မြန်မာနိုင်ငံတွင် ပထမဆုံး လူမှုပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် အစ္စရေးနှင့် ဆွေးနွေးနေ

မြန်မာနိုင်ငံတွင် ပထမဆုံး လူမှုပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် အစ္စရေးနှင့် ဆွေးနွေး
နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ ဖွင့်လှစ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လူငယ်အများစုမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ပါဝင်ဖြန့် ကြက်နိုင်မှု နည်းပါးနေခြင်းနှင့် ပြည်တွင်း လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပါဝင်နိုင်မှု အားနည်းနေခြင်းတို့ ရှိနေသည့်အတွက်ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးခိုင်က ''ကျွန်တော်တို့ လိုအပ်တာတွေကို အခု အစ္စရေးနဲ့ ဆွေးနွေးနေတယ်။ ဖွင့်နိုင်ဖို့အတွက်ကို တင်ပြထား ဆဲပါပဲ''ဟု ပြောကြားသည်။

အဆိုပါ တက္ကသိုလ်အား ဖွင့်လှစ်မည်ဆိုပါက ရန်ကုန်မြို့တွင်သာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆောက်လုပ်မည့် အဆောက်အအုံပုံစံကို အစ္စရေးက ရေးဆွဲနေပြီးဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံဘက်မှ အစ္စရေး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှတစ်ဆင့် နည်းပညာ ပံ့ပိုးမည့် အစီအစဉ်များနှင့် အစ္စရေးနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ စေလွှတ်ပေး ရန် ပြောကြားထားကြောင်း ဦးအောင်စိုးခိုင်က ပြောကြားသည်။

ယင်းအပြင် အစ္စရေး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအနေဖြင့် လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် အခြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ၊ နည်းပညာဖလှယ်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးနေကြောင်း သိရသည်။

Eleven Media Group

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...