကိုယ့်သားသမီးကို ဒီဆင်းရဲနွမ်းပါးပြီး ပညာမတတ်တဲ့သူတွေလက်ထဲ ထားခဲ့ရတာပါ။ ကလေးတွေရဲ့သဘောဟာ နီးစပ်ရာအကျင့်စရိုက်ကို အတုယူတတ်ပါတယ်။ စကား အပြောအဆို၊ အနေအထိုင်ကအစ သူတို့နဲ့အနီးနားမှာရှိတဲ့ ပုံစံဖြစ်သွားတတ်ပါတယ်။ သူတို့က အမှောင်ကိုကြောက်ရင် သရဲကြောက်တယ်ဆိုရင် ကိုယ့်ကလေးလည်း ကြောက်တော့မယ်။ သူတို့က ဘာအသီးအရွက်မစားဘူး၊ မကြိုက်ဘူးဆိုရင် ကိုယ့်ကလေးလည်း အဲဒီလိုမစားဘူး မကြိုက်ဘူးဖြစ် တော့ မယ်။ သူတို့ညာတတ်ရင် ကိုယ့်ကလေးလဲညာတတ်တော့မယ်။ သူတို့ကိုရီးယားကား ကြိုက်ရင် ကိုယ့်ကလေးလည်း ကိုရီးယားကားစွဲတော့မယ်။ အဲဒီတော့ ကိုယ့်က သူတို့ကို ဆက်ဆံတာ ပျိုးထောင်မှု ဟာကိုယ့်ကလေးကိုလည်း တစ်နည်းနည်းနဲ့ အကျိုးသက်ရောက်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်။ ဝဋ်တွေကုသိုလ်တွေထက်ကို မြင်သာတဲ့ လက်တွေ့အကျိုးသက်ရောက်နိုင်မှုတွေပါ။

ဒါကြောင့်ကျွန်မကတော့ ကိုယ့်ကလေးထိန်းမယ့်သူကို ပညာတတ်စေချင်တယ်။ အတတ်နိုင်ဆုံး အတန်းပညာ ရှိတဲ့သူကို ရွေးတယ်။ နောက်အားတဲ့အချိန်တွေမှာ စိတ်ဝင်စားစရာ စာအုပ်တွေ ဖတ်ဖို့ ပေး ထားတယ်။ သူ့ဘဝတက်လမ်း အကျိုးရှိရာရှိကြောင်းလုပ်ပေးတယ်။ လိမ္မာရေးခြားရှိအောင် ဆုံးမ တယ်။ သူများအိမ်တွေမှာ လာအလုပ်လုပ်နေကြသူတွေဟာ များသောအားဖြင့် သူတို့မိသားစုထဲမှာ လည်း ဆိုဆုံးမမယ့်သူမရှိဘဲ ပစ်ထားခံရသူတွေမို့ ကြင်နာသနားစိတ်နဲ့ ဆုံးမရင်သူတို့အပြုအမူတွေ အများကြီး တိုးတက်လာမယ်လို့ ကျွန်မစွဲမြဲစွာယုံပါတယ်။ အဲဒီအခါကျွန်မဘာပြန်ရလာသလဲ။ သူက ကျေးဇူးတင်တယ် မတင်ဘူးဆိုတာက ကျေးဇူးပြန်ဆပ်တယ်၊ ကျေးစွပ်တယ်ဆိုတဲ့ အကျိုးဆက်တွေ ရှိနိုင်တာမို့ ထည့် မပြောတော့ပါဘူး။ သေချာတာက ပိုကောင်းတဲ့ဝန်ဆောင်မှုကိုရတယ်။ သူကိုယ်တိုင် ကမိသားစုလို သဘောထားပြီးကိုယ့်သားသမီးကို စောင့်ရှောက်လာတယ်။ စေတနာဆိုတာ ရောင်ပြန် ဟပ်တတ် တယ်လေ။ ကိုယ်က သူ့ဘဝကောင်းရာကောင်းကျိုး ကြည့်တဲ့အခါ သူလည်းကိုယ့် အပေါ် စေတနာပြန် ထားတတ်ပါတယ်။ ဒါကဗုဒ္ဓဘာသာ မြန်မာအတွေးနဲ့ ကိုယ်ချင်းစာစိတ် စေတနာမေတ္တာ ဆိုတာတွေကို ပြောတာပါ။

တိုးတက်တဲ့နိုင်ငံတွေမှာတော့ empowerment လို့ပြောပါတယ်။ empowerment ကိုမြန်မာလို အနီး စပ်ဆုံးဘာသာပြန်ကြည့်ရင် ကိုယ်ပိုင်အရည်အချင်းရှိလာအောင် လုပ်ပေးတယ်လို့ ပြောရမယ်ထင်ပါ တယ်။ အဖိနှိပ်ခံအောက်ခြေလူတန်းစားကို အရည်အချင်းတက်လာအောင်၊ ဆုံးဖြတ်ခွင့်ပိုရှိလာအောင် လုပ်ပေး ရင်နိုင်ငံဖွံ့ဖြိုးတိုးတက်လာတယ်လို့ ပြောကြပါတယ်။ တကယ်လည်းဟုတ်ပါတယ်။ အိမ်မှာ အိမ်ရှင်မပဲ လုပ်နေသူက အချိန်ပိုင်းအလုပ်လေးလုပ်ရင် ဝင်ငွေပိုရလာမယ်။ သူ့အသိုင်းအဝိုင်း ကျယ်ပြန့် လာမယ်။ ပြင်ပအတွေ့အကြုံရှိလာမယ်။ ဘဝတိုးတက်မှု လမ်းစရှိတဲ့ အတွက် စိတ်ဓာတ်တက်ကြွလာ မယ်။ မိသားစုမှာလည်း ဝင်ငွေတိုးလို့ ပိုအဆင်ပြေထာမယ်။ အလားတူပဲ ကုမ္ပဏီလုပ်ငန်းတစ်ခု၊ ရုံးဌာနတစ်ခု မှာလည်း စာရေးလေးတစ်ယောက်က စာရေးကြီးလိုအရည်အချင်းရှိမယ်။ စာရေးကြီးက မန်နေဂျာလိုအသုံးတည့်မယ်ဆိုရင် တန်ဖိုးတက်လာတာပဲမဟုတ်ဘူးလား။ အခြေခံလူတန်းစားတွေရဲ့ အသိအမြင်လုပ်ကိုင်နိုင်စွမ်းတွေ တိုးတက်လာရင် လူ့ဘောင်အသိုင်းအဝိုင်းကို တိုးတက်စေမလား၊ ဆုတ်ယုတ်စေမလားဆိုတာ မေးခွန်းတောင်ထုတ်စရာမလိုဘူးလို့ ထင်ပါတယ်။

ဒီတော့လူတစ်ယောက်ကို ကိုယ်ချင်းစာစိတ်နဲ့ပဲဖြစ်ဖြစ်၊ empowerment လို့ပဲဆိုဆို လူတစ်ယောက် လို တန်ဖိုးထားလိုက်ရင် သူ့အတွက်ကောကိုယ့်အတွက်ကော လူ့အသိုင်းအဝိုင်းအတွက်ပါ ကောင်း ကျိုးတွေ ရနိုင်တာကြောင့် တန်ဖိုးတွေပျောက်ဆုံးမသွားဖို့ စိတ်ဓာတ်တွေကို ပြုပြင်ကြပါစို့လို့ တိုက် တွန်းလိုက် ရပါတယ်။ ။


မြန်မာ့အလင်းသတင်းစာ
အောက်တိုဘာ (၁၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...