ဓာတ်ဆီရောနှောနေသည့် ထမင်းများ စားမိ၍ ဂီနီရာတွင် လူ(၁၀၀)ကျော် ဆေးရုံရောက်
ဓာတ်ဆီရောနှော ပါဝင်နေသည့် ထမင်းများ စားမိသဖြင့် ဂီနီရာနိုင်ငံတွင် လူပေါင်းရာနှင့်ချီ ဆေးရုံရောက် ခဲ့ကြောင်း သိရှိရသည်။ AFPသတင်းဌာနက ဇွန်လ(၁၇)ရက်နေ့တွင် လူပေါင်း(၁၁၄)ဦးမျှ ဆေးရုံတက် ကုသမှု ခံယူခဲ့ရကြောင်း ဆရာဝန်များ၏ အဆိုကို ကိုးကားပြီး ဖော်ပြခဲ့သည်။ အာဖရိကတိုက် အနောက် ဘက် ကမ်းရိုးတန်းရှိ နိုင်ငံ၏ မြို့တော်ဖြစ်သော ကွန်နာကရီမှ ဆရာဝန် တစ်ဦးက “စုစုပေါင်း လူနာ (၁၁၄)ယောက်ထိ ဆေးရုံရောက်နေပါတယ်”ဟု ပြောကြားခဲ့သည်။ အဆိုပါ ဆရာဝန်က ၎င်း၏ အမည် ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။
လူနာများသည် ဝမ်းဗိုက်အတွင်းမှ နာကျင်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းတို့ကို ခံစားနေရကြောင်း လည်း အဆိုပါ ဆရာဝန်က ဆက်လက် ပြောကြားခဲ့သည်။ “ထမင်းရယ်၊ အချဉ်ရည်ရယ် စားလာတဲ့ အချိန်မှာ ဓာတ်ဆီတွေ ရောနေတဲ့အတွက် ခုလိုဖြစ်တာပါ”ဟု အဆိုပါ ဆရာဝန်က အတည်ပြုခဲ့သည်။ ဆေးရုံသို့ လူနာအများအပြား ရုတ်တရက် ရောက်ရှိလာသည့်နောက် ကောလာဟလများ ထွက်ပေါ် လာပြီး ရှိရင်းစွဲ လူနာများက အီဘိုလာ ဝမ်းရောဂါ ပျံ့နှံ့ကူးစက်ခြင်းဟု အထင်မှားကာ ထွက်ပြေး ခဲ့ကြောင်းလည်း သိရသည်။ အီဘိုလာသည် အလွန်ပြင်းထန်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ဂီနီရာတွင် ယင်းရောဂါကြောင့် လူပေါင်း(၂၀၀)ကျော် သေဆုံးထားပြီးဖြစ်သည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)