အွန်လိုင်းမှ သီချင်းရောင်းချမှု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စတင်



မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းမှ သီချင်းများရောင်းချမည့် အွန်လိုင်း Myanmar Music Store အကြောင်း သတင်းစာရှင်လင်းပွဲကို ဇွန်လ ၅ရက်နေ့က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ Myanmar Music Store ကို အဓိကတာဝန်ယူဦးစီးဆောင်ရွက် နေသော Legacy Music Network Co.Ltd,. မှ ဒေါက်တာဦးကိုကိုလွင်နှင့် မျိုးကျော့မြိုင်၊ Rဇာနည်၊ အောင်လ၊ ကျော်ထွဋ်ဆွေ၊ ဂျေးမီ၊ ရှင်ဖုန်း၊ ပိုပိုနှင့် နန်းသူဇာ စသည့် အနုပညာရှင်များ တက်ရောက်ခဲ့သည်။

"ကျွန်တော် အွန်လိုင်းမြူးဇစ်စတိုးကို လုပ်ခဲ့တာ ခုဆိုရင် ၆လလောက်ရှိပါပြီ။ ဒါပေမယ့် ဒီအချိန်မှ ခုလို သတင်းစာရှင်းလင်းပွဲလုပ်ဖြစ်တာပါ။ ဖုန်းထဲမှာမြန်မာဖောင့်မရှိရင်လည်း မြန်မာလိုပေါ် အောင်ကြည့် လို့ရတဲ့ နည်းပညာနဲ့ ဒီဝက်ဘ်ဆိုဒ်ကို ရေးဆွဲထားတာဖြစ်လို့ သီချင်းတွေကို အလွယ်တကူ ၀ယ်ယူနိုင် ပါတယ်" ဟု ဒေါက်တာဦးကိုကိုလွင်က ပြောကြားခဲ့သည်။

သီချင်းများကို ၎င်းတို့၏ အွန်လိုင်းဝက်ဘ်ဆိုဒ်များဖြစ်သည့် https://www.myanmarmusicstore.com နှင့် ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/myanmarmusicstore တို့တွင် ၀ယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။ "သီချင်းတွေကို တစ်ပုဒ်ချင်းစီဖြစ်စေ၊ တစ်ခွေလုံးစာ ဖြစ်စေ ၀ယ်လို့ရပါ တယ်။

သီချင်းဟောင်းတစ်ပုဒ်ကို မြန်မာငွေ ၂၅၀ကျပ်နဲ့ရောင်းချမှာဖြစ်ပြီး၊ အသစ်တစ်ပုဒ်ကို ၃၀၀ ကျပ်နဲ့
ရောင်းချမှာဖြစ်ပါတယ်။ နိုင်ငံခြားမှာနေတဲ့သူတွေအနေနဲ့ ၀ယ်ယူရလွယ်အောင် အမေရိကန်မှာ ဆာဗာ တစ်ခုထားရှိပြီးတော့ ပြည်တွင်းက ပရိသတ်တွေဝယ်လို့အဆင်ပြေအောင် ပြည်တွင်းမှာလည်း ဆာဗာ တစ်ခုထားရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ငွေပေးချေမှုစနစ်အတွက် ငွေကြေးအကောင့်လုပ်ရန် လိုအပ်မည်ဖြစ်ပြီး၊ SMS ဖြင့်လည်း ဆက်သွယ် မှာယူ နိုင်ကြောင်း သိရသည်။ ငွေကြေးအကောင့်များအဖြစ် Gift Card, Myanpay, Ypay, Mobile Phone Bill, Visa Card, Master Card စသည်တို့ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

SMS ဖြင့်ဆက်သွယ်မှာယူ လိုပါက SMS Centre 18899 သို့လည်း ဆက်သွယ် ၀ယ်ယူနိုင်ကြောင်း သိရသည်။

"သီချင်းတွေကို မ၀ယ်ခင်မှာ ၁မိနစ်တိတိ ပေးနားထောင်ပါတယ်။ ဒါက မြည်းစမ်းတဲ့သဘောပါ ၁ မိနစ် နားထောင်လို့ သဘောကျရင်တော့ ၀ယ်နိုင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ အွန်လိုင်းတွင် သီချင်းများ အခမဲ့တင်နေသည့် ၀က်ဘ်ဆိုဒ်များကိုလည်း တားမြစ်သွားမည်ဖြစ်ပြီး၊ အခမဲ့သီချင်း Download link များကို ပိတ်ပင်ခြင်းဖြင့် အနုပညာရှင်များ၏ အကျိုးစီးပွားကို အပြည့်အ၀ကာကွယ်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာမြူးဇစ်အွန်လိုင်းမှ သီချင်းရောင်းချမည့်အနုပညာရှင်များကို အကျိုးခံစားခွင့်အနေဖြင့် ၇၀ ရာခိုင်နှုန်း ခွဲဝေပေးမည်ဟု သိရသည်။


မြန်မာတိုင်း(မ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...