ရင်ကျပ်ခြင်းနှင့် ၀မ်းဗိုက်အဆီများခြင်း ဆက်စပ်မူရှိ



ဝမ်းဗိုက်အဆီများခြင်းသည် ရင်ကျပ်ရောဂါဖြစ်ပွားခြင်းနှင့် ဆက်စပ်မူရှိကြောင်း European Respiratory Society၏ နှစ်ပတ်လည်ညီလာခံတွင် စာတမ်းဖတ်ကြားခဲ့ခြင်းဖြစ်သည်။ ၀မ်းဗိုက်အဆီ များပြားခြင်းသည် ဆီးချိုရောဂါနှင့် နှလုံးရောဂါတို့ကဲ့သို့သော ရောဂါများနှင့် ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိခဲ့ကြသော်လည်း အဆုတ်ရောဂါနှင့် ဆက်စပ်မူကို လေ့လာမူများမှာ နည်းပါးလှသည်။ ၀ဖြိုးမူကို ဖော်ပြသော ညွှန်းကိန်းတစ်ခုဖြစ်သည့် BMIနှင့် ရင်ကျပ်ခြင်း၏ဆက်စပ်မူကို ယခင်လေ့လာမူများအရ တွေ့ရှိခဲ့ပြီးဖြစ်ပြီး၊ ယခုလေ့လာမူတွင် ၀မ်းဗိုက်အဆီများခြင်းကို ဖော်ပြသည့် ခါးပတ်လည်အတိုင်းအတာနှင့် ၎င်း၏ ရင်ကျပ်ရောဂါကို ဖြစ်စေနိုင်မူကို လေ့လာခဲ့ခြင်းဖြစ်သည်။ လေ့လာသူများက နော်ဝေးနိုင်ငံရှိ အသက် ၁၉-နှစ်နှင့် ၅၅-နှစ်ကြား ရင်ကျပ်ရောဂါမရှိသူ ၂၃၂၄၅-ဦးအား ၁၁-နှစ်ကြား လေ့လာခဲ့ခြင်းဖြစ်သည်။ ပါဝင်သူများ၏ BMIနှင့် ခါးပတ်လည် အတိုင်းအတာ နှစ်မျိုးစလုံးအား တိုင်းတာခဲ့ပြီး၊ ကိုယ်ခန္ဓာဝဖြိုးခြင်းနှင့် ၀မ်းဗိုက်အဆီများခြင်းတို့ကို စမ်းသပ်ရန် အသုံးပြုခဲ့သည်။ ထို့နောက် ထိုသူများ ရင်ကျပ်ရောဂါရ၊ မရကိုပါ မှတ်တမ်းတင်ခဲ့သည်။

ရလဒ်များအရ ၀မ်းဗိုက်အဆီများပြားပြီး ကိုယ်ခန္ဓာဝဖြိုးလွန်းခြင်းမရှိသူများတွင် ရင်ကျပ်ရောဂါဖြစ်ပွားမူ ၁ ဒသမ ၄၄ ဆ ပိုမိုများပြားခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး၊ ၀မ်းဗိုက်အဆီ များပြားပြီး ခန္ဓာကိုယ် ၀ဖြိုးလွန်းသူများတွင်မူ ရင်ကျပ်ရောဂါဖြစ်ပွားမူ ၁ ဒသမ ၈၁ ဆ ထိများပြားကြောင်း တွေ့ရှိခဲ့ရသည်။ ရင်ကျပ်ရောဂါသည် ပိန်သူ၊ ၀သူ မရွေး အားလုံးတွင် ဖြစ်ပွားနိုင်သော်လည်း ၀မ်းဗိုက်အဆီများခြင်းနှင့် ခန္ဓာကိုယ်ဝဖြိုးခြင်း နှစ်မျိုးစလုံးက ရင်ကျပ်ရောဂါ ဖြစ်ပွားမူအပေါ် သူ့နည်းသူဟန်ဖြင့် လွှမ်းမိုးမူရှိကြောင်း ယခုလေ့လာမူက ဖော်ပြခဲ့ခြင်းဖြစ်သည်။

KZH (Pharmaco)Ref;Medical Newstoday.
(GOOD HEALTH JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...