အိပ်စက် အနားယူချိန် ချိန်ဆခြင်း...


ညစဉ် အိပ်ချိန် ငါးနာရီနှင့်၊ ငါးနာရီ အောက်သာ ရှိသော အသက် ၄၀ အောက် လူငယ်များတွင် အိပ် ချိန် ပြည့်ဝသူများထက် ဝမ်းဗိုက်အဆီ စုဆောင်းမှု ငါးနှစ်အတွင်း သိသိသာသာ များလာကြောင်း ကျန်းမာရေး သုတေသနများက တွေ့ရှိထားကြသည်။ ထို့ကြောင့် အိပ်ရေးမဝခြင်းသည် အဝလွန်၍ ဗိုက်ရွှဲစေသည် ဟူသော သဘောတရားသည် မှန်ကန်ကြောင်း သက်သေပြ နိုင်သည်။ သို့သော် တစ်ဖက် မှ လေ့လာချက်တစ်ရပ်မှာလည်း အိပ်ချိန် ရှစ်နာရီနှင့်၊ ရှစ်နာရီအထက် ရှိသူများသည်လည်း ဤကဲ့သို့ အဝလွန်၍ ဗိုက်ရွှဲစေကြောင်း သိရှိရ ပြန်သည်။

ထို့ကြောင့် ဤသုတေသနချက်များ၏ ရလဒ်အနှစ်ချုပ်ကို တင်ပြရလျှင် ဝမ်းဗိုက်အဆီတက်ရန် အခွင့်အလမ်းအနေဖြင့် အိပ်ချိန် ငါးနာရီခန့်ရှိသူများသည် ၃၂ ရာခိုင် နှုန်း၊ ခြောက်နာရီမှ ခုနှစ်နာရီ ရှိသူများ သည် ၁၃ ရာခိုင်နှုန်း၊ ရှစ် နာရီ ရှိသူများသည် ၂၂ ရာခိုင်နှုန်းသာ ရှိသည်ဟု သိရသည်။ ဤရလဒ် ကိန်းဂဏန်းများသည် အိပ်ချိန်ဟူသော အချက်တစ်ချက် တည်းပေါ်မူတည် ၍ တွက်ချက်ထားခြင်း ဖြစ်ပြီး အဝလွန်စေသော အခြားအရေးပါသော အချက်များ ဖြစ်သည့် အစားအသောက် ပမာဏ၊ အမျိုးအစား၊ ကိုယ်လက်လှုပ်ရှားမှု အနည်း / အများ၊ ပညာ တတ်မြောက်မှု နှင့် ဆေးလိပ်သောက် / မသောက် စသည့် အချက်များကိုလည်း ထည့်သွင်းစဉ်းစားရမည်။

မည်သို့ပင် ဆိုစေကာမူ အိပ်ရေးပျက်လျှင် ကစီဓာတ်များအပေါ် ခုံမင်စေသော ဟော်မုန်းတစ်မျိုး ထွက်လာခြင်း၊ အစာစားနေစဉ်အတွင်း အစားအသောက်ကို တင်းတိမ် စေသော ဟော်မုန်းတစ်မျိုး အထွက် နောက်ကျခြင်း စသည့် အချက်များကြောင့် နေ့စဉ် အိပ်ချိန် နည်းလွန်းခြင်းသည် အဝလွန်ခြင်းကို အားပေးသည်ဟု မြောက်ဥက္ကလာပဆေးရုံမှ လက်ထောက် ဆရာဝန်တစ်ဦးက ပြောကြားသည်။ အအိပ် များလွန်းခြင်း / နည်းလွန်းခြင်းသည် အဝလွန်ခြင်းအပေါ် တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်သော နည်းဖြင့် ဆက်နွှယ်နေလေရာ တတ်နိုင်လျှင် အထက်ပါရလဒ်များအရ အိပ်ချိန် ခြောက်နာရီ မှ ခုနှစ်နာရီ ကြားထားလျှင် အကောင်းဆုံး ဖြစ်မည်ဟု ကျန်းမာရေးပညာရှင်များက ပြောကြားသည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...