တွးတွေးဆဆ သိသမျှ...

15 September 2013


၁။ အခက်အခဲ

ထူးချွန်အောင်မြင်လိုသူတိုင်း အခက်အခဲများကို ရင်ဆိုင်ရပါမည်။ သာမန်အေးချမ်းသော ဘ၀ဖြင့်သာ ရှင်သန်နေထိုင်လိုလျှင် အခက်အခဲများကို ရင်ဆိုင်ရန် မလိုပါ။ ရင်ဆိုင်ရလျှင်လည်း လက်လျှော့ အရှုံးပေးကာ ကျေနပ်ရောင့်ရဲမှုများဖြင့် ဘ၀ကို ဖြတ်သန်း သွားရပေမည်။ မထင်မရှား မွေးဖွားလာပြီး မထင်မရှားဖြင့် လောကမှ ပြန်လည် ထွက်ခွာသွားရလျှင် လူဖြစ်ရကျိုး မနပ်တော့ပါ။

လူသားချင်းအတူတူ ဖြစ်သော်လည်း အောင်မြင်နေသူများမှာ အခက်အခဲ၊ အတားအဆီးများကို ရင်ဆိုင်နိုင်သူများ ဖြစ်သည်။ ရင်ဆိုင်နိုင်ရုံမျှမက အောင်မြင်အောင် ကျော်လွှားနိုင်သူများ ဖြစ်သည်။ လောကဓံ လေမုန်တိုင်းကို ရင်ဆိုင်အံတုပြီး ရည်ရွယ်သော ဦးတည်ရာ ပန်းတိုင်ကို ရောက်အောင် သွားနိုင်စွမ်းသူများ ဖြစ်သည်။

အခက်အခဲတစ်ခုကို ရင်ဆိုင်အောင်မြင်ပြီးတိုင်း ရရှိသော အောင်မြင်မှုသည်ကား မိမိကိုယ်မိမိ ယုံကြည်ခြင်းပင် ဖြစ်သည်။ မိမိ၏ အခက်အခဲများသည် အရည်အချင်းကို စမ်းသပ်စစ်ဆေးသော စာမေးပွဲများပင် ဖြစ်သည်။ ကြီးမားသော အခက်အခဲ တစ်ခုကို ရင်ဆိုင်အောင်မြင်ပြီးတိုင်း ဆုလဘ်အဖြစ် ယုံကြည်ချက်တစ်ခု ရရှိပါသည်။ ထိုသို့အားဖြင့် အခက်အခဲ တစ်ခုပြီးတစ်ခု ကျော်လွှားရင်းနှင့် တောက်ပသော ယုံကြည်ချက်များကို စုဆောင်းကာ အောင်မြင်သော အနာဂတ်ကို ကျွန်မတို့ တည်ဆောက်ရပါမည်။



၂။ စိတ်ရှည်ခြင်း

စိတ်ရှည်သည်းခံခြင်းသည်လည်း လူသားတို့အတွက် လိုအပ်သော အရည်အချင်းတစ်ခုပင် ဖြစ်ပါသည်။ စောင့်ဆိုင်း၍ မိမိစိတ်ကို ထိန်းချုပ်နိုင်မှသာ ကျွန်မတို့ရောက်ရှိလိုသော ပန်းတိုင်၊ ပိုင်ဆိုင်လိုသော အောင်မြင်မှုများကို ရရှိပါမည်။

ကျွန်မငယ်စဉ်က ဥခွံမှစထွက်လာသော ကြက်ငယ်လေးကို မြန်မြန်ထွက်လာစေချင်လှ၍ အခွံခွာ ပေးခဲ့ဘူးသည်။ နှုတ်သီး သေးသေးလေးဖြင့် ခွဲထွက်နေရသည်ကို သနားသဖြင့် အခွံကိုခွာလိုက်ရာ သွေးများထွက်လာတော့သည်။ ဆက်၍မခွာဝံ့တော့ . . . ။ တစ်ဖြေးဖြေး ကွဲထွက်လာသော ကြက်ဥခွံကို တစ်နေကုန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရတော့သည်။ စိတ်မြန်လက်မြန်ရှိလှသော ကျွန်မ၏ သဘောအတိုင်းသာဆိုလျှင် ကြက်ငယ်လေးမှာ ဥခွံမှ အပြင်သို့ မြန်မြန်ရောက်လာသော်လည်း အသက်ရှင်ရန် လမ်းမမြင်ပါ . . .။

ထို့အတူ သရက်စေ့လေးမှ သရက်ပင်ကြီးအဖြစ် ကြီးထွားစေချင်၍ တစ်နေ့ ရေ (၁၀) ကြိမ်လောင်းသော်လည်း ချက်ခြင်း လက်ငင်း သရက်ပင်ကြီးတစ်ပင် ဖြစ်လာမည် မဟုတ်ပါ . .။ လုံလောက်သော အချိန်အတိုင်းအတာတွင်မှ ချိုမြိန်သော အသီးများ သီးနိုင်စွမ်းသည့် သရက်ပင်ကြီး ဖြစ်လာပေမည် . . .။

ကျွန်မတို့လူသားများသည်လည်း မျှော်လင့်ချက်မဲ့နေသော နေ့ရက်များ၊ မဲမှောင်နေသော လမ်းပိတ်များကို ရင်ဆိုင်ရသောအခါ စိတ်ရှည် သည်းခံခြင်းကို အဆောင်တစ်ခုအဖြစ် ကိုယ်နှင့်မကွာ၊ အခါမလပ် နှလုံးသွင်းမှသာလျှင် အောင်မြင်ခြင်းသို့ ရောက်နိုင်ပါမည် . . .။

၃။ စကားလုံးများ ဆိုသည်မှာ

စကားလုံးများသည် အနိမ့်အမြင့်၊ အတိုးအကျယ်သာ ကွာခြားသော လေ၏တုန်ခါမှုများ ဖြစ်ပါသည်။ တစ်စုံတစ်ဦး၏ နှုတ်မှထွက်သော စကားလုံးများကို ရင်ဆိုင်ရသောအခါ ကျွန်မတို့၏ အကြားအာရုံခံဖြစ်သော နားရွက်များမှ တဆင့် . . .
- လေးစား မှတ်သားဖွယ်ကောင်းသော ဗဟုသုတတို့ကို သိုမှီးသိမ်းဆည်းရန် ဦးနှောက်သို့ ပို့သင့်ပါသည်။ လိုအပ်သောအခါ သူတစ်ပါးအား ပြန်လည်ဖြန့်ဖြူးရန် ဖြစ်ပါသည်။
- ချစ်ခင်မြတ်နိုးအပ်သော နှစ်လိုဖွယ်တို့ကို အကြိမ်ကြိမ် ခံစားရန် နှလုံးသားသို့ ပို့သင့်ပါသည်။ လိုအပ်သော အခါ သူတစ်ပါးအား နွေးထွေးကြင်နာရန် ဖြစ်ပါသည်။
- မိမိရော သူတစ်ပါးပါ မနှစ်သက်၊ အကျိုးမဲ့၍ လက်မခံလိုသော အကြောင်းအရာတို့ကိုကား . . .
ဦးနှောက်တွင် သိမ်းထားရန် မသင့်ပါ . .။ တန်ဖိုးရှိသော မှတ်ဥာဏ်များ လေလွင့်ကုန်ပေမည်။
နှလုံးသားတွင် ထည့်သွင်းရန်လည်း မသင့်ပါ . . .။ နှလုံးသားနာကျင်၍ အခံရခက်လှသည်။
နှုတ်မှ ပြန်လည်တုန့်ပြန်ရန်လည်း မဖြစ် . . .။ ရန်များရုံသာ ရှိမည် . . .။
- ထိုအခါ . . ကျွန်မတို့သည် ဘယ်ဘက်နားမှ ၀င်လာသော စကားသံတို့ကို ညာဘက်နားမှ တိုက်ရိုက်ထုတ်ပစ်၍ . . . ညာဘက်နားမှ ၀င်လာသော စကားသံတို့ကိုလည်း ဘယ်ဘက်နားမှ တိုက်ရိုက်ထုတ်ပစ်ရန်သာ ရှိပါတော့သည်။

၎။ မြတ်ဆရာ

ထကြွ၊၊ နိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု . . စသည့် နာယကဂုဏ် (၆) ပါးကို မှတ်သားဖူးသည် . . ။ ကျွန်မ ရွေးချယ် လျှောက်လှမ်း ခဲ့သော ဘ၀တစ်လျှောက် ရိုသေလေးစားအပ်သော ဆရာများထံမှ အတူယူ၊ လိုက်နာစရာများစွာကို ရရှိခဲ့ပါသည် . .။

ဆရာကြီးတစ်ဦးမှာ အငြိမ်းစားပါမောက္ခချုပ်ဖြစ်သည်။ ငွေကြေးများစွာ မကြွယ်ဝသော်လည်း မေတ္တာ ကြွယ်ဝသည်။

မေးမြန်းထူသော၊ စိတ်ကူးတည့်ရာကို ထင်မြင်သည့်အတိုင်း ပြောတတ်သော၊ အတွေးအခေါ်သစ်များဖြင့် ဘ၀ကို တည်ဆောက်လိုသော ကျွန်မကဲ့သို့သော တပည့်များ အပေါ် စိတ်ရှည် နားလည်ပေးသည်။ ကိုယ်ပိုင်ယူဆချက်များ၊ အနည်းငယ် ဖတ်ဘူး၊ မှတ်ဘူးရုံမျှဖြင့် စမ်းသပ်လုပ်ဆောင် လိုမှုများအပေါ် မည်သည့်အခါမျှ ပြစ်တင်ဝေဖန်လေ့မရှိပေ . .။ ကျွန်မ၏ စိတ်ကူးများကို ပြောသည့်အခါတိုင်း ဆရာကြီးသည် ငြိမ်သက်၊ အာရုံစိုက်ကာ နားထောင်နေတတ်သည်။

ကျွန်မစကားဆုံးသည့်အခါမှ မှားသည်၊ မှန်သည်ကို ရှင်းပြလေ့ရှိသည်။ ဖြစ်သင့်သည် ဖြစ်နိုင်သည်ဟု ယူဆသော အကြောင်းအရာ များကို ဆက်လက်ကြိုးစားရန် အားပေးတတ်သည်။ မဖြစ်သင့်၊ မဖြစ်နိုင်လောက်သော အချက်အလက်များကိုလည်း လေသံ အေးအေးဖြင့် ရှင်းပြသည်။ တွေးခေါ်ယူဆချက်များအား ဤသို့ ဤသို့ ပြင်ဆင်လိုက်လျှင် ပိုမိုကောင်းမွန်သော၊ တိကျမှန်ကန်သော ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု လမ်းမှန်ရောက်အောင် ပြောပြတတ်သည်။ ပိုမိုကြိုးစားရန်သာ တိုက်တွန်းတတ်သည်။

စာနာနားလည်တတ်သော၊ အားပေးကူညီတတ်သော၊ မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ၏ လက်တို့ဖြင့် အနာဂတ်လူ့ဘောင်ကို တည်ဆောင်ခွင့်ရခဲ့မည် ဆိုပါလျှင် . . .။

၅။ မတူသော အယူအဆများ

ဝိုင်းစက်သော ပုံသဏ္ဍာန်တစ်ခုကို သုည၊ ၀-လုံး၊ အို၊ ဇီးရိုး . စသည်ဖြင့် ကျွန်မတို့ နှစ်သက်သလို ခေါ်ဝေါ် သတ်မှတ်ခွင့် ရှိပါသည်။

မိမိသည်သာအမှန်၊ မိမိယူဆချက်သည်သာ အသင့်တော်ဆုံးဖြစ်သည်ဟု တယူသန်စိတ်ဖြင့် ငြင်းခုံရန် မသင့်ပါ။ ရေးသားသော နေရာကိုလိုက်၍ ထိုစက်ဝိုင်းသည် အမည်များ ပြောင်းလဲနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့အတူ အရာဝတ္တု တစ်ခု၊ အကြောင်းအရာ တစ်ခုပေါ် အခြေခံ၍ တစ်ဦးနှင့်တစ်ဦး ရှုမြင်သုံးသပ်ပုံခြင်း တူမည်မဟုတ်ပါ။

ကောင်းကင်ထက်ရှိ သက်တန့်ကွေးတစ်ခုသည် အဖြူရောင်ကို အခြေခံ၍ လှပသော ရောင်စဉ်များ စုပေါင်း လိုက်ရာ ဆန်းပြား တင့်တယ်သကဲ့သို့ . . မတူသော အယူအဆများကို စုစည်းအသုံးချနိုင်ပါက ကြီးမားသော အင်အားတစ်ခုကို ကျွန်မတို့ ပိုင်ဆိုင်ပါ လိမ့်မည်။

၆။ တန်ဖိုး သတ်မှတ်ချက်

ရေနသတ္တ၀ါ ငါးတစ်ကောင်အတွက် ရေကူးကျင်လည်ခြင်းသည် စံတန်ဖိုးတစ်ခုဖြစ်ပြီး၊ လေပျော်ငှက်တို့အတွက် မြင့်မြင့်နှင့် ဝေးဝေး ပျံသန်းနိုင်ခြင်းသည် တန်ဖိုးတစ်ခု ဖြစ်ကောင်းဖြစ်ပါ၏ လိမ့်မည်။

ကျွန်မတို့လူသားအားလုံးသည် တန်ဖိုးကိုယ်စီ ပိုင်ဆိုင်သည်ဟု ယုံကြည်ပါသည်။ မိမိမစွမ်းဆောင်နိုင်သော အရာများကို စွမ်းနိုင်သူများ ရှိသလို၊ သူတစ်ပါး မဆောင်ရွက်နိုင်သော လုပ်ငန်းကိစ္စများကို မိမိကျွမ်းကျင်နေသည်လည်း ရှိနိုင်ပါသည်။ ဘာသာရပ်နယ်ပယ်အားလုံးကို ပိုင်နိုင်စွာ ကျွမ်းကျင်သည်ကားရှားလှပါသည်။

မိမိကျွမ်းကျင်သည့် ကိစ္စများကို သူတစ်ပါး မပိုင်နိုင်တိုင်း ပြစ်တင်၊ ဝေဖန်၊ ရှုံ့ချရန် မလိုသလို၊ သူတစ်ပါး ဆောင်ရွက်နိုင်သည်ကို မိမိ မစွမ်းနိုင်၍ ၀မ်းနည်း၊ အားငယ်ရန်လည်း မသင့်ပါ။

ကျယ်ပြန့်လှသော ဘာသာရပ်နယ်ပယ် များစွာတွင် ကျွန်မတို့ ကျွမ်းကျင်ပိုင်နိုင်သော ကျွန်မတို့၏ အမြင့်ဆုံး တန်ဖိုးကို သတ်မှတ် ပေးနိုင်သော အကြောင်းအရာတစ်ရပ် သေချာပေါက် ရှိနေပါသည်။ မိမိအတွက် နယ်ပယ်ကို ရှာဖွေ၍ ကိုယ်ပိုင်တန်ဖိုးကို အမြင့်ဆုံး မြှင့်တင်ရန်သာ အရေးကြီးပါသည်။

၇။ ပတ်ဝန်းကျင်

လူဆိုသည်မှာ အုပ်စု၊ အဖွဲ့အစည်းနှင့် နေသော အမျိုးအစား ဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့် ကင်းကွာ၍ မရပါ။ ထို့ကြောင့် လူအများစုမှာ ပတ်ဝန်းကျင်ကိုလိုက်၍ အရောင်ပြောင်းတော့သည်။

စိတ်နှလုံးကောင်းသော ပတ်ဝန်းကျင်သို့ရောက်ရှိသူသည် အေးချမ်းမှုကို ခံစားရပြီး ကိုယ်တိုင် စိတ်နှလုံးဖြူစင်ရန် ကြိုးပမ်းပါလိမ့်မည်။ ကောက်ကျစ်၊ ရက်စက်တတ်သော အသိုက်အ၀န်းနှင့် ထိတွေ့ဖန်များသူသည်လည်း ရိုင်းစိုင်းရက်စက်ရန် ၀န်မလေးတော့ပေ။ ကျေးညီနောင်သာဓကကဲ့သို့ပင် ဖြစ်ပါသည်။

သို့သော် အသိဥာဏ်ရှိသော ကျွန်မတို့ လူသားများသည် ငြိမ်းချမ်းသော ပတ်ဝန်းကျင်တွင် ကောင်းမြတ်သော စိတ်ထားများကို ကိုယ်တိုင်မွေးမြူရန် အားထုတ်ပြီး . . .။ ပတ်ဝန်းကျင်ဆိုးတွင် မလွဲသာ၍ ထိတွေ့ရမည်ဆိုပါလျှင်လည်း မိမိ၏ဖြူစင်သော နှလုံးသားအား မညစ်နွမ်း သွားစေရန် ဂရုပြုစေချင်လှပါသည်။

၈။ ယုံကြည်ချက်

ယုံကြည်ချက်သည် ဘ၀၏အင်အားဖြစ်ပါသည်။ အောင်မြင်သော အနာဂတ်ကို တည်ဆောက်ရန် အရေးပါဆုံး၊ အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုလည်းဖြစ်ပါသည်။

ခိုင်မာသော ယုံကြည်ချက်မှ ဇွဲ၊ သတ္တိ၊ ၀ီရိယ စသော အဖိုးတန်အရည်အသွေးများ ပေါ်ပေါက်လာပါမည်။ ထက်သန်စိတ်ရှိသူ၏ ပြင်းပြသော ယုံကြည်ချက်ကို မည်သူမျှ မတားဆီးနိုင်ပါ။ ပန်းတိုင်သို့ သွားရာလမ်းတွင် ရှုံးနိမ့်မှုများကို ခံနိုင်ရည်ရှိခြင်း၊ အတားအဆီးများကို ကျော်လွှားနိုင်ခြင်း၊ အခက်အခဲများကို နောက်မတွန့်၊ မကြောက်ရွံ့ပဲ ဖြေရှင်းနိုင်ခြင်း တို့သည် ယုံကြည်ချက်၏ ခွန်အားများ ဖြစ်သည်။

ကောင်းမြတ်သော၊ အပြုသဘောဆောင်သော ယုံကြည်ချက်ပိုင်ရှင်သည် လက်ရှိတွေ့ကြုံနေရသော အခြေအနေများကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းအားထုတ်ပြီး တောက်ပသော အနာဂတ်ကို တည်ဆောက်နိုင်မည်မှာ သေချာပါသည်။

သမိုင်းအဆက်ဆက် နယ်ပယ်အသီးသီးတွင် အောင်မြင်ထင်ရှားခဲ့သူများ၊ ယနေ့ခေတ်တွင် အောင်မြင်နေသူများနှင့် အနာဂါတ်တွင် အောင်မြင်မှုကို ပိုင်ဆိုင်မည့်သူများ အားလုံးတွင် တူညီသောအချက်တစ်ချက်မှာ မိမိတို့၏ ယုံကြည်ချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ပြီး မဆုတ်မနစ်သော စိတ်ဓါတ်ဖြင့် ဘ၀ကိုတည်ဆောက်သူများ ဖြစ်သည်။၏

ဘ၀လမ်းကို လျှောက်လှမ်းရာတွင် မှောင်အတိပြီးသော လမိုက်ညများတွင် ယုံကြည်ချက်ကို ထွန်းညှိ၍ လည်းကောင်း ကြမ္မာဆိုးချောက်ထဲသို့ ပြုတ်ကျချိန်တွင်လည်း ယုံကြည်ချက်ကို အသက်ကယ်ကြိုး အဖြစ် အသုံးပြု၍ လည်းကောင်း အောင်မြင်မှုပန်းတိုင်သည် မြင့်မားမတ်စောက်သော တောင်ထိပ်၌ ရှိနေသည်ဆိုပါလျှင်လည်း ယုံကြည်ချက်များကို လှေကားထစ် အသွင်ပြောင်းနိုင်စွမ်းသူသည် ယုံကြည်ချက်ကို အကောင်းဆုံး အသုံးပြုနိုင်သော၊ တန်ဖိုးရှိသော လူသားတစ်ဦးဖြစ်ပါသည်။

၉။ ဘက်ပြောင်းအမြင်

မိမိ၏ပတ်ဝန်းကျင်၊ မိသားစုနှင့်တကွ နေ့စဉ်ဆက်ဆံနေရသော လူအားလုံးတွင် ကျွန်မတို့ အလိုဆန္ဒအတိုင်း သွား၊ လာ၊ ပြောဆိုနေကြသူများကို ရေတွက်ကြည့်ပါ။ ကျွန်မတို့ ဖြစ်လိုမှုများကို မလိုက်လျောနိုင်သူ ပိုများပါလိမ့်မည်။

ထိုအခါ ကျွန်မတို့သည် အလိုမကျမှုများဖြင့် ပူလောင်ရတော့သည်။ ညှိနှိုင်း၍လည်းမရ၊ အောက်ကျို့၍လည်း လက်မခံ၊ တစ်ဘက်သားအပေါ် လွှမ်းမိုးအနိုင်ယူရန် အားထုတ်နေသူများနှင့် ရင်ဆိုင်ရသောအခါ . . ။

သူတစ်ပါးအား ပြုပြင်ပြောင်းလဲရန် မတတ်နိုင်စွမ်းသော သာမန်ပုထုဇဉ် ကျွန်မတို့သည် မိမိစိတ်ကို ပြောင်းလဲရန်သာ ရှိပါတော့သည်။
ကျွန်မတို့ကို –
- ပြစ်တင်ဝေဖန်သူအား အမှားရှာဖွေပေးသူအဖြစ်
- နှိမ့်ချကဲ့ရဲ့သူအား ခံနိုင်ရည်ရှိစေရန် လေ့ကျင့်ပေးသူအဖြစ်
- အနာဂတ်လမ်းများကို ပိတ်ဆို့သူအား ပိုမိုကြိုးစားဆောင်ရွက်ရန်၊ အရည်အသွေး ပိုမိုတောက်ပြောင်ရန် ညွှန်ကြားသူများ အဖြစ် ဘက်ပြောင်း၍ မြင်ကြည့်နိုင်ပါက ကျွန်မတို့ စိတ်ချမ်းသာပေမည်။

၁၀။ သတ္တိ

ဆင်ခြင်တုံတရား ကင်းမဲ့သော၊ အခြေအနေ၊ အတိုင်းအဆကို မသိသော သတ္တိသည် မိုက်ရဲရူးဆန်ခြင်းသာ ဖြစ်ပါသည်။
ရင်ဆိုင်တွေ့ကြုံရသော အခြေအနေအပေါ် မူတည်ပြီး မိမိကိုယ်မိမိ ယုံကြည်စိတ်ချစွာ၊ ရိုးသားစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် ဥာဏ်နှင့်ယှဉ်ကာ အခွင့်အလမ်းကို ဖမ်းဆုပ်ရဲခြင်းသည်သာ သတ္တိကို နည်းမှန်လမ်းမှန်ဖြင့် အသုံးချခြင်း ဖြစ်ပါသည်။

ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘ၀ကို တည်ဆောက်နိုင်ပါစေ။

ရှင်းသန့်လွင်
Maukkha Education Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...