ဆေးပြင်းလိပ်အန္တရာယ်

photo:google

ယနေ့ခေတ်တွင် စီးကရက်သောက်ခြင်း၏ အန္တရာယ်ကို လူအများသိရှိနားလည်လာကြပြီဖြစ်သည်။ ရုပ်ရှင်ဇာတ်လမ်းများတွင်ပင် စီကရက်သောက်သည်ကို သိပ်မတွေ့ရတော့ချေ။ စီးကရက်သောက်သည့် အလေ့အထကို လူအတော်များများ စွန့်ပစ်ခဲ့ကြပြီဖြစ်သည်။ သို့သော် ဆေးပြင်းလိပ်များကိုမူ သောက်နေကြဆဲဖြစ်သည်။ ရုပ်ရှင်များ၊ ပိုစတာများတွင် ချမ်းသာကြွယ်ဝသည့်သူများနှင့် အချို့သော နာမည်ကြီးမင်သား၊ မင်းသမီးများ ဆေးပြင်းလိပ်သောက်သည်ကို တွေ့ရှိရသည်။ ရုပ်ရှင်ကြိုက်သူ၊ မိမိနှစ်သက်သော မင်းသား၊ မင်းသမီးများကို လိုက်လံအတုခိုးတတ်သော လူငယ်များအတွက် အန္တရာယ်ပင်ဖြစ်သည်။

ဆေးပြင်းလိပ်သောက်သူများသည် မိမိဘာသာ ဆေးပြင်းလိပ်သည် စီးကရက်ကဲ့သို့ အန္တရာယ်မရှိဟု ထင်မှတ်ကြသည်။ ဤသည်မှာ အမှားပင်ဖြစ်သည်။ ဆေးပြင်းလိပ်သောက်သူများသည် ဆေးလိပ်ကို ဖွာရုံသာဖွာကြ၍ မရိုက်ကြသဖြင့် စီးကရက်ကဲ့သို့ အဆုတ်ကင်ဆာဖြစ်နိုင်ချေ မများသော်လည်း ဆေးလိပ်ငွေ့ထိတွေ့ရာ လမ်းကြောင်းတစ်လျှောက်ရှိ နူတ်ခမ်း၊ လျှာ၊ အာခေါင်နှင့် လည်ချောင်းကင်ဆာ တို့ဖြစ်စေနိုင်သည်။

ထို့အပြင် ဆေးပြင်းလိပ်သောက်ခြင်းသည် မုန့်ချိုအိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ နှလုံးရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားမူနူန်း တိုးပွားစေသည်။

ဆေးပြင်းလိပ်သည် စီးကရက်ထက် အရွယ်အားဖြင့် ပိုကြီးသောကြောင့် ဆေးရွက်ကြီးပါဝင်မူ ပမာဏလည်း ပိုများသည်။ ထို့အပြင် သောက်သုံးချိန်လည်း ပိုကြာသောကြောင့် ဆေးလိပ်တွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများနှင့် ထိတွေ့ချိန်လည်း ပိုကြာသွားသည် ဆေးပြင်းလိပ်လိပ်ထားသည့် ပုံစံမှာလည်း ဆေးလိပ်တွင်ပါရှိသည့် ထိုဓာတုဗေဒပစ္စည်းများကို ပို၍ သိပ်သည်းဆများစေသည်။ ၎င်းသည် စီးကရက်ထက် လေထုညစ်ညမ်းစေသော ကာဘွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ကို ပိုထုတ်ကြောင်းလည်း လေ့လာတွေ့ရှိရသည်။

ဆေးလိပ်ကို စွဲစေသော နီကိုတင်းပမာဏလည်း ဆေးပြင်းလိပ်တွင် ပမာဏပိုမိုပါဝင်သည်။ ဆေးပြင်းလိပ်အကြီးစားများတွင်ဆိုလျှင် နီကိုတင်း ၂၀၀-မီလီဂရမ်ခန့်ထိ ပါဝင်တတ်၍ ၎င်းပမာဏမှာ သာမာန်စီးကရက်တွင် ပါဝင်သော ပမာဏထက် ၂၃-ဆခန့်ပိုများလေသည်။ စီးကရက်နှင့် ဆေးပြင်းလိပ်၏ ကွာဟချက်မှာ ဆေးပြင်းလိပ်သောက်သူများသည် ဆေးလိပ်ငွေ့ကို မရိုက်ကြသောကြောင့် ၎င်းအငွေ့ကို နူတ်ခမ်းနှင့် ခံတွင်းရှိ ဆဲလ်များကသာစုတ်ယူကြသည်။ ထို့ကြောင့် အဆုတ်ကင်းဆာထက် ခံတွင်းနှင့် လည်ချောင်းကင်ဆာပိုအဖြစ်များကြသည်။

သို့ဖြစ်ပါ၍ ရုပ်ရှင်ဇာတ်လမ်းများကို ကြည့်၍ နှစ်ခြိုက်ကြသော အတုယူတတ်ကြသော လူငယ်လူရွယ်များ ဆေးပြင်းလိပ်၏ ဆိုးကျိုးများကို သိရှိ၍ ဆင်ခြင်နိုင်ရန် ဖော်ပြလိုက်ရပါသည်။

စန္ဒီ (ဆေး - ၂) (HEALTH CARE JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...