ဗိုက်ဆာနေသည်ဟု သင့်ခန္ဓာကိုယ်က လွဲမှားထင်မြင်နေသော အကြောင်းရင်းများ


photo:google

လူတွေ ၀လွန်းလာကြတဲ့ အကြောင်းရင်းက လိုအပ်တဲ့ ပမာဏထက် ပိုမိုစားသောက်လာကြလို့ပဲ ဖြစ်ပါတယ်။ အစားအသောက်တွေကို လိုအပ်တာထက် ပိုမိုစားသောက်ဖြစ်တဲ့ အကြောင်းရင်းကလည်း ပျင်းရိခြင်းနဲ့ ငြီးငွေ့ခြင်းတွေလိုမျိုး အကြောင်းကိစ္စတွေကို ဆာလောင်တယ်လို့ မှားယွင်းထင်မြင်မိတာကြောင့်ပါ။ ဒါကြောင့် ဗိုက်ဆာလောင်မူကိုတိုးစတဲ့ အခြေအနေတွေနဲ့ ဆာလောင်တယ်လို့ အထင်မှားစေတဲ့ အခြေအနေတွေကို သိထားသင့်ပါတယ်။

၁။ ညက အိပ်ရေးမ၀ခဲ့ဘူး
အိပ်ရေးမ၀တာာ ဆာလောင်မူကို နည်းနှစ်မျိုးနဲ့ လူံ့ဆော်ပေးပါတယ်။ တစ်နည်းက စွမ်းအင်ချို့တဲ့ကြောင်း ပြသကာ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းဖို့ သဘာဝတုံ့ပြန်မူပေး တာပါ။ နောက်တစ်နည်းက အိပ်ရေးပျက်တာဟာ ဦးနှောက်ထဲက ဆာလောင်မူကို ထိန်းချုပ်တဲ့ Ghrelin ဟော်မုန်းလျော့နည်းသွားစေတာကြောင့် ဆာလောင်နေရတာဖြစ်ပါတယ်။ တစ်ညကို အိပ်ချိန်ရှစ်နာရီပေးတာက သင့်ကို လိုတာထက်ပို မစားမိစေဖို့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ တကယ်လို့ အိပ်ရေးမ၀ခဲ့ရင်တောင် နံနက်ခင်းမှာ လတ်ဆတ်တဲ့ သစ်သီး၊ ကာဗိုဟိုက်ဒရိတ်၊ အဆီနည်းအသားစတဲ့ စွမ်းအားဖြစ်စေတဲ့ အစားအစာတွေ များများစားပြီး စိတ်ကျေနပ်မူကို ရယူသင့်ပါတယ်။

၂။ သောက်နေတဲ့ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ဆာလောင်မူ
သင့်အနေနဲ့ ဓာတ်မတည့်မူ၊ အဆစ်ရောင်ရမ်းခြင်း၊ ၀က်ခြံနဲ့ ပြင်းထန်ဆိုးရွားတဲ့ အအေးမိခြင်း စတာတွေပျောက်ကင်းဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးကို သောက်သုံးနေရတာကြောင့် မကြာခဏ ဆာလောင်နေတယ်ဆိုရင် ဆေးဝါးတွေကို အပြစ်တင်ကောင်း တင်နိုင်ပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ အစားတွေကို စားပြီးပြီဆိုရင် ဆေးဝါကြောင့် ခံစားရတတ်တဲ့ ဆာလောင်မူကို လျစ်လျူရူထား နိုင်ပါတယ်။ ဆာလောင်တယ်လို့ ထင်တဲ့အခါမှာ ပီကေ၀ါးခြင်း၊ ကော်ဖီပူပူ တစ်ခွက်သောက်ခြင်း၊ သွားတိုက်ခြင်း စတာတွေနဲ့ အာရုံလွှဲလိုက်ပါ။

၃။ ရေဆာနေတယ်၊ ရေဓာတ်ခန်းခြောက်နေပါတယ်
ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာရပ်တွေဖြစ်တဲ့ အိပ်ငိုက်ခြင်း၊ စွမ်းအင်မဲ့ခြင်းစတာတွေကို သင့်အနေနဲ့ စွမ်းအင်ဖြည့်ဖို့ လိုအပ်နေတယ်လို့ မှားယွင်းထင်မြင်နိုင်ပါတယ်။ ရေဆာတဲ့အခါ ခံတွင်း ခြောက်နေတတ်ပြီး အစာစားလိုက်ရင် ယာယီသက်သာသလို ထင်ရပါတယ်။ ဒါပေမဲ့ အစာမစားဘဲ ရေတစ်ဖန်ခွက်လောက်သောက်ပေးမှသာ ဆာလောင်ကြောင်း အချက်ပြသံကို တားဆီးပေးရာ ရောက်မှာပါ။

၎။ အစာစားချိန် ရောက်ပြီ
ဗိုက်ဆာဆာ၊ မဆာဆာ အစာစားချိန်ရောက်ပြီဆိုပြီး စားလေ့ရှိတာကြောင့် အစားအသောက်ကို လိုတာထက်ပိုပြီး စားမိတတ်ကြပါတယ်။ ဒါကြောင့် အစားအသောက်မစားခင်မှာ တကယ်ရော ဗိုက်ဆာနေတာ ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါဦး။ ဗိုက်ဆာတယ်ဆိုတာ မသေချာခင်မှာ ရေ ဒါမှမဟုတ် သစ်သီးဖျော်ရည်ကို သောက်ပေးပါ။

၅။ လေ့ကျင့်ခန်းလုပ်ပြီးပြီ၊ အစာနည်းနည်းလောက် စားလိုက်ဦးမှပဲ
လေ့ကျင့်ခန်းလုပ်ပြီး ပင်ပန်းသွားပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဆုလာဘ်အဖြစ် အစားအစာတွေကို စားတာမျိုးဟာ လေ့ကျင့်ခန်းလုပ်လို့ ကယ်လိုရီကျတာထက် ကယ်လိုရီကို ပိုတိုးလာစေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အစားအသောက် စားမယ်ဆိုရင်တောင် အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အဆီနည်းအသားကိုသာ ရွေးစားသင့်ပါတယ်။

၆။ အစာစားပြီးပေမယ့် စားချင်စိတ် မပြေဘူး
အစာစားပြီးပေမယ့် စားချင်စိတ် မပြေသေးတာက အစာကို ခပ်မြန်မြန် စားလိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာစားပြီး စားချင်စိတ်ပြေပျောက်သွားအောင် အစာကို ဖြည်းဖြည်းချင်း ၀ါးစားပါ။ အစာတစ်လုတ်နဲ့ တစ်လုတ်ကြား ဇွန်း၊ ခက်ရင်းကို ချထားပါ။ အစာစားတိုင်း ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်နဲ့ အဆီဓာတ် ပါဝင်ပါစေ။

၇။ အစားအသောက်တွေရဲ့ အနံ့ရနေတယ် ဒါမှမဟုတ် မြင်နေရတယ်
အမြင်နကြ အနံ့ခံအာရုံတွေကြောင့် အစားအသောက်စားချင်စိတ်ပေါ်တာမျိုးပါ။ ဒါဟာ တကယ်ဆာလောင်တာ မဟုတ်ဘဲ စားချင်စိတ်ပေါ်တာမျိုးဖြစ်တဲ့အတွက် အာရုံလွှဲပြောင်းနိုင်ဖို့ အရေးကြီးပါတယ်။

၈။ စိတ်ဖိစီးနေပါတယ်
လေ့လာမူတွေအရ စိတ်ဖိစိးမူများတဲ့အခါ လူအများစုဟာ အဆီများတဲ့၊ ဆားနဲ့ သကြားကဲတဲ့ အစားအစာတွေကို ပိုစားလေ့ရှိကြောင်း သိရပါတယ်။ ဒီအစားအစာတွေဟာ ခံတွင်းထဲမှာ အာသာပြေစေတဲ့ အာနိသင်ကိုပေးတာကြောင့်ပါ။ ဒါကြောင့် စိတ်ဖိစီးမူ ခံစားနေရချိန်မှာ အစားအသောက်ဆီ အာရုံမရောက်ခင် စိတ်ဖိစီးမူ ပြေပျောက်စေမယ့် နည်းလမ်းတွေကို အရင်လုပ်ဆောင်ပေးပါ။

(Good Health)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...