အသက်ခုနှစ်နှစ်ကျော်လွန်သွားပါက မျက်စိစွေစောင်းခြင်းအား ကုသရန်အလွန်ခက်ခဲဟုဆို



“မျက်စိစွေစောင်းနေတဲ့ ကလေးတွေအသက်ခုနှစ်နှစ် မကျော်လွန်ခင်အထိဆိုရင် ကုသလို့ရနိုင်သေး တယ်။ အဲဒီထက်ကျော်လွန်သွားပြီဆိုရင်တော့ ကုသပျောက်ကင်းနိုင်ဖို့ အလားအလာနည်းသွားပြီ။ အဲ ဒါကြောင့် မိဘတွေအနေနဲ့ ကြိုတင်ပြီးသတိထားကြဖို့လိုတယ်” ဟုကလေးမျက်စိခွဲစိတ်အထူးကု ဆရာဝန် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

မျက်စိစွေရခြင်းအကြောင်းအရင်း

ကလေးများ မွေးရာပါမျက်စိစွေစောင်းခြင်းတွင် အမျိုးအစားအမျိုးမျိုးရှိပြီး ဥပမာအားဖြင့် အတွင်းထဲသို့ စွေခြင်း၊ အပြင်ဘက်သို့စွေခြင်းစသဖြင့် စွေသည့်ပုံစံကိုကြည့်၍ခွဲခြားနိုင်ကြောင်း သိရသည်။

“နောက်တစ်ခုက မျက်မှန်ပါဝါလိုလို့ မျက်စိစွေတာရှိတယ်။ မမြင်ရလို့စွေတာတွေရှိတယ်။ မျက်မှန်ပါဝါ လိုလို့ဆိုတာက ပါဝါတွေက ၄၀၀၊ ၅၀၀ ရှိတယ်။ အဲလောက်ရှိတဲ့ပါဝါမျက်မှန်ကိုတပ်ရမှာကို မသိကြ ဘူး။ မသိတဲ့အခါမှာ မျက်စိကမမြင်ရဘူး။ မမြင်ရတော့ဝါးနေတယ်။ အဲဒီတော့မျက်စိက စွေသွား တယ်။ ဒါကဘာကြောင့်ဖြစ်ရတယ်ဆိုတာပါ” ဟုဆိုသည်။

ယင်းကဆက်လက်၍ “နောက်တစ်ခုက မျက်မှန်ပါဝါလဲမရှိဘူး။ အမြင်ဝါးစေတဲ့ကိစ္စတွေလဲ မရှိဘဲနဲ့လဲ ဖြစ်တော့ဖြစ်တတ်တယ်။ သူ့ဘာသာသူမွေးကတည်းက ဖြစ်တာလဲရှိတယ်။ နောက်တစ်ခုကတော့ အမြင် ဝါးလို့ဖြစ်တဲ့အထဲမှာ တိမ်တို့အခြားရောဂါတွေမွေးရာပါအမြင်ကိုကွယ်စေတဲ့ ရောဂါတွေကြောင့် မျက်စိ ကစောင်းသွားတာရှိတယ်” ဟုဆိုသည်။

စောစောသိဖို့အရေးကြီး

မျက်စိစွေစောင်းသည့် ရောဂါများသည် စောစောစီးစီးသိရှိကာဆရာဝန်နှင့် ပြသနိုင်ခြင်းသည် အကောင်း ဆုံးဖြစ်ကြောင်း ယင်းအချက်သည်အကောင်းဆုံးနှင့် အရေးပါဆုံးအချက်ဖြစ်ကြောင်း သိရ သည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ အမြင်နဲ့ဆိုင်တဲ့အကြောင်းတွေအများကြီးရှိတယ်။ ကလေး တစ်ယောက်ကမွေးပြီးတဲ့အချိန်မှာ အမြင်အာရုံ အပြည့်ရတာမျိုးမဟုတ်ဘူး။ ဖွံ့ဖြိုးမှုကကျန်သေး တယ်။ အသက် ခုနှစ်နှစ်လောက်အထိက အမြင်အာရုံနဲ့ဆိုင်တဲ့ဖွံ့ဖြိုးမှုတွေက သွားနေသေးတယ်။ အဲဒီအ ချိန်လေးမှာမှ မျက်စိစွေတာတို့ စောင်းတာတို့၊ အမြင်မှုန်တဲ့ကိစ္စတွေကို မပြင်လိုက်နိုင်ရင် အသက်ကြီးမှ လုပ်လဲအလကားပဲ။ အကျိုးမရှိတော့ဘူး။ မြင်ဖို့အတွက် အလားအလာကမရှိတော့ဘူး” ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

မျက်စိရောဂါများတွင်မြင်ရဖို့မှာ အဓိကဖြစ်သောကြောင့် မျက်စိစွေစောင်းခြင်းနှင့်ပတ်သက်၍ စောနိုင် သမျှစော၍ မျက်စိဆရာဝန်နှင့်ပြသနိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း၊ သို့မှသာလျှင် လိုအပ်သည် များကို စစ်ဆေး၍ ကုသနိုင်မည်ဖြစ်ကြောင်းနှင့် အမြင်အားနည်းနေသည်များကိုလည်း အမြင်သန်လာ စေရန် စီမံကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ကျမှကုလျှင် မျက်စိပြန်တည့်နိုင်သော်လည်း အမြင်အာရုံပြန်မကောင်းနိုင်

ကလေးအသက် ၈၊ ၉၊ ၁၀ နှစ်ခန့်ရောက်မှသာ ဆရာဝန်နှင့်လာရောက်ပြသသည်ဆိုပါက ဆရာဝန် များအနေဖြင့် မျက်စိစွေသည်ကိုတည့်အောင်လုပ်ပေး၍ရသော်လည်း အမြင်အာရုံရရှိစေရန်အတွက် မဖြစ်နိုင်တော့ကြောင်း သိရသည်။

“ဘာကြောင့်လဲဆိုတော့ အမြင်အာရုံတိုးတက်တဲ့အချိန် ကာလတွေကကျော်လွန်သွားပြီ။ အဲဒီကာလ တွေမှာ အမြင်အာရုံတိုးတက်မှုကို တည့်မပေးလိုက်နိုင်တဲ့အတွက် အမြင်အာရုံတိုးတက်မှုဟာ နောက် ကျသွားပြီးအမြင်အာရုံတိုးတက်ပြောင်းလဲမှုကို ပိတ်ပင်တားဆီးလိုက်သလိုဖြစ်သွားပြီ။ အဲဒီအချိန်မှာ အမြင်အာရုံကမသန်တော့ဘူး” ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

မျက်စိဆေးပညာအရ ကလေးအသက်ခုနှစ်နှစ်ခန့်အရွယ်အထိ ဦးနှောက်နှင့်မျက်လုံးအာရုံများ၏ ဆက်စပ် မှုကို ပြန်လည်လေ့ကျင့်၍ရသေးသော်လည်း ကျော်လွန်သွားပါကအမြင်အာရုံ တိုးတက်လာ စေရန်အ တွက် ပြုလုပ်မပေးနိုင်တော့ကြောင်း သိရသည်။

“အသက်ခုနှစ်နှစ်အထိ ရသေးတယ်ဆိုပြီးတော့ အသက်ခုနှစ်နှစ်မှလာရင်တော့ ရတော့ရမယ်။ ဒါပေမဲ့ ပြင်လို့ရတဲ့ ပမာဏကနည်းသွားလိမ့်မယ်။ အကောင်းဆုံးကတော့ စောလေကောင်းလေပဲ။ ဥပမာ-အသက် တစ်နှစ်၊ နှစ်နှစ် မွေးကင်းစမှာသိလေပိုကောင်းလေပဲ” ဟု ဒေါက်တာသန်းထွန်းအောင်က ဆက်လက်ပြောကြားခဲ့သည်။ 


Democracy Today Daily
ဇွန် (၆) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...