Very little makes it more valuable...
မဟတ္တမဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ ဖခင်ကြီးအဖြစ် ဂုဏ်ပြုခြင်းခံရသော အလွန်ထူးခြားသည့် ပုဂ္ဂိုလ်တဦီး ဖြစ်သည်။
တခါက သူသည် ဆင်းရဲနွမ်းပါးသူများကို အကူအညီပေးနေသည့် အဖွဲ့အစည်းတခုအတွက် ရန်ပုံငွေစုဆောင်းရန် မြို့ရွာအသီးသီးသို့ ခရီးထွက်ခဲ့သည်။ နေရာများစွာသို့ သွားရောက်ခဲ့ပြီး နောက်ဆုံးတွင် အိန္ဒိယအရှေ့ပိုင်းရှိ ပြည်နယ်တခုဖြစ်သည့် Orissa(Odisha) သို့ ရောက်ရှိခဲ့သည်။ သူသည် Orissa တွင် လူထုအစည်းအဝေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။
သူက လူထုကို မိန့်ခွန်းပြောကြားပြီး အဖွဲ့အစည်းအတွက် ရန်ပုံငွေ ကူညီထည့်၀င်ရန် တိုက်တွန်းတောင်းဆိုခဲ့သည်။ သူ့မိန့်ခွန်းအဆုံးမှာ ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အစားများ ၀တ်ဆင်ထားသည့် အဘွားအိုတဦး မတ်တပ်ထရပ်သည်။ သူမက ဂန္ဒီအနား သွားရောက်ခွင့်ပြုရန် လုံခြုံရေးဝန်ထမ်းများကို တောင်းဆိုသည်။ သို့သော် လုံခြုံရေးဝန်ထမ်းများက သူမကို သွားခွင့်မပြု။ သူမက အလျှော့မပေး။ လုံခြုံရေး၀န်ထမ်းများနှင့် အတိုက်အခံပြုပြီး ဂန္ဒီထံ အရောက်လာခဲ့သည်။
သူမသည် မဟတ္တမဂန္ဓီ၏ ခြေအစုံကို လက်ဖြင့် ထိလိုက်သည်။ ထို့ နောက် ကြေးနီအကြွေစေ့ တစေ့ကို သူမ၏ဆာရီထဲမှ ထုတ်ယူ၍ ဂန္ဒီ၏ ခြေရင်း၌ ထားလိုက်သည်။ ထို့နောက် ဂန္ဓီအနားမှ ထွက်ခွာသွားသည်။
ဂန္ဒီသည် အဘွားအိုပေးသည့် အကြွေစေ့ကို အလွန်ဂရုတစိုက်နှင့် ယူခဲ့သည်။ အဖွဲ့အစည်း၏ ဘဏ္ဍာရေးမှူးက ထိုအကြွေပြားစေ့ကို တောင်းသည်။ ဂန္ဒီက မပေးချေ။
“ကျနော့်မှာ ရူပီးတထောင်တန် ချက်လက်မှတ်တွေ အများကြီး သိမ်းထားတယ်... ဒါပေမယ့် ခုလို တန်ဖိုးမရှိတဲ့ ကြေးနီပြားလေးတပြားနဲ့ ကျနော့်ကို မယုံကြည်ဘူလား...?" ဟု ဘဏ္ဍာရေးမှူးက ဂန္ဒီကို မေးလိုက်သည်။
ထိုအခါ ဂန္ဒီက... "ဒီကြေးနီပြားလေး တပြားဟာ အဲဒီထောင်ဂဏန်းထက် အများကြီး ပိုတန်ဖိုးရှိတယ်... ချမ်းသာတဲ့ လူတယောက်က ရူပီးတစ်ထောင် ဒါမှမဟုတ် နှစ်ထောင်လောက် ပေးရင် အများကြီး အဓိပ္ပါယ်မရှိဘူး..."ဟု ပြန်ဖြေသည်။
ထိုကြေးနီပြားလေးသည် အလွန်ဆင်းရဲသော အဘွားအို ပိုင်ဆိုင်သည့် တခုတည်းသောအရာ ဖြစ်နိုင်သည်။ သူမတွင် သင့်လျော်သည့် အဝတ်အစားများ မရှိသည့်အပြင် အစားအသောက် ကောင်းကောင်းလည်း မတတ်နိုင်ပေ။ သူမမှာ ရှိသမျှ အကူအညီ ပေးခြင်းဖြစ်သည်။ထို့ကြောင့် ဂန္ဒီသည် ထိုကြေးနီပြားလေးကို အလွန်အဖိုးတန်သည်ဟု မှတ်ယူခြင်း ဖြစ်သည်။
မိမိတို့ မပြည့်စုံချိန် တပါးသူကို တတ်နိုင်သမျှ အကူအညီပေးခြင်းသည် ပို၍ တန်ဖိုးရှိစေသည်...။
@Moral Story