တက္ကသိုလ်ဝင်စာမေးပွဲသည် နတ်လည်းမကြီး၊ မေးခွန်းလည်းမသတ်ပါ


မကြာမီရက်ပိုင်းတွင် ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးစတင်ဖြေဆိုကြရပေတော့မည်။ နှစ်စဉ် စာမေးပွဲဖြေဆိုစဉ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူအများစု၏ ပါးစပ်ဖျား၌ 'မေးခွန်းသတ် သည်' ဟူသောစကားကို အမြဲကြားကြားနေခဲ့ရ၏။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းလွှာများနှင့်ပတ်သက်၍ အဘယ်သို့သောအရာကို 'သတ်သည်' ဟုခေါ်ပါသနည်း။ မေးထားသည့်အကြောင်းအရာများမှာလည်း ယခင်ဂျီစီအီး (GCE-General Certifi-cate of Education) ယခု (IGCSE-International General Certificate of Secondary Edu-cation) စာအုပ်များထဲမှ ဉာဏ်စမ်း (Unseen) မေးခွန်းများမဟုတ်။ လက်ရှိတက္ကသိုလ်ဝင်တန်း ဘာသာရပ်ဆိုင်ရာ စာအုပ်များမှ ပြဋ္ဌာန်းချက်ပါ ကျက်စာ၊ တွက်စာနှင့် ဥပမာပုစ္ဆာများသာဖြစ်၏။

တက္ကသိုလ်ဝင်စာမေးပွဲကို 'နတ်ကြီးသည်' ဟုလည်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအများစု ပြော ကြပါသေး၏။ ဘယ်လိုအကြောင်းကြောင့် အဘယ်မည်သောနတ်က စာဖြေကျောင်းသား၊ ကျောင်းသူများ အပေါ်လာ၍ ကြီးရပါသနည်း။ (အရာရာတိုင်းမှာ ခြွင်းချက်တော့ရှိပါတယ်။)

စိတ်ထင်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအများစုအပေါ် 'တက္ကသိုလ်ဝင်စာမေးပွဲ' ဟူသော ဖိအားသက်ရောက်မှုကြောင့် စိတ်ထွက်ပေါက်တစ်ခုအနေဖြင့် ပြောကြခြင်းသာဖြစ်ပေလိမ့်မည် ထင်ပါ ၏။ မိမိတို့စိတ်ကို ဘာသာလှည့်စားခြင်းသာ ဖြစ်နိုင်၏။

ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့၏။ 'ဥပါဒါန်အစွဲအလမ်းကြောင့် ဘေးဥပဒ်မဖြစ်စေဖို့ပင်' ဖြစ် သည်။

အထက်ဖော်ပြပါအချက်နှစ်ချက်သည် တက္ကသိုလ်ဝင် စာမေးပွဲကြီးအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်း သား၊ ကျောင်းသူတို့အတွက် သတိပြုဆင်ခြင်စရာများပင် ဖြစ်ပေသည်။

မေးခွန်းသတ်သည်ဆိုတာနှင့် ပတ်သက်၍အဖြစ်နိုင်ဆုံးသောအရာကို စဉ်းစားကြည့်ပါက (၁) ကျောင်း သား၊ ကျောင်းသူများအနေဖြင့် တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်မှတ်၊ တွက်ချက်မှုအားနည်းခြင်း၊ (၂) တစ်နှစ်တစ်တန်း သင်ယူလာခဲ့ကြသည့် အခြေခံကောင်းများကို စာမေးပွဲဖြေဆိုရာ၌ ကျွမ်းကျင်ပိုင်နိုင် စွာအသုံးမချနိုင်ခြင်း၊ (၃) မေးခွန်းပါမေးထားသည့် အကြောင်းအရာများကို ဓမ္မဓိဋ္ဌာန်ကျကျ သဘော ပေါက်နားလည်နိုင်စွမ်းမရှိခြင်း (ဝါ) မေးခွန်းနားမလည်ခြင်းစသည်တို့ပင် ဖြစ်ပေ၏။ (တခြားဖြစ်နိုင်ခြေ များလည်းရှိပါ၏)

တကယ်တမ်းတက္ကသိုလ်ဝင်စာမေးပွဲသည် 'နတ်ကြီးခြင်း' မဖြစ်နိုင်သလို၊ 'မေးခွန်းသတ်ခြင်း' မျိုးလည်း မရှိပါ။ မေးထားသည့် မေးခွန်းပုံစံမှာ နှစ်စဉ်မေးနေကျပုံစံမှလွဲ၍ သွေဖည်သွားခြင်းမရှိသေး။ မေးခွန်း ထုတ်ပုံစံစနစ်မှာလည်း တစ်နှစ်ပတ်လုံး သင်ယူခဲ့ရသော ဘာသာရပ်တစ်ခုချင်းစီ၏ အခန်းစဉ်အလိုက် သင်ခန်းစာများအပေါ်တွင်သာ အခြေခံပြီးလစ်ကွက်၊ ဟာကွက်မရှိရလေအောင် မေးမြန်းထားခြင်းဖြစ် ပါ၏။

တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲ နှင့်ပတ်သက်သည့် မေးခွန်းဟောင်းများကိုလည်း နှစ်စကတည်းကကြိုတင်လေ့လာသင့်ပေ၏။ ထိုသို့ လေ့လာရာတွင် 'မေးခွန်းဟောင်းပေါင်းချုပ်' စာအုပ်အပြင် နှစ်အလိုက်ကျင်းပခဲ့သော စာမေးပွဲမေးခွန်း ဟောင်း (မူရင်း) များကိုလည်း အထူးလေ့လာသင်ပေ၏။ မူရင်းမေးခွန်းဟောင်းများ ကိုကြည့်၍ 'ပွဲမဝင် ခင်အပြင်မှာကျင်းပ' ဆိုသလို အထပ်ထပ်၊ အခါခါလေ့ကျင့်ဖြေဆိုသင့်ပေ၏။ သို့မှသာ စာမေးပွဲနှင့် နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်ရသောအခါ မေးခွန်းများအပေါ် ယဉ်ပါးပြီးသားဖြစ်နေလိမ့်မည် ထင်ပါ၏။

တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျက်စာများကိုကျက်မှတ်ရာတွင် တစ်နေ့ စာတစ်နေ့ပုံမှန်ကျက်ပြီး စာအကြွေးမတင်ဖို့လိုအပ်လှပေ၏။ ရပြီးသားစာများကို 'ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါး' ဆိုသကဲ့သို့ မေ့လျော့ခြင်းမရှိရလေအောင် အမြဲအာဂုံဆောင်ထားနိုင်ဖို့လည်း အထူး လိုအပ်လှပေ၏။

အတွက်အချက်ပိုင်းဆိုင်ရာ ပုစ္ဆာတွေမှာလည်း အတန်းစဉ်အလိုက် သင်ယူခဲ့ကြသည့် တွက်ချက်မှုပိုင်း ဆိုင်ရာအခြေခံသဘောတရား အနည်းအကျဉ်းလောက်ကိုဖြင့် မှတ်မိဖို့တော့ လိုအပ်လိမ့်မည်ဟုထင်ပါ၏။

ဒါ့အပြင်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ (Definitions)၊ ကောက်နုတ်ချက်တွေ (Corollarys)၊ အယူအဆ သဘောတရားတွေ (Theories)၊ အဆိုပြုချက်တွေ (Theorems) နဲ့ဘာသာရပ်အလိုက် ပုံသေနည်း တွေ (The Formulas of Each Subject) တွေကိုလည်း ကျေကျေညက်ညက်ရရှိထားအောင် ပြုလုပ် သင့်ပေ၏။

ပုစ္ဆာအများစုတွက်ချက်ရာတွင် အဓိကအခန်းကဏ္ဍတစ်ခုအနေဖြင့် နေရာယူထားတဲ့ ပုံသေတွက်ထုတ် ထားသောကိန်းဂဏန်း (ဝါ) လော့ဂရမ်သမ်စ် (Logarithm) ဇယား၊ နှစ်ထပ်ကိန်း (Square Roots) ဇယားကြည့်နည်းတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကြည့်တတ်အောင် လေ့ကျင့်ထားသင့်ပေ ၏။ လော့ဂရမ်သမ်စ်ဇယားကြည့်နည်း ကျွမ်းကျင်ခဲ့ပါက သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒဘာသာရပ်များတွင် ထူးချွန်ရုံသာမက အရာရာမှာပညာရှင်တောင် ဖြစ်နိုင်တယ်လို့ဆိုထားပါ၏။

သို့အတွက် အထက်ဖော်ပြပါ အချက်အလက်တွေနဲ့ မပြည့်စုံခဲ့ရင် သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒဘာသာ ရပ်များမှ ပုစ္ဆာတွေကိုဘယ်လိုနည်းနဲ့မျှ ပိုင်ပိုင်နိုင်နိုင်တွက်ချက်နိုင်လိမ့်မည်မဟုတ် . . . ။ ကျောင်း သား၊ ကျောင်းသူအများစု 'သတ်တယ်' လို့ယူဆထားသော ဘာသာရပ်တွေကလည်း ဒီသုံးဘာသာရပ် နဲ့မကင်းနိုင်ဖြစ်နေ၏။

အချုပ်အားဖြင့်ဆိုရပါမူ တက္ကသိုလ်ဝင်စာမေးပွဲကြီးသည် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအများ စုထင်ကြေးပေးထားသလို 'နတ်ကြီးခြင်းမဟုတ်ပါ။ မေးခွန်းသတ်ခြင်း' မျိုးလည်းမရှိပါ။ ကျောင်း သား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏အားနည်းချက်များအပေါ် စိတ်ပြေရာပြေကြောင်း ထွက်ပေါက်တစ်ခု အနေဖြင့် ပြောကြသည့်စကားတစ်သက်သက်မျှသာ ဖြစ်ပါ၏။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့တစ်နှစ်ပတ်လုံးသင်ယူခဲ့ရသော သင်ခန်းစာများအပေါ် တွင် ဖိဖိစီးစီး၊ ပိုင်ပိုင်နိုင်နိုင် လေ့လာကျက်မှတ်၊ တွက်ချက်ထားခဲ့ကြမည်ဆိုပါလျှင် 'ဘယ်နတ်ကမှ လာကြီး၍မရသလို၊ ဘယ်မေးခွန်းမှလည်း သတ်လို့ရလိမ့်မည်' မဟုတ်။

ထို့ကြောင့်သင်ခန်းစာများကို ပိုင်ပိုင်နိုင်နိုင်ရရှိထားသူ ကျောင်းသား၊ ကျောင်းသူများအတွက် သုံးနာရီ ဆိုသောအချိန်ကာလတွင် မေးခွန်းပါသင်ခန်းစာများကို အိတ်သွန်ဖာမှောက်ဖြေဆိုရင်း စာဖြေခန်း အတွင်းဝယ် အချိန်ကုန်လွန်မှန်းမသိ ကုန်လွန်စေမည့်သဘောပင်ရှိပါ၏။ သင်ခန်းစာများကို ပိုင်ပိုင် နိုင်နိုင်ရရှိထားခြင်းမရှိသော ဆန့်ကျင်ဘက်ကျောင်းသား၊ ကျောင်းသူများအတွက်မူ စာဖြေခန်းအတွင်း ဝယ်ငုတ်တုတ်ထိုင်ရုံမှတစ်ပါး အခြားနည်းလမ်းရှိတော့မည်မဟုတ်။

သို့အတွက်ကြောင့် ၂၀၁၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကြီးအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်း သား၊ ကျောင်းသူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်ခန်းစသာများကို ပိုင်ပိုင်နိုင်နိုင်ရရှိထားခဲ့ကြ လျှင် 'နတ်ကြီးခြင်း၊ မေးခွန်းသတ်ခြင်းမျိုးရော ကြုံတွေ့နိုင်ပါ့မလား' ဆိုတာကတော့ မိမိတို့ဘာသာ အကြိမ်ကြိမ်အခါခါ ဆန်းစစ်ကြရမည့် မေးခွန်းသာဖြစ်ပါ၏။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိကြတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများအားလုံး '၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီး' အား ဘေးဥပဒ်ကင်းစွာဖြင့် ဖြေဆိုနိုင်ကြပါစေရန် ဆုမွန်ကောင်း တောင်းရင်း . . . . ။

စံတော်ချိန်သတင်းစာ
အတွဲ(၁)၊ အမှတ်(၃၂၉)၊ မတ်လ(၈) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...