ယနေ့ ကမ္ဘာအနီးမှာ ဥက္ကာခဲတစ်လုံး ဖြတ်သန်းသွားခဲ့သည်



ကျနော်တို့ ကမ္ဘာအနီး ကီလိုမီတာ ၁.၂၅ သန်း အကွာမှ အလျား ၃၂၅ မီတာ (ပေတစ်ထောင်ကျော်) ရှည်သော ဥက္ကာခဲတစ်လုံး ယနေ့ ဖြတ်သန်းသွားခဲ့သည်။ ထို ဥက္ကာခဲကို 2014 HQ124 လို့ အမည်ပေး ထားပြီး ကမ္ဘာနှင့် လကြား အကွာအဝေး၏ သုံးဆခန့်နေရာမှ အန္တရယ်မပြု ဘဲ ဖြတ်သန်းသွားခဲ့ခြင်းဖြစ် ပါတယ်။ ဒါပေသည့်.. ကျနော်တို့အတွက်တော့ စဉ်းစား ဆင်ခြင်စရာတွေ အများကြီးပေးသွားခဲ့ပါသည်။

ဥက္ကာခဲကို 2014 HQ124 လို့ အမည်ပေးရခြင်းအကြောင်းက စပြောရပေမည်။ ဥက္ကာခဲအမည်ရဲ့ အရှေ့က နံပါတ်သည် ထိုဥက္ကာခဲကို စတင်တွေ့ရှိသည့် ခုနှစ်ဖြစ်သည်။ ဆိုလိုတာကတော့ အခုဖြတ်သွားတဲ့ ဥက္ကာခဲ ကို ကျနော်တို့ ကြိုမမြင်ခဲ့ဘူး ဆိုတာပါဘဲ..။ ဟုတ်ပါတယ်..၂၀၁၄ ဧပြီလကမှ ဘွားကနဲ့ မြင်တွေ့ခဲ့ကြ တာပါ။

အန္တရယ်ရှိတဲ့ ဥက္ကာခဲတွေကို ကျနော်တို့ ကြိုတင်တွေ့ရှိနိုင်ဖို့အတွက် နည်းပညာမြင့်တဲ့ အာကာသ တယ်လီစကုပ်များကို နာဆာမှ လွှတ်တင်ထားပါတယ်။ ဒါပေမယ့်လည်း မှောင်နေတဲ့ အာကာသထဲမှာ မီးမထွန်းဘဲ (အလင်းမထွက်ဘဲ) လာတဲ့ ဒီလို ဥက္ကာခဲတွေကို အနီအောက်ရောင်ခြည်သုံးပြီး ရှာမှ တွေ့နိုင်တာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ နောက်ကျပြီးမှ တွေ့လိုက်ကြတယ်။ ဒါဟာ.. ဒီ့ထက်ပိုပြီး မြင့်မားတဲ့ နည်းပညာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို သတိပြုစရာ ဖြစ်စေခဲ့ပါပြီ။

တကယ်လို့သာ ထိုဥက္ကာခဲ ကမ္ဘာနှင့်တိုက်မိပါက နျူကလီးယားဗုံးကြီး အလုံး ၂၀ လောက် ပေါက်တာ ထက် ဆိုးနိုင်ပါတယ်။ နောက်ပြီး မှတ်တမ်းများအရ ဒီလိုဥက္ကာခဲ မျိုးဟာ နှစ် တစ်သိန်းလျှင် တစ်ကြိမ်လောက် ကမ္ဘာကို ၀င်တိုက်တတ်တယ်ဆိုတာပါဘဲ။ ကမ္ဘာကို အန္တရယ်ပြုနိုင်မယ့် ဥက္ကာခဲ တွေရဲ့ ရန်က ကာကွယ်နိုင်အောင်၊ ကြိုတင်ပြင်ဆင်နိုင်အောင် ကျနော်တို့ ရှေ့လျှောက် ပြင်ဆင်ဆောင်ရွက်ကြ ရမှာ ဖြစ်ပါတော့တယ်..။


အာကာသနှင့် စကြ၀ဠာ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...