ဘိုလီးဗီးယားက Cholitas အမျိုးသမီး နပန်းသမားများ...
El Alto သည် ဘိုလီးဗီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်ပြီး တော်လှန်ရေးသမားများ နေထိုင်ရာ မြို့ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ဒေသထွက် သဘာဝဓာတ်ငွေ့ များကို မတရားခေါင်းပုံဖြတ် အမြတ်ထုတ်သုံးစွဲမှုကို ဆန့်ကျင်တွန်းလှန်ရင်း ဘိုလီးဗီးယား ဓာတ်ငွေ့ပဋိပက္ခသည် ခေါင်းထောင်လာသည်။ နိုင်ငံ၏ သဘာဝသယံဇာတများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းကို ဆန့်ကျင်သော ဆန္ဒပြပွဲတွင် ဌာနေ တိုင်းရင်းသား ၆၀ ကျော်သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ ဆန္ဒပြပွဲတွင် ပါ၀င်သော ဒေသခံ အမျိုးသမီးများ ဆောင်းထားသော ဦးထုပ်များပေါ်တွင် သင်္ကေတများကို တွေ့မြင်နိုင်သည်။
အဆိုပါ Bowler ဦးထုပ်များ ဆောင်းထားသော အများသမီးများကို Winston Churchill နှင့် Charlie Chaplin တို့၏ ကိုယ်ပိုင်စတိုင်လ် တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြသည်၊ Bowler ဦးထုပ်များသည် ထိုဘိုလီးဗီးယား အမျိုးသမီးများ၏ နေ့စဉ်ဝတ်စားဆင်ယင်မှု ဘ၀ထဲသို့ ရောက်ရှိလာခဲ့သည်။ ယခုအခါ ထိုအမျိုးသမီးများသည် ၎င်းတို့၏ ရိုးရာဝတ်စုံများကို ကိုယ်တိုင်ယက်လုပ်ရုံမက စံနှုန်းသတ်မှတ်ချက် တခုကို စိန်ခေါ်နေသော အခြား အမျိုးသမီးအုပ်စုများ၏ အထက်တွင်လည်း တည်ရှိနေသည်ဟု ရှုမြင်ကြသည်။ ၎င်းတို့ကို Fighting Cholitas များအဖြစ် လူသိများသည်။
“Cholitas” ဆိုသည့် စကားလုံးသည် တိုင်းရင်းသား အမျိုးသမီးများကို စော်ကားရန် ရည်ရွယ်ပြီး သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။ ၁၉၅၂ ခုနှစ် ဘိုလီးဗီးယား အမျိုးသားတော်လှန်ရေးမတိုင်မီ Aymara နှင့် Quechua တိုင်းရင်းသူများသည် မဲပေးခြင်းကဲ့သို့ အရေးကြီးသော အခွင့်အရေးများကို မရခဲ့ပေ။ အထူးသဖြင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် ဖိနှိပ်မှုများသည် ပို၍ပင် ဆိုးရွားလာခဲ့ပြီး၊ ၎င်းတို့အား နှိမ်ချဆက်ဆံသည့် စကားလုံး အသုံးအနှုန်းများကို စတင် အသုံးပြုလာကြသည်။
“Fighting Cholitas” ဆိုသည့် အသုံးအနှုန်းသည် ထိုနည်းပင်ဖြစ်သည်။ အမျိုးသမီး နပန်းသမား များသည် တချိန်က ၎င်းတို့ကို နှိမ်ချဆက်ဆံရန် အသုံးပြုခဲ့သည့် အမည်ကို ဂုဏ်ယူဝံ့ကြွားစွာ ကိုင်စွဲပြီး အမျိုးသားကြီးစိုးသော နယ်ပယ်အတွင်း ၎င်းတို့၏ ကိုယ်ပိုင်လမ်းကို ဖောက်ရန် တိုက်ပွဲဝင်ခဲ့သည်။ သူတို့သည် ခေတ်သစ်နပန်းပွဲများကို အထင်ကြီး အားကျသော်လည်း ထိုကဲ့သို့ တင်းကျပ်သော ဝတ်စုံ များကို မ၀တ်ဆင်ပေ။ ၎င်းအစား နပန်းကြိုးဝိုင်း အပြင်ဘက်မှာ ရှိနေသည့် ရိုးရာဂါဝန် (သို့) စကတ်၊ ပုဝါ နှင့် သူတို့ရဲ့ Bowler ဦးထုပ်အောက်က ကျစ်ဆံမြီးရှည် နှစ်ချောင်းတို့ကို ဆင်မြန်းထားကြသည်။ Cholita တယောက်ဖြစ်ရသည်ကို ဂုဏ်ယူသည်။ အသက် ၁၅ မှ ၇၀ အတွင်း Fighting Cholita နာမည်ကို ရယူသည့် အမျိုးသမီးတိုင်းတွင် နောက်ခံသမိုင်း အမျိုးမျိုးရှိကြသည်။
နပန်းအားကစားသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အားကစားတခု ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ တချိန်က အကြမ်းတမ်းဆုံးနှင့် အရက်စက်ဆုံး အားကစားတခု ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ ခန့်က ဂူပန်းချီကားများ၊ ရုပ်ကြွများနှင့် Mosaics ပန်းချီမှတ်တမ်းများတွင် အမျိုးသားများ လုံးထွေး သတ်ပုတ်နေသည့် ပုံများကို တွေ့မြင်နိုင်သည်။ ဂရိတွင် အကျော်ကြားဆုံးဖြစ်ချိန်တွင် နပန်းနှင့် လက်ဝှေ့ကဲ့သို့ ပြင်းထန်သော ပြိုင်ပွဲများတွင် အရွယ်အစားနှင့် ခွန်အားအလိုက် အမျိုးသားများဖြင့်သာ ပြည့်နေခဲ့သည်။
တိုင်းရင်းသူ အမျိုးသမီး ဖြစ်ခြင်းကြောင့် နပန်းပွဲထဲသို့ ၀င်ရန်ကြိုးစားခြင်းသည် မလွယ်ကူလှပေ။ Fighting Cholitas နပန်းအမျိုးသမီးများအတွက် အမျိုးသားများကဲ့သို့ စည်းဝိုင်းထဲ ဝင်ခွင့်ရရန် နှစ်ပေါင်း များစွာ အချိန်ကြာမြင့်ခဲ့သည်။ နပန်းစည်းဝိုင်းအတွင်း တင်းကျပ်သော ဝတ်စုံများကို ဝတ်ဆင်ရမည့် အစား ၎င်းတို့၏ ရိုးရာဝတ်စုံများနှင့် လေးလံသော စကတ်များကို ဝတ်ဆင်ကြသည်။ ထို့အတွက်ကြောင့် ပရိတ်သတ်၏ လှောင်ပြောင် သရော်ခြင်း ခံရသည်။ ထိုအ၀တ်အစားများနှင့် နပန်းသတ်ပုတ်ရာတွင် ၎င်းတို့၏ စွမ်းဆောင်ရည်ကို အများက သံသယဖြစ်ကြသည်။
Ana Polonia Choque ဆိုသည့် အမျိုးသမီးသည် ၂၀၀၀ ခုနှစ် အစောပိုင်း ကာလများက ဘိုလီးဗီးယားတွင် ပထမဆုံးသော အမျိုးသမီး နပန်းသမားတဦး ဖြစ်သည်။ သူမ၏ စင်မြင့်ပေါ်က နာမည်က Carmen Rosa နှင့် La Campeona ဖြစ်သည်။ အမျိုးသမီး (၄)ဦးသာ ပါဝင်သော အဖွဲ့တခုနှင့် စတင်ခဲ့သည်။ အိမ်တွင်း အကြမ်းဖက်မှုများနှင့် အမျိုးသမီးများ သတ်ဖြတ်ခံရမှုများ မြင့်တက်လာစဉ် ကာလအတွင်း အချို့က ထွက်ပေါက် ရှာခဲ့ကြသည်။ အမျိုးသားများနှင့် ဘ၀တူ တိုင်းရင်းသူ အမျိုးသမီးများက သူမကြောင့် ရိုးရာနှင့်ယဉ်ကျေးမှုကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေမည်ကို စိုးရိမ်ပူပင်ကြသည်။ ထိုစိုးရိမ်ပူပန်မှုများကို သူမ အောင်မြင် ကျော်လွှားခဲ့သည်။ သူမနှင့် သူမ၏ Cholitas အပေါင်းအသင်းများသည် နပန်းအားကစားကို နှစ်သက်ကြသည်။ ထို့ပြင် ဘိုလီးဗီးယားမှ Aymara တိုင်းရင်းသူ အမျိုးသမီးများ ဖြစ်ခြင်းနှင့် အမျိုးသမီးများတွင်လည်း ခွန်အားရှိကြောင်း သက်သေပြရန်လည်း ဖြစ်သည်။
သူတို့ စတင်လုပ်ဆောင်သည့် အချိန်တွင် အမျိုးသားမန်နေဂျာနဲ့ စီစဉ်သူများက သူတို့၏ ရပိုင်ခွင့် အမြတ်အစွန်းများကို အဆမတန် ဖြတ်တောက်ခဲ့ကြသည်။ နောက်ပိုင်း အမျိုးသမီးသီးသန့် “Cholitas နပန်းဖောင်ဒေးရှင်း” ကို တည်ထောင်ပြီး ထိုအဖွဲ့ကို Ana Polonia Choque က ဦးဆောင်ခဲ့သည်။ သို့သော် သူတို့၏ တခုတည်းသော နပန်းဖျော်ဖြေပွဲဖြစ်ဖို့ လုံလောက်သည့် ငွေကြေးများ မရှိကြပေ။ ဥပမာ- ရံပုံငွေအတွက် စားသောက်ဆိုင်ငယ်တခုကို နှစ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့ရသည်။ Fighting Cholitas များတွင် ဘိုလီးဗီးယား အမျိုးသမီးများ၊ ကြင်ဖော်မဲ့ မိခင်အချို့နှင့် အချို့မှာ အလုပ်တခုထက် ပိုအလုပ်လုပ်နေကြသူများ ဖြစ်သည်။ အဆိုပါ အမျိုးသမီးများသည် မိမိတို့ ကိုယ်တိုင်နှင့် မိသားစုများ၏ စားဝတ်နေရေးကို ပံ့ပိုးပေးပြီး၊ တန်းတူညီမျှမှုကို လိုချင်သည့် နေရာဒေသအသီးသီးရှိ အမျိုးသမီးများ၏ အိမ်မက်များကိုလည်း ကူညီဖြည့်ဆည်းပေးသည်။
နပန်းပွဲတွင် သူရဲကောင်းတယောက်နှင့် ဗီလိန်ဇာတ်ကောင် တယောက်ရှိသည်။ သူတို့က နပန်းကစားပွဲကတဆင့် ဇတ်လမ်းပုံပြင်တွေကို ပြောပြကြသည်။ ဤသရုပ်ဖော်ကို နပန်းလောကတွင် Kayfabe ဟု လူသိများကြသည်။ အချို့က နပန်းပွဲကို “အတုအယောင်” ဟု ခေါ်ကြသော်လည်း ရွေ့လျားမှု၊ အင်အားနှင့် ကျွမ်းကျင်မှုအားလုံးသည် အစစ်အမှန်ဖြစ်သည်။ Cholitas အမျိုးသမီး နပန်းသမားအချို့ ဆေးရုံရောက်ကြသည်။ အတုအယောင် ကစားပွဲဟု ယုံကြည်ထားသူများ သည် ကြိုးဝိုင်းထဲ Cholitas အမျိုးသမီး နပန်းသမားများ၏ စွမ်းဆောင်ရည်ကို မြင်တွေ့သည်အခါ နှုတ်ဆိတ်နေကြသည်။ ကမ္ဘာ့ကပ်ရောဂါသည် ၎င်းတို့၏ နပန်းအားကစားကို ယာယီရပ်ဆိုင်းစေခဲ့သည်။ သို့သော် သိပ်မကြာရှည်ပါ။ Cholitas ဖိုက်တာနပန်းအမျိုးသမီများသည် နောက်ပွဲစဉ်များအတွက် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်......။
Ref; Ripleys
- (အနောက်သို့) True love never fades... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း