ခံတွင်းအနံ့ဆိုးခြင်း (Halitosis)



Q. ခံတွင်းအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်းတွေကို ရှင်းပြပေးပါဆရာ။
A. ပါးစပ်ခံတွင်းထဲက အနံ့အသက်ထွက်တာကို ခံတွင်းအနံ့(Mouth Odour) လို့ ခေါ်ပါတယ်။ ခံတွင်း အနံ့ဆိုးထွက်မကောင်းတာကို အနံ့ဆိုး(Halitosis) လို့ခေါ်ပါတယ်။ ခံတွင်းအနံ့ဆိုးထွက်တာက အကြောင်းရင်းသုံးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

(၁) သွား၊ သွားဖုံး၊ ခံတွင်းစတဲ့ အစိတ်အပိုင်းတွေမှာ ရောဂါတွရှိတာကြောင့် အနံ့ဆိုးထွက်နိုင်ပါတယ်။

(၂) စားလိုက်တဲ့ အစားအစာတွေပေါ် မူတည်ပြီး ခံတွင်းအနံ့ဆိုးထွက်နိုင်ပါတယ်။

(၃) ကိုယ်တွင်းရောဂါရှိရင် ခံတွင်းအနံ့ဆိုး ထွက်နိုင်ပါတယ်။

Q. သွား၊ သွားဖုံးနဲ့ ခံတွင်းစတဲ့ အစိတ်အပိုင်းတွေမှာ ဘယ်လို ရောဂါတွေရှိရင် အနံ့ဆိုးထွက်တတ်ပါသလဲ ဆရာ။
A. သွားပိုးစားရောဂါ(Dental Caries)ကြောင့် ခံတွင်းအနံ့ဆိုးထွက်နိုင်ခြေ များပါတယ်။ သွားပိုးစားတာကြောင့် သွားအတွင်းက တတိယအလွှာဖြစ်တဲ့ မွှသွားလွှာ(Pulp)ဆီကို ရောဂါပိုးတွေ ရောက်ရှိသွားပါတယ်။ မွှသွားလွှာမှာ သွေးကြောနဲ့ အာရုံကြောတွေ ရှိပါတယ်။ အဲဒီကို ရောဂါပိုးတွေ ရောက်ရှိသွားတဲ့အခါ သွေးကြောနဲ့ အာရုံကြောတွေ ရောင်ရမ်းလာပါတယ်။ အဲဒါကို ဆေးပညာအရ Pulpitis (သွားအတွင်းအာရုံကြောတွေ ရောင်ရမ်းတဲ့ရောဂါ) လို့ခေါ်ပါတယ်။ ဆိုလိုတာက သွားအတွင်အာရုံကြောတွေ ပုပ်ပွလာပါတယ်။ ဒီလိုဖြစ်ရင် ခံတွင်းအနံ့ဆိုးထွက်တတ်ပါတယ်။ နောက်တစ်ချက်က သွားမြစ်ထိပ်ပြည်တည်နာ (Periapical Abscess)၊ သွားဖုံးရောင်ရောဂါ (Gingivitis)၊ သွားဖုံးပြည်တည်နာ (Gingivtis Abscess)၊ သွားကြွသွာဖုံးကျတဲ့ ရေစီးကမ်းပြိုရောဂါ (Periodontitis)၊ သွားဖုံးသားစားရောဂါ (ANUG) (Acute Necrotizing Ulcerative Gingivitis) (Vincent’s Infection)၊ သွားဖုံးနဲ့ နူတ်ခမ်းတွေမှာ ဗိုင်းရပ်ပိုးကြောင့် အနာပေါက်တဲ့ရောဂါ (Herpetic Gingivo Stomatitis)၊ လျှာအညှိတက်ရောဂါ (Coated Tongue)၊ လျှာကွဲရောဂါ (Fissured Tongue)စတဲ့ ရောဂါတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးထွက်တတ်ပါတယ်။ ခံတွင်းအနံ့ဆိုး ထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေက ခံတွင်းထဲမှာ ဓာတ်ပြုပြီး ခံတွင်း အနံ့ဆိုးထွက်ရတာ ဖြစ်ပါတယ်။

Q. ဘယ်လိုအစားအစာတွေ စားမိတဲ့အခါမှာ ခံတွင်းအနံ့ဆိုး ထွက်တတ်ပါသလဲ ဆရာ။
A. အနံ့အသက်ပြင်းတဲ့ အစာတွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ဒူးရင်းသီး၊ တညင်းသီးစတဲ့ အစာတွေကို စားလိုက်ရင် စားလိုက်တဲ့ အစာတွေကို သွေးကြောထဲ စုပ်ယူသွားပါတယ်။ အသက်ပြန်ရှူထုတ်တဲ့ အခါမှာ ရှူထုတ်လိုက်တဲ့လေနဲ့အတူ ပါးစပ်ထဲကနေ အနံ့ဆိုးတွေ ပြန်ထွက်သွားပါတယ်။ အလားတူ ဆီးနဲ့အတူလည်း အနံ့ဆိုးတွေ ပါသွားတတ်ပါတယ်။ တချို့အစားအစာတွေက အနံ့ဆိုးမထွက်စေနိုင်ပေမယ့် စားလိုက်တဲ့ အစာက သွားအခေါင်းထဲညပ်နေတာ၊ ကျဲနေတဲ့ သွားကြားထဲ ညပ်နေတာ၊ အသေစိုက်ထားတဲ့ သွားတုတွေကြားထဲ ညပ်နေတာတွေကြောင့်လည်း ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုပြီး မကောင်းတဲ့ အနံ့အသက်ကို ထွက်စေနိုင်ပါတယ်။

Q. ဘယ်လို ကိုယ်တွင်းရောဂါကြောင့် ခံတွင်း အနံ့ဆိုးထွက်တတ်ပါသလဲ ဆရာ။
A. ခံတွင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကြောင့် ခံတွင်းအနံ့ဆိုးကို ထွက်စေနိုင်ပါတယ်။ ဘယ်လိုရောဂါတွေလဲဆိုရင် နှာခေါင်းတွင်းမှာ ဖြစ်တဲ့ ထိပ်ကပ်နာ (Nasal Sinusitis)၊ အာသီးရောင်တာ (Tonsilitis)၊ နှာခေါင်း၊ လည်ချောင်းနာရာတွေမှာ ဖြစ်တဲ့ရောဂါ (Nasophrayngeal Region)၊ အစာအိမ်လမ်းကြောင်းရောဂါ (Digestive Tract Disease)၊ လေပြွန်နဲ့ အဆုတ်လမ်းကြောင်းမှာဖြစ်တဲ့ ရောဂါ (Bronchopulmonary Region) တွေကြောင့် ခံတွင်း အနံ့ဆိုးထွက်တတ်ပါတယ်။ ထူးခြားတဲ့ အနံ့တစ်မျိုးကို ထွက်စေတဲ့ ရောဂါက ဆီးချိုရောဂါပါ။ ဆီးချိုရောဂါရှိရင်လည်း ခံတွင်းကနေ အမိုးနီးယားအနံ့ထွက်တာ၊ Acetone အနံ့ထွက်တာ၊ သစ်သီးနံ့ထွက်တာတွေ ဖြစ်တတ်ပါတယ်။ သွားဖုံးသားစားရောဂါနဲ့ ပါးစပ်အနာတွေ ဖြစ်တာကြောင့်လည်း ချဉ်စုပ်တဲ့အနံ့တွေ ထွက်တတ်ပါတယ်။

Q. ခံတွင်းအနံ့ဆိုးမထွက်အောင် ဘယ်လို ကာကွယ်ပါသလဲ ဆရာ။
A. ခံတွင်းအနံ့အသက် မကောင်းတာ မျိုးမဖြစ်အောင် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

၁) အစာစားပြီးတိုင်း ခံတွင်းကို ရေနဲ့ ပလုတ်ကျင်းပေးတဲ့နည်းက ခံတွင်းအနံ့ဆိုးမထွက်အောင် ကာကွယ်ပေးနိုင်တဲ့ အလွယ်ဆုံးနည်း ဖြစ်ပါတယ်။

* သွားနံ့ ခံတွင်းသန့်ရှင်းရေးကို နေ့စဉ်လုပ်ဆောင်ပေးသင့်ပါတယ်။

* တစ်နေ့တာလုံး စားချင်သမျှ စားပြီး ညအိပ်ရာဝင်ချိန်မှာ သွားမတိုက်ရင် သွားဖုံးနဲ့ သွားမှာ ကပ်နေတဲ့ စားကြွင်းစားကျန်တွေက ပိုးတွေ ပေါက်ပွားစေနိုင်ပါတယ်။ ဒါကြောင့် သွားနဲ့ သွားဖုံးတွေ စင်ကြယ်နေအောင် သွားတိုက်ပေးသင့်ပါတယ်။

* သွားတိုက်တံကို သုံးပြီး သွားနဲ့ ခံတွင်းကို သန့်စင်ပေးပါ။

* နေ့စဉ် ညအိပ်ရာမ၀င်ခင်နဲ့ နံနက်အိပ်ရာထ နံနက်စာစားပြီးချိန် နှစ်ကြိမ်သွးတိုက်ပေးပါ။

* သွားကြိုသွားကြားမှာ ကပ်ညိနေတတ်တဲ့ စားကြွင်းစားကျန်တွေ ကင်းဝေးအောင် သွားကြား ပွတ်ကြိုးကို သုံးပေးပါ။

* သွားကြားပွတ်ကြိုးကို မသုံးဖြစ်ရင် ဒါမှမဟုတ် သုံးဖို့ အဆင်မပြေရင် သွားကြားထိုးတံ အနုစားကို သုံးပေးပါ။ သင့်တော်ရာ ခံတွင်းသန့်ဆေးရည်ကို ငုံပေးပါ။

* သွားနဲ့ခံတွင်း ဆရာဝန်ထံ မှန်မှန်စစ်ဆေးပြသမူ ခံယူပါ။

* ခံတွင်းအနံ့ဆိုးတာနဲ့ ဆရာဝန်ထံ သွားပြသင့်ပါတယ်။ ခြောက်လတစ်ကြိမ် ပုံမှန်စစ်သင့်ပါတယ်။ အထွေထွေရောဂါတွေကို သက်ဆိုင်ရာဆရာဝန်ထံ ပြသပြီး ကုသမူ ခံယူသင့်ပါတယ်။

* လျှာကို စစ်ဆေးပါ။ လျှာအညှိတက်နေရင် လျှာပွတ်တံကို သုံးပါ။

၂) အစားအစာကြောင့် ခံတွင်းအနံ့ဆိုးမထွက်အောင် ကြွပ်ဆတ်တဲ့ အသီးအနှံတွေဖြစ်တဲ့ ပန်းသီး၊ သစ်တော်သီး၊ မာလကာသီး၊ ကျွဲကောသီး၊ ရှောက်ချို၊ လိမ္မောသီးစတဲ့ အသီးတွေကို စားပေးပါ။ အနံ့ပြင်းတဲ့ အစာတွေကို စားမိရင် စားပြီးပြီးချင်း ပလုတ်ကျင်းကြီး သွားတိုက်ပေးပါ။

၃) သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ ရောဂါစစ်တာ၊ ကုသတာတွေ ပြုလုပ်ပါ။ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ။


သွားနှင့်ခံတွင်းဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီး (ဒေါက်တာဦးအောင်သန်း)
(GOOD HEALTH JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...