မျက်ဝန်းမှတစ်ဆင့် သိမြင်နိုင်သော သင်နှင့် သင့်ကလေးကျန်းမာရေး


photo:google

မျက်လုံးဆိုတာ စိတ်ရဲ့တံခါးပေါက်လို့ ဖွင့်ဆိုခဲ့ကြပါတယ်။ မျက်လုံးဟာ စိတ်ရဲ့တံခါးပေါက် ဖြစ်ရုံသာမကဘဲ ကျန်းမာရေးကိုပါ သိမြင်နိုင်တဲ့ တံခါးတစ်ချပ်ဖြစ်နေပါပြီ။ သင်ရဲ့ ကျန်းမာရေး အဆိုးအကောင်းကို သင့်မျက်ဝန်းတွေကတစ်ဆင့် သိမြင်နိုင်နေပါပြီ။ မျက်လုံးကပြောတဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သိရှိနိုင်အောင် ဖော်ပြပေးချင်ပါတယ်။

သင့်ကျန်းမာရေး

မျက်လုံးနီရဲခြင်း (ဆက်စပ်နိုင်သော ရောဂါ - သွေးတိုးခြင်း)
မျက်လုံးရဲ့ အပြင်ဘက်ဆုံးအလွှာဖြစ်တဲ့ မျက်ကြည်လွှာကို အာဟာရ ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေ များစွာရှိပါတယ်။ အဲဒီသွေးကြောလေးတွေ ပေါက်တဲ့အခါ မျက်လံးရဲ့ အဖြူသားဟာ အနီရောင်ဖြစ်လာပါတယ်။ အများအားဖြင့် စိုးရိမ်ရတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ မျက်လုံးနီရဲတာဟာ သွေးပေါင်တက်တာနဲ့ သွေးခဲရာမှာ အဟန့်အတားဖြစ်စေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

မျက်လုံးဖောင်းအစ်ခြင်း (ဆက်စပ်နိုင်သော ရောဂါ - သိုင်းရွိုက်ဟော်မုန်း မညီမျှခြင်း)
တချို့တွေက မျိုးရိုးလိုက်ပြီး မျက်လုံးဖောင်းနေတတ်ကြပါတယ်။ ဒါပေမဲ့ သိသိသာသာ မျက်လုံးဖောင်းအစ်နေရင်တော့ သိုင်းရွိုက်ဂလင်းရောဂါနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟော်မုန်းမညီမျှတာက မျက်လုံးနားတစ်ဝိုက်မှာရှိတဲ့ တစ်သျှူးတွေကို ဖောင်းအစ်စေပါတယ်။ မျက်ခွံဖောင်းအစ်နေတာက မျက်လုံးဖောင်းအစ်နေသလိုမျိုး ဖြစ်စေပါတယ်။

မျက်လုံးအရောင်ပြောင်းလဲခြင်း (ဆက်စပ်နိုင်သော ရောဂါ - အမူန်ဝင်ခြင်း၊ သွေးထွက်ခြင်း၊ ရေတိမ်ခြင်း)
သင့်မျက်လုံးအရောင်ပြောင်းတာက မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ မျက်လုံး အရောင်ပြောင်းသွားတယ်ဆိုရင် မျက်လုံးထဲက သွေးကြောလေးတွေကနေ သွေးထွက်တာ၊ မျက်လုံးထဲကို ပြင်ပအရာဝတ္ထုပစ္စည်းတစ်ခုခုဝင်တာ၊ မျက်လုံးရေတိမ်ဖြစ်တာ၊ မျက်လုံးရောင်ရမ်းတာနဲ့ တခြားသော မွေးရာပါမျက်လုံးရောဂါ တချို့တွေကြောင့် ဖြစ်စေနိုင်ပါတယ်။

မျက်ခွံလေးတွဲကျခြင်း (ဆက်စပ်နိုင်သော ရောဂါ - အသက်အရွယ်ကြီးရင့်လာခြင်း)
အသက်အရွယ်ကြီးရင့်လာတာကြောင့် မျက်ခွံလေးတွဲကျလာတာ ဖြစ်နိုင်ပါတယ်။ ဦးနှောက်မှာ အဖုအကျိတ်ဖြစ်တာ၊ အလိုအလျောက်ခုခံအားစနစ်ကြောင့် ကြွက်သားတွေ အားနည်းရင်လည်း မျက်ခွံ လေးတွဲကျလာတာဖြစ်နိုင်ပေမယ့် တွေ့ရခဲပါတယ်။

မျက်လုံးသူငယ်အိမ်မူမမှန်ခြင်း (ဆက်စပ်နိုင်သော ရောဂါ - ဦးနှောက်နှင့် အာရုံကြောရောဂါများ)
အများအားဖြင့် ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ မျက်လုံးသူငယ်အိမ် နှစ်ဖက်က အချိုးညီညီ ရှိနေတတ်ပါတယ်။ အရွယ်စားညီမျှပြီး အလင်းရောင်အပေါ် တုံ့ပြန်မူကိုလည်း ညီတူညီမျှ လုပ်ဆောင်ပါတယ်။ တကယ်လို့ မျက်လုံးသူငယ်အိမ်တစ်ဖက်က အခြားတစ်ဖက်ထက် ကြီးလာတာ၊ ဒါမှမဟုတ် တခြားတစ်ဖက်အောက် သေးငယ်သွားတာ၊ ရူံ့သွားတာတွေ ဖြစ်သွားပါက ကျန်းမာရေးနဲ့ ဆက်စပ်မူ ရှိနေပါတယ်။ လေဖြတ်တာ၊ ဦးနှောက်နဲ့အမြင်အာရုံကြောမှာ အဖုအကျိတ်ဖြစ်တာ၊ ဦးနှောက်သွေးကြောဖောင်းနေတာ၊ ကာလသားရောဂါနဲ့ ကြွက်သားမျှင်တွေ မာလာတာ၊ ထူလာတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

မျက်ကြည်လွှာတွင် ကွင်းပေါ်ခြင်း (ဆက်စပ်နိုင်သော ရောဂါ - ကော့ပါးများစုပုံခြင်း)
တွေ့ရခဲတဲ့ ၀ဲလ်ဆန်စ်ရောဂါ (Wilson’s Disease)ရဲ့ လက္ခဏာရပ်တစ်ခုပါ။ ခန္ဓာကိုယ်တွင်းမှ ကော့ပါး သယ်ယူပို့ဆောင်ပေးတဲ့ အင်ဇိုင်းချို့တဲ့တာကြောင့် အသည်းနဲ့ ဦးနှောက်မှာ ကော့ပါးတွေ စုပုံလာတာကြောင့်ပါ။ တစ်ခါတစ်ရံ မျက်ကြည်လွှာရဲ့ အတွင်းဘက်အလွှာမှာပါ ကော့ပါးတွေ စုပုံလာတာကြောင့် မျက်ကြည်ဘေးမှာ ကွင်းတစ်ခုပေါ်လာတာပါ။ Kayser Fleischer fings လို့ခေါ်ပါတယ်။ ဒီကွင်းက အန္တရယ်သိပ်မပေးတတ်ပေမယ့် ၀ဲလ်ဆန်စ်ရောဂါကတော့ အသက်အန္တရာယ်ပေးနိုင်တာကြောင့် ကုသမူခံယူဖို့ လိုပါတယ်။

မျက်ခွံထူလာခြင်း (ဆက်စပ်နိုင်သော ရောဂါ - အာရုံကြောကို ဖုံးထားတဲ့ အမျှင်တစ်သျှူးမှာဖြစ်တဲ့ အဖုအကျိတ်)
အာရုံကြောကို ဖုံးထားတဲ့အမျှင် တစ်သျှူးမှာဖြစ်တဲ့ အဖုအကျိတ်ကြောင့်ဖြစ်လာတဲ့ လက္ခဏာရပ်ထဲက တစ်ခုဖြစ်နိုင်ပမယ့် တွေ့ရခဲပါတယ်

မျက်လုံးအ၀ါရောင်ဖြစ်ခြင်း (ဆက်စပ်နိုင်သော ရောဂါ - အသည်းရောဂါ)
အသည်းရောဂါတွေနဲ့ ဆက်စပ်နိုင်ပါတယ်။ အသည်းရောင်တာ၊ အသည်းခြောက်တာတွေမှာ မျက်လုံးအ၀ါရောင် ဖြစ်နေတတ်ပါတယ်။ ဘီလီရူဘင်ကြာင့် မျက်လုံးအ၀ါရောင် ဖြစ်ရတာပါ။ ဘီလီရူဘင်တွေက သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင်တွေ ပြိုကွဲရာကနေ ထွက်ရှိလာပါတယ်။

သင့်ကလေးကျန်းမာရေး

သင့်ကလေးရဲ့ မျက်လုံးတွေကို ကြည့်ပြီးလည်း ကျန်းမာရေးအခြေအနေကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။

မျက်လုံးကြီးခြင်း
ကလေးရဲ့မျက်လုံးတစ်ဖက်က တခြားတစ်ဖက်ထက် သိသိသာသာကြီးနေခဲ့ရင် မွေးရာပါ မျက်လုံးရေတိမ်ရောဂါရဲ့ နောက်ကျတဲ့အဆင့်မှာ ဖြစ်တတ်တဲ့ လက္ခဏာရပ် ဖြစ်နေနိုင်ပါတယ်။

မျက်ကြည်အလင်းပိတ်ခြင်း၊ အလင်းတန်းဖြာ မျက်စိစွေခြင်း
မျက်ကြည်အလင်းပိတ်တာ၊ အလင်းတန်းဖြာ မျက်စိစွေတာဖြစ်လာတဲ့ ကလေးတွေကို အစောဆုံးသိရှိပြီး ကုသပေးနိုင်ဖို့လိုပါတယ်။ ဖြစ်ခဲ့ပေမယ့် မျက်လုံးတွင်းမှာ အဖုအကျိတ်ဖြစ်တာ၊ အမြင်အာရုံကြောဆိုင်ရာ ရောဂါတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

သွေးလွှတ်ကြောအတွင်း အဆီခဲပိတ်ခြင်း
သွေးတွင်း အဆီများတာကြောင့် သွေးလွှတ်ကြောအတွင်း ကိုလက်စထရော အဆီခဲတွေ ပိတ်ဆို့နိုင်ပါတယ်။ နှလုံးသွေးကြောနဲ့ လည်ပင်းမှာရှိတဲ့ ကာရော့တစ်သွေးလွှတ်ကြောတွေမှာ အဆီခဲတွေ ပိတ်ဆို့တဲ့အခါ အဲဒီအဆီခဲတွေက သွေးကြောကနေတစ်ဆင့် မျက်လုံးရဲ့ သွေးကြောထဲ ရောက်သွားတတ်ပါတယ်။ မြင်လွှာရဲ့ သွေးကြောလေးတွေဆီ အဆီခဲတွေ ရောက်သွားတဲ့အခါ မျက်လုံးမှာရှိတဲ့ သွေးကြောတွေရဲ့ ကွန်ရက်နဲ့ အာရုံကြောဆဲလ်တွေကို ရူပ်ထွေးစေပါတယ်။

အမြင်အာရုံကြောမူမမှန်ခြင်း
အမြင်အာရုံကြောက မြင်လွှာမှ သတင်းအချက်အလက်ကို ဦးနှောက်ဆီကို ပေးပို့ပြီး မြင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အမြင်အာရုံကြောချို့ယွင်းတာက ဦးနှောက်အကျိတ်နဲ့ သွေးကြောဖောင်းကျယ်တာ တွေရဲ့ အစောဆုံးလက္ခဏာတစ်ရပ်လည်း ဖြစ်နိုပါတယ်။

မြင်လွှာချို့ယွင်းခြင်း
ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမူတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါတွေက သွေးကြောတွေနဲ့ မြင်လွှာအာရုံကြောကို ပျက်စီးစေပါတယ်။ မြင်လွှာပျက်စီးရင် သွေးအနည်းငယ်ထွက်တာ၊ အ၀ါရောင်အရည်တွေ စီးကျတာ၊ မျက်လုံးထဲမှာဝါဂွမ်း ဖတ်ကပ်နေသလိုတွေ ဖြစ်နိုင်ပါတယ်။ မြင်လွှာမှာ အဖြူဖတ်ကပ်နေသလိုမျိုးက ခုခံအားကျဆင်းမူရောဂါရဲ့ လက္ခဏာတစ်ရပ်အဖြစ်လည်း ပြတတ်ပါတယ်။

အထက်ပါ လက္ခဏာရပ်တွေထဲက တစ်ခုခုကို သင့်ကလေးမှာ၊ သင့်အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတစ်ယောက်ယောက်မှာ တွေ့ရှိခဲ့ရင် ဆရာဝန်ကိုပြသဖို့၊ ပြသရန်တိုက်တွန်းဖို့ လိုပါတယ်။

ဇာခြည်ဝင်း - ဆေးဝါးတက္ကသိုလ် (GOOD HEALTH JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...