New $100 Dollar Bill..


ဒီဇိုင်းသစ်၊ လုံခြုံရေးအမှတ်အသား အသစ်တွေနဲ့ အမေရိကန်ဒေါ်လာ တစ်ရာတန် အသစ်ကို အင်္ဂါနေ့က စပြီး မှာကြား နိုင်ပေမယ့် လူထု အနေနဲ့ ကိုယ်တိုင် မြင်ရဖို့တော့ ရက်သတ္တပတ် အနည်းငယ် ကြာဦးမှာပါ။

ရိုက်နှိပ် ထုတ်ဝေမှုတွင် နှောင့်နှေး ကြန့်ကြာ မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံး ထွက်ရှိလာတဲ့ Benjamin Franklin ရုပ်နှင့် ဒေါ်လာရွက် အသစ် ပေါ်မှာ သုံးဘက်မြင် လုံခြုံရေး ကြိုးပြားနဲ့ ကြေးနီ ရောင်မှ အစိမ်းရောင် ပြောင်းတဲ့ လွတ်လပ် ရေး ခေါင်းလောင်း တံဆိပ်တို့ ပါရှိလာ ပါတယ်။ အင်္ဂါနေ့ မှာတော့ ကာလာစုံ ဒီဇိုင်းသစ် ဒေါ်လာ တစ်ရာတန် တွေကို စတင် လည်ပတ် သုံးစွဲ တော့ မှာပါ။ ငွေစက္ကူကို အတုအစစ် ခွဲနေ ကြရတဲ့ ဆိုင်တွေ၊ စီးပွားရေး လုပ်ငန်းတွေ အတွက်တော့ သတင်း ကောင်း ဖြစ်ပြီး ငွေစက္ကူ တွေ တုပ ထုတ်လုပ် သူများ အတွက်တော့ မကောင်း သတင်း တစ်ခုပဲ ဖြစ်ပါတယ်။ အစိုးရ ယန္တရား ရပ်တန့် မှုကြီး (Government shutdown) မှာမပါဝင် ခဲ့တဲ့ ဖယ်ဒရယ် ငွေကြေး ရန်ပုံငွေ ဘုတ်အဖွဲ့ (The Federal Reserve Board) ဟာ Benjamin Franklin ရုပ်နဲ့ ငွေစက္ကူ အသစ်တွေကို လုံခြုံရေး ဆိုင်ရာ သွင်ပြင် လက္ခ ဏာတွေ အပြည့်နဲ့ စတင် ထွက်ရှိ လာတော့မှာ ဖြစ်ကြောင်းကို ကြေငြာ ခဲ့ပါတယ်။ သိသာ ထင်ရှားဆုံး ကတော့ သုံးဘက်မြင် 3D လုံခြုံရေး ကြိုးပြားနဲ့ အရောင် ပြောင်းတဲ့ လွတ်လပ် ရေး ခေါင်းလောင်း ပုံ တို့ပဲ ဖြစ်ပါတယ်။



လုံခြုံရေး ကြိုးပြားက အတုအစစ် ခွဲခြားဖို့ လွယ်ကူ စေမှာဖြစ်ပြီး တုပ ရိုက်နှိပ်ဖို့ ခက်ခဲစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြာရောင် ကြိုးပြားကို စက္ကူ သားထဲမှာ ထည့်ယက် ထားတာ ဖြစ်ပြီး ငွေစက္ကူချပ်ကို ရှေ့နောက် စောင်းကြည့် လိုက်ရင် ခေါင်းလောင်း ပုံသေးသေး လေးတွေနဲ့ 100s စာသား တို့ဟာ ပြောင်းပေါ် ပြီး ဘေးတိုက် ရွေ့လျား နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘေးတိုက် စောင်း ကြည့်ရင်တော့ ဒီနှစ်ခုဟာ အထက် အောက် ရွေ့လျား နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ "ဒီလုံခြုံရေး ကြိုးပြား ဟာ မှော်ဝင်ကြိုး လိုပါပဲ။ ငွေစက္ကူ တစ်ချပ် မှာဆို ဖန်တုံး ငယ် သိန်းပေါင်း များစွာနဲ့ ပြုလုပ် ထားတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင် စုက ထုတ်လုပ် ဖူးတဲ့ ငွေစက္ကူ တွေထဲမှာ အရှုပ်ထွေး ဆုံးပဲ ဖြစ်တယ်။" လို့ငွေစက္ကူ ပုံထွင်း ရိုက်နှိပ် ရေး ဗျူရိုက ညွှန်ကြား ရေးမှူး Larry Felix က The Associated Press ကိုပြောကြား သွားပါတယ်။



မင်ဗန်းထဲက လွတ်လပ်ရေး ခေါင်းလောင်း ကလည်း ငွေစက္ကူကို ကိုင်တွယ် လိုက်ရင် အပြောင်း အလဲတွေ ရှိပါတယ်။ ကြေးနီရောင် မင်ဗန်း ထဲမှာ ခေါင်းလောင်း အစိမ်း ရောင်ကို ငွေစက္ကူ ရှေ့ခြမ်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ငွေစက္ကူကို စောင်းလိုက် ရင်တော့ ခေါင်းလောင်း ဟာ အစိမ်းရောင် ကနေ ကြေးနီရောင် ပြောင်းသွားပြီး ခေါင်းလောင်း ပုံဟာ မင်ဗန်း ထဲမှာ ပျောက်လိုက် ပေါ်လိုက် ဖြစ်နေ တာကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ရာတန် ငွေစက္ကူ အဟောင်းရှိ လုံခြုံရေး ဆိုင်ရာ သွင်ပြင် လက္ခဏာ များကိုလည်း ထည့်သွင်း ပြုပြင်ပါ ရှိပါတယ်။ ရုပ်ပုံ ရေစာ၊ လုံခြုံရေးကြိုး၊ အရောင် ပြောင်းတဲ့ 100 စာသား၊ ဖောင်းကြွစာ၊ ရွှေရောင် 100 စာသား၊ ငွေစက္ကူ နံပါတ် များနဲ့ အခြားသော အချက် များကိုပါ ထည့်သွင်းထား ပါသေးတယ်။



ဖယ်ဒရယ် ငွေကြေး ရန်ပုံငွေ ဘုတ်အဖွဲ့ဟာ တစ်ရာတန် ငွေစက္ကူ ဒီဇိုင်းသစ်နဲ့ လုံခြုံရေး အမှတ် အသား တွေကို ကြိုးစား ပြုလုပ် နေတာ ၁၀ နှစ် ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဦးတည်ချက် ကတော့ တုပ ထုတ်လုပ်ဖို့ ခက်ခဲတဲ့ ငွေစက္ကူမျိုး ထုတ်လုပ်ဖို့ပါ။ The Associated Press ကရတဲ့ သတင်းများ အရဒီ တစ်ရာတန် ငွေစက္ကူဟာ အမေရိကန် ပြည်ရဲ့ အပြင်ဘက်မှာ အတုအပ အများဆုံး ငွေစက္ကူပဲ ဖြစ်ပါတယ်။ ဒီဇိုင်း အပြည့် အစုံကို ၂၀၁၀ ခုနှစ် ကတည်းက ပြသခဲ့တာ ဖြစ်ပြီး ထုတ်လုပ်မှုမှာ နှောင့်နှေး ကြန့်ကြာမှုများ ရှိခဲ့တာကြောင့် အခုမှပဲ ဖြန့်ဝေနိုင် တော့မှာပါ။ ဒီအစိုးရ ဌာနဟာ တစ်ရာတန် အပြင် ငါးဒေါ်လာ၊ ဆယ်ဒေါ်လာနဲ့ ဒေါ်လာ နှစ်ဆယ်တန် တွေကိုပါ ဒီဇိုင်းသစ် ရေးဆွဲခဲ့ ကြတာ ဖြစ်ပါတယ်။ ဘဏ်များနဲ့ ငွေကြေး အဖွဲ့အစည်း များက ဒေါ်လာ တစ်ရာတန် အသစ်ကို အင်္ဂါနေ့ ကစလို့ မှာကြား နိုင်ပေမယ့် လူထု အနေနဲ့ ကိုယ်တိုင် မြင်ရဖို့တော့ ရက်သတ္တပတ် အနည်းငယ် ကြာဦးမှာ ဖြစ်ပါတယ်။

Images from darkroom.baltimoresun.com, yahoo, Source - CNET
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...