လထုညစ်ညမ်းမှုက နှလုံးခုန်နှုန်းနှင့် အဆုတ်ကို ထိခိုက်သက်ရောက်စေနိုင်



ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုသည် လူတစ်ဦး၏ နှလုံးခုန်နှုန်းနှင့် အဆုတ်တို့ကို ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံမှ သုတေသီများသည် လေထု ညစ်ညမ်းမှုနှင့် လူသားများ၏ ကျန်းမာရေးတို့ ဆက်စပ်မှုကို ထဲထဲဝင်ဝင် လေ့လာခဲ့ပြီးနောက် ယခု စစ်တမ်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။ လေထုညစ်ညမ်းခြင်းကြောင့် လူတစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်း စည်းချက်တွင် အပြောင်းအလဲများ ဖြစ်လာစေတတ်သလို အဆုတ်အတွင်း သွေးခဲပိတ်ဆို့ခြင်းကဲ့သို့ ဆိုးကျိုးများ သက်ရောက်စေကြောင်း လန်ဒန် တစ်ကိုယ်ရေ ကျန်းမာရေးနှင့် အပူပိုင်းဇုန် ဆေးပညာကျောင်းမှ သုတေသန အဖွဲ့တစ်ခုက မှတ်တမ်းပြုစုခဲ့သည်။ သို့သော်လည်း ကနဦး ယူဆထားသကဲ့သို့ လေထုညစ်ညမ်းမှုကြောင့် နှလုံးဖောက်ပြန်မှုနှင့် လေဖြတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း အထောက်အထားမျိုးမူ ရေရေရာရာ မတွေ့ရဟု ပညာရှင်များက ဝန်ခံခဲ့သည်။


အင်္ဂလန်နှင့် ဝေလတို့တွင် (၂၀၀၃)ခုနှစ်မှ (၂၀၀၉)ခုနှစ်ကြား ကောက်ခံခဲ့သည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အခြေခံပြီး ယခုလေ့လာမှုကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများနှင့် ရေတိုကာလ လေထုညစ်ညမ်းမှုတို့ကို ပညာရှင်များက ဆက်စပ်လေ့လာခဲ့ခြင်းဟု သိရသည်။ ၎င်းတို့သည် ကာလတိုမျှ လေထုညစ်ညမ်းချိန်တွင် လူတစ်ဦးချင်း စီ၏ နှလုံးခုန်နှုန်း အပြောင်းအလဲများ ဖြစ်ပေါ်တတ်သလို အဆုတ်ထဲတွင်လည်း သွေးခဲနိုင်ခြေကို မြင့်တက်လာစေကြောင်း အတည်ပြု တွေ့ရှိခဲ့သည်။ အဆိုပါ သက်ရောက်မှုမျိုးသည် အသက်(၇၅)နှစ် အထက် အမျိုးသမီးကြီးများတွင် ဖြစ်နိုင်ခြေ အများဆုံးဟုလည်း ပညာရှင်များက ပြောကြားခဲ့သည်။

“အဓိက ပြောချင်တာကတော့ လေထုညစ်ညမ်းမှုကြောင့် ရုတ်တရက် လေဖြတ်သွားတာတို့၊ နှလုံးဖောက်ပြန်တာတို့ ဖြစ်နိုင်တယ် ဆိုတာကို ကျွန်မတို့ အထောက်အထား ရှာမရဘူး။ ဒါပေမဲ့ အဆုတ် ထဲမှာ သွေးခဲတဲ့ ဖြစ်စဉ်လိုမျိုး ပေါ်ပေါက်လာနိုင်တာကိုတော့ သတိထားသင့်တယ်”ဟု သုတေသီ ဒေါက်တာ အိုင်မီလိုဂျီဗစ်က ပြောကြားခဲ့သည်။ (၂၀၁၂)ခုနှစ်က ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သော အခြေအနေများကြောင့် လူ(၇)သန်း အသက်ဆုံးရှုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတင်းထုတ်ပြန်ထားသည်။ ယခင် သုတေသန ရလဒ်များက လေထုညစ်ညမ်း မှုကြောင့် နှလုံးဖောက်ပြန်မှု၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအပြင် ကင်ဆာရောဂါများပင် ဖြစ်နိုင်ခြေရှိကြောင်း ကောက်ချက်ချထားခဲ့ဖူးသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...