အစားအသောက်နှင့် ဓာတုအန္တရာယ်
လူသားများဘဝ ရှင်သန် ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော စားဝတ်နေရေး ဟူသည့် အဓိက အချက်ကြီး သုံးချက်တွင် ပထမဆုံးနေရာ တွင် ရှိနေသော စားရေးဖြစ်သည့် အစားအစာသည် အရေးကြီးဆုံး ဖြစ်ပါသည်။ လူသားတို့ နေ့စဉ် စားသုံးနေသည့် အစားအစာများတွင် ခန္ဓာကိုယ် အတွက် လိုအပ်သော စွမ်းအင်ကို ရရှိစေသည့် အသားဓာတ် (Protein)၊ အဆီဓာတ် (Fat)၊ ကစီဓာတ် (Carbohydrate) တို့ ပါဝင်ပြီး ခန္ဓာကိုယ် ကြီးထွားမှုနှင့် ပြုပြင်မှုတို့အတွက် အသားဓာတ် (Protein)၊ သတ္တုဓာတ် (Mineral)၊ ရေ (Water) လိုအပ်ကာ ခန္ဓာကိုယ်ဖြစ်စဉ်များကို ထိန်းသိမ်းပေးရာတွင် လိုအပ်သော ဗီတာမင် (Vitermin) အစရှိသော သဘာဝ ဓာတုပစ္စည်းများ (Chemicals) ဖြင့် ဖွဲ့စည်းထားပါသည်။
သို့သော် ယခုအခါ မူလသဘာဝအားဖြင့် ပါဝင်သော ယင်းဓာတုပစ္စည်းများ အပြင် မတော်တဆဖြင့် ပြင်ပမှ ဝင်ရောက်လာသော ဓာတုပစ္စည်းများ ရှိသကဲ့သို့ လူတို့၏ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တမင်ထည့်ပေးသော ဓာတုပစ္စည်းများလည်း ရှိသည်။
လယ်ယာ စိုက်ပျိုးရေးတွင် အသုံးပြုသော ဓာတ်မြေသြဇာများ (Fertilizer)၊ ပိုးသတ်ဆေးများ (Pesticide) သည် ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက်များ အတွင်းသို့ ရောက်ရှိနိုင်သလို မွေးမြူရေး တိရစ္ဆာန်များ အတွက် သုံးသော ကာကွယ်ဆေးများ၊ ပဋိဇီဝဆေးဝါးများသည် သားငါးများတွင် ပါဝင်လာနိုင်သကဲ့သို့ ထုပ်ပိုးပစ္စည်းများ ဖြစ်သည့် ပလတ်စတစ်မှ ထွက်သည့် ဓာတုပစ္စည်းများသည် အစားအစာထဲတွင် ဝင်လာနိုင်ပါသည်။
ထို့အပြင် လူတို့သည် စားသုံးသင့်သော မူလအစားအစာ ပုံစံများကို ကျော်လွန်ပြီး အရောင်၊ အနံ့၊ အရသာ ပိုမိုကောင်းမွန်အောင် ဓာတုပစ္စည်းများ (Chemicals) ကို ဖြည့်စွက်စာ (Food Additives) များ အဖြစ် ကမ္ဘာတစ်ဝန်းတွင် ထည့်သွင်း သုံးစွဲလာကြပြီး ယင်းတို့နှင့် ပတ်သက်သည့် နောက်ဆက်တွဲ ပြဿနာများ ကိုလည်း သတင်းများတွင် မကြ မကြာ တွေ့မြင်နေရပါသည်။
အထူးသဖြင့် မိမိတို့လူမျိုးများသည် အစားအစာကို လှလှပပနှင့် အမျိုးမျိုး ပြုလုပ်စားသောက် တတ်ကြသူ များ ဖြစ်သော်လည်း အစားအစာနှင့် ဆက်နွှယ်နေသော ဓာတုပစ္စည်းများ၏ အန္တရာယ်ကိုတော့ သိသူ နည်းပါးလှပါသည်။ ထို့ကြောင့် အစားအစာများတွင် ပါဝင်ပတ်သက်နေသော ဓာတုပစ္စည်းအချို့၏ အန္တရာယ်များကို သိရှိနားလည်ပြီး ရှောင်ရှားနိုင်စေရန်အတွက် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
စီးပွားရေးသမားများသည် ၎င်းတို့၏ စီးပွားရေး အမြတ်အစွန်း များများရစေရန်အတွက် လည်းကောင်း၊ ရွှေ့ လျားပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းအရ လည်းကောင်း စားသောက်ကုန်များတွင် သဘာဝအတိုင်း မဟုတ်သော လူတို့ ဖန်တီးပြုလုပ်ထားသည့် ဖြည့်စွက်စာ (Food Additives) များကို ထည့်သွင်းလာကြ သည်။ အရောင်လှမှ စားချင်ကြသော စားသုံးသူများအတွက် လတ်ဆတ်သည့် အမြင်ကိုပေးပြီး ဆွဲဆောင်နိုင်ရန် အလို့ငှာ အစားအစာများကို သစ်ခေါက်၊ သစ်သီး၊ ဟင်းသီးဟင်းရွက် စသည်တို့မှ ထုတ်လုပ်ရယူသည့် သဘာဝအရောင် (Natural Color) ဖြင့် မထုတ်လုပ်တော့ဘဲ သဘာဝအရောင်အတိုင်း တူအောင်တုပထားပြီး ဓာတုကုန်ကြမ်းမှ ထုတ်လုပ်ထားသော ဓာတုအရောင်ဆိုးဆေး (Synthetic Color) များကို အသုံးပြုလာကြပါသည်။
ဓာတုကုန်ကြမ်းမှ ထုတ်လုပ်ထားသော ဓာတုအရောင် (Synthetic Color) ဆိုးဆေးများတွင် အစားအသောက် အတွက် ခွင့်ပြုသည့်ဆိုးဆေး (Permitted Color in Food) နှင့် ခွင့်မပြုသည့်ဆိုးဆေး (Non-permitted Color in Food or Industrial Dyes) ဟု နှစ်မျိုးရှိပါသည်။ မြန်မာနိုင်ငံတွင် အစားအစာအတွက် ခွင့်ပြုထားသည့် ဆိုးဆေးများမှာ Allura Red AC-INS 129, Amaramh-INS 123, Eryhrosine-INS 127, Red 2G-INS 128, Ponceau 4 R-INS 124, Citrus Red 2-INS 121, Ponceau SX-INS 125, Quinoline Yellow WS-INS 104, Azorubine-INS122, Sunset Yellow FCF-INS 110, Tartazine-INS 102, Yellow 2G-INS 107, Brilliant Blue FCF-INS 133, Indigotine-INS 132, Patent Blue V-INS 131, Fast Green FCF-INS 143, Green S-INS 142, chocolate Brown HT-INS 155, Brown FK-INS 154, Brilliant Black BN-INs 151 တို့ဖြစ်ပြီး ထိုဆိုးဆေးများမှာ ဈေးကြီးပြီး ရှားပါး သဖြင့် ဈေးပေါပြီး အလွယ်တကူ ရရှိနိုင်သော ခွင့်မပြုဆိုးဆေးများ ဖြစ်သည့် အခြားစက်မှုလုပ်ငန်းသုံး ဆိုးဆေးများကို အသုံးပြုကာ အစားအစာများကို ထုတ်လုပ်ရောင်းချနေကြပါသည်။ အစာဆိုးဆေး အမျိုးမျိုး ကို ရောနှောပြီး လိုချင်သည့် အရောင်ရရှိအောင် ဆေးဆိုးထားသည့် အစာများကို မြင်နေကျ ဖြစ်သော အခါတွင် ဆိုးဆေးမပါလျှင် မလတ်ဆတ်၊ အရည်အသွေးမပြည့်မီ၊ ချွတ်ယွင်းချက် အပြစ်အနာအဆာ ရှိနေသည်ဟု ထင်မှတ်မှားကြပါသည်။ ဥပမာအားဖြင့် ဝက်အူချောင်း၊ ကြက်အူချောင်းတို့ကို ယမ်းစိမ်း (Sodium Nitrate) ဖြင့် နီအောင် ပြုလုပ်ခြင်း၊ လက်ဖက် (Pickled Tea leave) ကို ချည်ထည်ဆိုးဆေး အိုရာမင် (Oramine O) ဖြင့် စိမ်းဝါဝါအရောင် ဖြစ်စေခြင်း၊ ပုစွန်ကို ဆပ်ပြာရည် (Detergent Liquid) ဖျော်၍စိမ်ခြင်း၊ မဲနယ်ဆိုးခြင်း၊ လိမ္မော်သီးအခွံပေါ်တွင် အညိုကွက် ဖြစ်ပေါ်နေပါက Citrus Red No.2 ကို ဖျန်းပေးပြီး ဈေးကွက်သို့ပို့ခြင်း၊ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီး အစရှိသော သစ်သီးများ ကို အမှည့်လွန်ပုံစံ ဖြစ်နေစေရန် အက်သလင်းဓာတ်ငွေ့ (Ethylene Gas) ဖျန်းပေးပြီး ဈေးကွက်သို့ပို့ခြင်း၊ မျှစ် (Bamboo shoot)၊ နနွင်းမှုန့် (Turmeric Powder)၊ အရောင်တင်မှုန့်နှင့် ငရုတ်သီးမှုန့် (Chilli Powder)၊ သစ်သီးများ (Preserved Fruits)၊ ခရမ်းချဉ်သီးဆော့စ် (Sauce)၊ ငါး (Fish) နှင့် ပုစွန်အသားပြား လွှာ (Shrimp Paste) တို့တွင် Rhodamine B (Red Color) ချည်ထည်အရောင်ဆိုးဆေးများ ထည့်သွင်းရောင်းချခြင်း၊ လက်ဖက်ခြောက် (Black Tea)၊ ခရမ်းချဉ်သီးဆော့စ် (Sauce) တို့တွင် Orange II (Orange Color) တို့ကို ထည့်သွင်း၍ အရောင်လှလှ ကြိုက်သော စားသုံးသူများအတွက် ပြုလုပ်ရောင်း ချပေးလျက် ရှိပါသည်။ ထိုကဲ့သို့ အစားအစာများတွင် ထည့်သွင်းအသုံးပြုနေသော ချည်ထည်ဆိုးဆေး (Dye) များမှာ လူတို့၏ ကျန်းမာရေးကို ကင်ဆာ (Carcinogenic) ဖြစ်သည်အထိ ဆိုးရွားစွာ အန္တရာယ် ပေးနိုင် ပါသည်။
ဓာတုကုန်ကြမ်းမှ ထုတ်လုပ်ထားသော ဓာတုအရောင် (Symthetic Color) ဆိုးဆေး အများစုမှာ မီးသွေး-ကတ္တရာ (Cool, Tar) မှ ဓာတုနည်းလမ်း (Chemical Technique) ဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အစားအသောက်တွင်သာမက သုတ်ဆေး၊ ဆေးဝါး၊ အလှကုန်၊ မင်အမျိုးမျိုး၊ ချည်မျှင်၊ အထည်အလိပ်၊ ပိုးသတ်ဆေးတို့တွင်လည်း ထည့်သွင်းသုံးစွဲကြပါသည်။ အစာဆိုးဆေးတွင် ရေ၌ပျော်ဝင်သော ဆိုးဆေးကို Dye ဟုခေါ်ပြီး မုန့်ဖုတ်ပြီး ထုတ်လုပ်သည့် အစားအစာ၊ ဖျော်ရည်အမျိုးမျိုး၊ နို့ထွက်ပစ္စည်း အမျိုးမျိုးတို့တွင် အသုံးပြုကြပါသည်။ ရေတွင်မပျော်ဝင်သော ဆိုးဆေးကို Lake ဟု ခေါ်ပြီး Dye ထက် စွဲမြဲအား ပိုမိုကောင်းမွန်ကာ စားသုံးဆီနှင့် ရေမပါသော အဆီအမျိုးမျိုးတွင် သုံးသည့်အပြင် ရေမပါဝင်ဘဲ စိုထိုင်းမှု ကင်းသည့် ကိတ်၊ ဆေးဝါးအကာသား၊ သကြားလုံးအမျိုးမျိုးနှင့် ချုးအင်ဂန်း (Chewing Gum) တို့တွင် သုံးကြပါသည်။ အချို့ဆိုးဆေးများသည် ဓာတ်မတဲ့သည့် ပြဿနာ (Allergy) ရှိပြီး ရင်ကျပ်ခြင်း (Asthama)၊ ချွဲကျပ်ခြင်း၊ အသက်ရှူကျပ်ခြင်း (Breathing Difficulties)၊ အရေပြား ယားယံခြင်း (Irritation) စိတ်လှုပ်ရှား ထကြွမှု များပြားခြင်းတို့ ဖြစ်စေပါသည်။
စားသောက်ကုန်များကို ဆွဲဆောင်မှုကောင်းပြီး ရောင်းတမ်းဝင် စားစရာများ ဖြစ်စေရန်အတွက် အနံ့၊ အရသာ၊ ခံတွင်း ခံစားမှုတို့ကို ဖြစ်ပေါ်စေသည့် ဖလေဗာ (Flavour) ကိုလည်း ပိုမိုကောင်း မွန်အောင် ပြု လုပ်လာကြပါသည်။ ဖလေဗာသည် အရသာ (Taste) နှင့်မတူပါ။ အရသာသည် ယေဘုယျအားဖြင့် အချဉ်၊ အငန်၊ အချို၊ အခါး၊ အစပ်အဟပ်မတည့်မှုတို့နှင့် သက်ဆိုင်ပြီး လျှာပေါ်မှ အရသာခံနိုင်သည့် ပွင့်ဖတ် ဆဲလ်လေးများက အချက်အလက်ရယူပြီး ဦးနှောက်သို့ ပို့ဆောင်ပေးပါသည်။ စားသောက်ကုန်တို့သည် အချိန်ကြာလာသည်နှင့်အမျှ မော်လီကျူးလေးများ အငွေ့ပျံခြင်း (Volatile Molecule) ဖြစ်ကာ လေထုထဲ သို့ ဖြစ်စေ၊ နီးစပ်ရာ အရာဝတ္ထုဆီသို့ ရောက်ရှိသွားနိုင်သည့် အငွေ့ပျံသတ္တိ ရှိပါသည်။ (Volatile Molecule) နေရာရွေ့သွားသဖြင့် စားသောက်ကုန်များတွင် အရသာ လျော့ခြင်း များ ဖြစ်စေသောကြောင့် လေလုံအောင် ထုပ်ပိုးခြင်းဖြင့် လေထုနှင့် မထိတွေ့အောင် ကာကွယ်ပေးရပါမည်။ ဖလေဗာတွင်လည်း နှစ်မျိုးရှိရာ ရေတွင်ပျော်ဝင်သော ဖလေဗာသည် ချက်ချင်းသိနိုင်ပြီး ကြာရှည်မခံပါ။ ဆီ၌ပျော်ဝင်သော ဖလေဗာသည် ခံတွင်းထဲသို့ ရောက်ရောက်ချင်း ချက်ချင်း မသိနိုင်သော်လည်း ပါးစပ် ထဲတွင် စွဲကျန်ရစ်စေပါသည်။ ထို့ကြောင့် အဆီ ဖယ်ထုတ်ထားသော စားစရာသည် အရသာပြောင်းလဲ သွားပါသည်။ အဆီများ မပါဝင်တော့သဖြင့် အခြားဖလေဗာမှ ပေးသည့် ခံတွင်းခံစားမှုကို ရရှိစေပါသည်။ အရသာ (Taste) အတွက် အစားအစာများတွင် အချိုမှုန့် (Mono sodium Glutimate) များ အလွန်အကျွံ ထည့်ခြင်း၊ အချိုကဲစေရန်အတွက် Sweeteners အဖြစ် ဆေးသကြား အမျိုးအစားများ ဖြစ်သည့် Saccharine၊ Aspartame၊ Cyclamate တို့ကို လွန်ကဲစွာ အသုံးပြုခြင်း၊ အာလူးကြော်ကဲ့သို့ အကြော်များ ကြော်ရာ တွင် ကြွပ်ရွနေစေရန် ပလတ်စတစ် ရေသန့်ဘူးခွံများ၊ PVC ပလတ်စတစ်များ ထည့်သွင်းကြော်လှော်ခြင်း တို့သည် စားသုံးသူများအတွက် အလွန်အန္တရာယ် ကြီးလှပါသည်။
ထို့အတူ အစားအသောက်တို့တွင် အနံ့ (Odour) မွှေးမွှေးကောင်းကောင်း ကြိုက်သူများအတွက် ဥပမာ အားဖြင့် အရက်တွင် (Essence of Rum) ထည့်ခြင်း၊ ဝီစကီတွင် (Essence of Wishky) ထည့်ခြင်း၊ အရက်ချက်သည့်အခါတွင် ဖားပြုတ်ထည့်ခြင်း၊ ဖိနပ်တာယာများ ထည့်ခြင်း၊ မှိုတက်ပြီး အချဉ်ဖောက် (Fermentation) မြန်စေရန်အတွက် Bacteria ပိုးမွှားများက Cyanide အဖြစ် ပြောင်းပေးနိုင်သည့် Urea ဓာတ်မြေသြဇာ ထည့်ခြင်း၊ နှစ်သက်သုံးသက်အထိ သေစေနိုင်သည့် အင်ဒရင်း (Endrin) ပိုးသတ်ဆေးနှင့် ကင်ဆာဖြစ်စေသည့် ဆေးရွက်ကြီး (Tobacco Leaf) တို့ကို ထည့်သွင်း ချက်လုပ်လာကြပါသည်။ ငါးပိပြု လုပ်ရာတွင်လည်း အရိုးဆွေးမြန်စေရန် ဓာတ်မြေသြဇာများ ထည့်သွင်းထားကြောင်း စာစောင်များတွင် ဖတ်နေရပါသည်။ မကြာဝံ့မနာသာ ကိစ္စများ ဖြစ်ပါသည်။ တာရှည်ခံဓာတုဆေး၊ ကော်ဖီအနံ့နှင့် အုန်းသီးခွံ အမှုန့်များ ပါဝင်သော ကော်ဖီမစ်များ၊ အရောင်ချွတ်ထားသော အစားအသောက်များ၊ ဆိုးဆေးအသုံးပြု ထားသော အစားအသောက်များ၊ ဓာတုဟော်မုန်းဆေး အသုံးပြုထားသော မုန်လာဥ၊ ပဲပင်ပေါက်၊ ပိုးသတ်ဆေးပြင်း သုံးထားသော ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များ၊ ဆေးဖျန်း၍ မှည့်နေသော အသီးများ၊ ဗီဇပြုပြင်ထားသော အသီးများ၊ ပဲဆီ၊ နှမ်းဆီအတုများ၊ အချဉ်ရေ အသုံးပြုထားသော အကင် များနှင့် အသုပ်စုံများသည် စားသုံးသူများကို အန္တရာယ်ဖြစ်စေပါသည်။
နောက်တစ်ချက်မှာ စစ်ဆေးရေးကို လှည့်စားရန်အတွက် ဖြစ်ပါသည်။ တားမြစ်ဆိုးဆေးနှင့် ကင်ဆာဖြစ်စေသော တာရှည်ခံဆေးများ ပါဝင်သည့် အချိုရည်နှင့် ဂျယ်လီများ၊ တရုတ်နို့မှုန့်နှင့် မုန့် များ ဖြစ်သည်။ နို့မှုန့်တွင် ပါဝင်သော မယ်လမင်းဓာတ်ကို စစ်ဆေးရာတွင် မယ်လမင်းတွင် ပါဝင်သော ပရိုတင်းဓာတ် (Protein) ပါဝင်မှု အချိုးအစားကို စစ်ဆေးခြင်းဖြစ်ရာ ယင်းပရိုတင်းထဲတွင် ပါ ဝင်သော နိုက်ထရိုဂျင် (Nitrogen) ဓာတ်ကို အဓိက တိုင်းတာစစ်ဆေးခြင်း ဖြစ်ပါသည်။ ယင်း Nitrogen မှာလည်း ပါသင့်သည်ထက် ပိုမိုပါဝင်လျှင် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါသည်။
နောက်ဆုံးအချက်မှာ အစားအစာများ၏ ပါဝင်မှု (Composition)၊ ဖွဲ့စည်းမှု (Structure)၊ အဏုဇီဝပိုး အမျိုးအစား (Type of Microorganism) နှင့် သိုလှောင်သိမ်းဆည်းမှု အခြေအနေ (Condition of Storage) တို့အပေါ် မူတည်ပြီး ပျက်စီးမှု ဖြစ်စေနိုင်သောကြောင့် အစားအစာများကို တာရှည်အထား ခံအောင် အအေးခံခြင်းနှင့် အေးခဲခြင်း (Cooling & Freezing)၊ စည်သွတ်ခြင်း (Canning)၊ အခြောက် ခံခြင်းနှင့် ရေဖယ်ထုတ်ခြင်း (Drying & Dehydration)၊ သကြားရည်ပျစ် ပြုလုပ်ခြင်း (As Sugar Concentrate)၊ အချဉ်ဖောက်ခြင်း (Fermentation)၊ ရောင်ခြည်ပြခြင်း (Irratation) နှင့် ဓာတုပစ္စည်း များ ဖြစ်သည့် Acetic Acid, Benzoic Acid, Sorbic Acid, Propionic Acid, Sulphur Dioxide နှင့် ယင်းတို့၏ ဓာတ်ဆားများဖြစ်သည့် Nitrate, Nitrite များ ထည့်ခြင်းတို့ ပြုလုပ်ကြပါသည်။ ပဲပြား၊ နွားနို့နှင့် ချက်နို့ဆီတို့တွင် လူသေကို မပုပ်သိုးစေရန် ထည့်သော Formaldehyde ဟု ခေါ်သည့် ဖော်မလင် (Formalin) ထည့်ခြင်း၊ မုန့်ဟင်းခါးတွင် လက်ချား (Borax) ထည့်ခြင်းနှင့် ဆီပါသော အစားအစာများ တွင် လေထဲရှိ အောက်ဆီဂျင် (Oxygen) နှင့် ထိတွေ့ပါက ဓာတ်တိုးပြီး (Oxidation) ဆီချေးနံ့ ကို ဖြစ်ပေါ်စေသည့်အတွက် ယင်းဓာတ်တိုးမှုကို ဆန့်ကျင်သော Antioxidant များနှင့် ပဋိဇီဝဆေးများ Antibiotic ထည့်သွင်း၍ အစားအစာများကို မပုပ်မသိုး မဆွေးမြည့်စေဘဲ တာရှည်အထားခံနိုင်အောင် အမျိုးမျိုး ပြုပြင်ဖန်တီး လာကြသည်နှင့် အမျှ ဓာတုပစ္စည်းများ၏ အန္တရာယ်ကြောင့် ဖြစ်ပွားသည့် ရောဂါ ဘယ ပေါင်းစုံမှာလည်း တစ်နေ့တခြား တိုးပွားနေပါသည်။
ပြည်တွင်းရှိ စားသောက်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ ဖြစ် သည့် ဘေးအန္တရာယ်ကင်းပြီး (Hazard-free) အာဟာရ (Nutritional Values) နှင့် ပြည့်စုံသည်ဟု စားသုံးသူများ ယုံကြည်လာစေရန်၊ မြန်မာစားသောက်ကုန်များ နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေး များနှင့် ကိုက်ညီပြီး ပြည်ပသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်စေရန်၊ စားသုံးသူ အကာအကွယ်ပေးရေး နည်းဥပဒေ (Comsumer Protection Rules) အမြန်ဆုံး အကောင်အထည်ပေါ်လာပြီး စားသုံးသူများကို ထိထိရောက်ရောက် စနစ်တကျ ကာကွယ်ပေးရန်၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ဒေသ (AFTA) တွင် ယှဉ်ပြိုင်ရောင်းချနိုင်ရန်အတွက် နိုင်ငံတော်ပိုင်းမှ ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များ၊ နိုင်ငံတကာ အသိအမှတ်ပြုအဆင့် (ISO 17025) ရောက်သည်အထိ စံချိန်စံညွှန်းဓာတ်ခွဲခန်းများ ထူထောင်ပေးကာ စားသောက်ကုန် အရည်အသွေး ပြည့်ဝခြင်း ရှိမရှိ အလွယ်တကူ စစ်ဆေးနိုင်ရန် စီမံဆောင်ရွက်ပေးပြီး အန္တရာယ်ကင်းသော စားသောက်ကုန်ဖြစ်ကြောင်း သိရှိနိုင်ရန်၊ အစားအသောက် အရည်အသွေးတံဆိပ် (Food Quality Mark) အကောင် အထည်ဖော် ဆောင်ရွက် ရန်နှင့် စားသုံးသူများ အနေနှင့် စားသောက်ကုန် ထုပ်ပိုးပစ္စည်းပေါ်မှ ဖော်ပြချက် များကို ဖတ်ရှုပြီး စိတ်ကျေနပ်မှ ဝယ်ယူစားသုံးသည့် အလေ့အကျင့် အားနည်းခြင်းကြောင့် စားသောက်ကုန် ထုပ်ပိုး ပစ္စည်းပေါ်တွင် ရေးသားချက် စံချိန်စံညွှန်း (Food Labeling Standard) များ၊ ထုတ်လုပ်သည့်နေ့စွဲ (Manufacturing Date) နှင့် နောက်ဆုံးသုံးစွဲရမည့် နေ့စွဲ (Expiry Date)၊ ထုတ်လုပ်သူ၏ လိပ်စာ သို့မဟုတ် ဖြန့်ဖြူးရောင်းချသူ၏ လိပ်စာ (Adress) တို့ကို မြန်မာစာ ဖြင့်ဖြစ်စေ သို့မဟုတ် မြန်မာစာနှင့် အင်္ဂလိပ်စာ တွဲဖက်၍ဖြစ်စေ ဖော်ပြပေးရန်အတွက် လေ့ကျင့်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ထို့နောက် နိုင်ငံတော်ပိုင်းမှ ကြီးကြပ်၍ စားသောက်ကုန် သန့်ရှင်းစင်ကြယ်ရေး သင်တန်း (Food Sanitation Training) များ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးပြီး ထိုသူများပါမှသာ စားသောက်လုပ်ငန်း အသစ်များ ထူထောင်ခွင့်ပြုရန်နှင့် မွမ်းမံသင်တန်း တက်ရောက်ပြီးသူများကိုသာ စားသောက်ကုန် သက်တမ်း တိုးခွင့်ပြု ဆောင်ရွက်စေရန်တို့ ဖြစ်ပါသည်။
ထို့အတူ စားသောက်ကုန်ကြမ်း ထုတ်လုပ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးသမားများမှလည်း မျိုးကောင်းမျိုးသန့် ရရှိရေး စီမံဆောင်ရွက်ရန်နှင့် Organic Fertilizer ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲရေး၊ Organic Farming လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး စီမံကိန်းချမှတ် အားပေးဆောင်ရွက်ရန်၊ ကောင်းမွန်သော စိုက်ပျိုး ထုတ်လုပ်မှု အလေ့အကျင့် (GAP) ကောင်းမွန်သော မွေးမြူထုတ်လုပ်မှု အလေ့အကျင့် (GBP) စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် အစာဖြည့်စွက်ပစ္စည်း (Food Additative) တင်သွင်းရောင်းချသူများ၊ စားသောက်ကုန် ထုတ်လုပ်သူများမှလည်း ကောင်းမွန်သော ထုတ်လုပ်မှု အလေ့အကျင့် GMP ဖြင့် ထုတ်လုပ်သွားရန်၊ စားသောက်ကုန် ရောင်းချသူများ၊ စားသောက်ကုန် အသင်း အဖွဲ့များ NGOs၊ နိုင်ငံတကာ အဖွဲ့အစည်းများ INGOs နှင့် နောက်ဆုံး စားသုံးသူများ (Comsumer) များ စုပေါင်း၍ စားသုံးသူ အဖွဲ့အစည်းများ (Comsumer Organization) ထူထောင်နိုင်ရေး စီစဉ်ဆောင် ရွက်ပေးရန် လိုအပ်ပါသည်။ နောက်ဆုံးအနေနှင့် အစားအသောက် အရည်အသွေး စံချိန်စံညွှန်းကို အာမခံပေးနိုင်မည့် မြန်မာနိုင်ငံ အစားအသောက် အရည်အသွေး ထိန်းသိမ်းရေး အခြေခံအဆောက်အဦ (National Food Quality Infrastructure) ဖွဲ့စည်းတည်ထောင် စီမံဆောင်ရွက် သွားသင့်ပါကြောင်း တင်ပြ လိုက်ရပါသည်။
ဒေါက်တာလပြည့်ခင်
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+