ဉာဏ်ရည်ခြားနား ကလေးငယ်များအတွက် ထည့်သွင်းစဉ်းစားရမည့် ပညာရေးစနစ်
“ကျွန်မတကယ်ပဲ သားကိုကျောင်းပို့ချင်ပါတယ်။ ဒါပေမဲ့ကျောင်းရောက်ရင် သားကတခြားကလေးတွေ လိုစာသင်နိုင်ပါ့မလား။ မူလတန်းကျောင်းက ဆရာမတွေက မသန်စွမ်းကလေးတွေကို ဘယ်လိုကိုင် တွယ်ရမလဲဆိုတာ မသိတဲ့အတွက် သူတို့အခက်တွေ့မှာလည်း စိုးရိမ်တယ်။ နောက်သူတို့က ကျွန်မ သားကို ကျောင်းအပ်လက်ခံဖို့ ငြင်းဆိုထားပါတယ်” ဟု တောင်ဒဂုံမြို့နယ်မှ မိခင်တစ်ဦးကဆိုသည်။
မသန်စွမ်းကလေးငယ်များ ပညာသင်ကြားခွင့်ရရှိရန် အရေးတကြီးလိုအပ်သော်လည်း စိန်ခေါ်မှုကြီး မားနေခြင်းအပေါ် သုတေသနစစ်တမ်းတစ်ခုတွင် မသန်စွမ်းကလေးမိခင်တစ်ဦးက ရင်ဖွင့်ပြောဆိုထား ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂ၏ ကူညီထောက်ပံ့မှုဖြင့် ပြည်တွင်းအဖွဲ့အစည်းဖြစ်သော ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (LCR) က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၉ ခုတွင် ဉာဏ်ရည်ခြားနားမှုရှိသော ကလေးငယ်များ၏ ပညာ ရေးဆိုင်ရာ အသေးစားစစ်တမ်းတစ်ခုကို ဆောင်ရွက်ခဲ့သည်။
၎င်းစစ်တမ်းသည် ဉာဏ်ရည်ခြားနားမှုရှိသော ကလေငယ် ၁၃၉ ဦးကိုလေ့လာခဲ့ခြင်းဖြစ်ပြီး ကလေး မိဘများနှင့် တွေ့ဆုံးမေးမြန်းခဲ့ကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် အခြေအနေများကို သုတေသနပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါဉာဏ်ရည်ခြားနားမှုရှိသော ကလေးငယ်များတွင် ကျောင်းမနေသူ ၅၁ ဒသမ ၁ ရာခိုင်နှုန်းရှိနေ ပြီး ကိုယ်ခန္ဓာမသန်မစွမ်းသော ကလေးငယ်များထက် ကျောင်းနေနှုန်းလျော့ကျနေကြောင်း လေ့လာ တွေ့ရှိခဲ့ကြသည်။
ကျောင်းတက်ရောက်နေသော ကလေးငယ်များသည် ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်နေကြ ခြင်းဖြစ်ပြီး အများစုသည်ဒေါင်ဆန်ဒရုန် (Down Sundrome) အပျော့စားဝေဒနာ ခံစားနေရသူများဖြစ် ကြောင်းသိရသည်။
မိဘအများစုသည် ဉာဏ်ရည်ခြားနားမှုရှိသော ကလေးငယ်များကို ကျောင်းပညာသင်ယူစေလိုသော် လည်း ငွေကြေးအခက်အခဲရှိခြင်းနှင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများနှင့် လက်လှမ်းမမီ ခြင်းတို့ကြောင့် အခက်အခဲကြုံနေရသည်။
“ကျွန်မတို့မိသားစုဝင်ငွေက ကလေးအဖေအပေါ်မှာ မှီခိုနေရပါတယ်။ ဝင်ငွေရဖို့ ကျွန်မအနေနဲ့ ဘာမှ ထောက်ပံ့မှုမပေးနိုင်ဘူး။ ကျွန်မသမီးကိုတစ်ယောက်တည်းထားခဲ့ပြီး အပြင်ထွက်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ကျွန်မသူ့ကိုစောင့်ရှောက်ရမယ်” ဟုတောင်ဒဂုံမြို့နယ်မှ မိခင်တစ်ဦးကပြောသည်။
မသန်စွမ်းမှုနှင့် ဆင်းရဲမွဲတေမှုအကြား ချိတ်ဆက်မှုက ဉာဏ်ရည်ခြားနားသော ကလေးမိဘများတွင် ငွေကြေးကျပ်တည်းမှုကိုဖြစ်ပေါ်စေပြီး မိခင်များသည်ဝင်ငွေရရှိသော အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိတော့ ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။
အစိုးရစာသင်ကျောင်းများတွင်လည်း ယင်းကဲ့သို့ကလေးငယ်များကို မည်သို့ကိုင်တွယ်ရမည်ကို နားလည်သော ကျွမ်းကျင်ဆရာအင်အားမရှိခြင်းကြောင့် ကျောင်းအပ်လက်မခံသော အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
“ကျွန်တော်တို့မှာ ခြားနားဉာဏ်ရည်ရှိကလေးငယ်တွေကို ကိုင်တွယ်နိုင်တဲ့ ကျောင်းဆရာဦးရေ အလုံအလောက်မရှိပါဘူး။ ကလေးတွေကို သင်ကြားပေးဖို့ သင်ထောက်ကူပစ္စည်းတွေလည်း လိုတယ်။ ခြားနားဉာဏ်ရည်ရှိကလေးတွေနဲ့ ပတ်သက်ပြီးဆရာတွေမှာလည်း အသိပညာဗဟုသုတ တွေအများကြီးလိုသေးတယ်” အင်းစိန်မြို့နယ်မှ ကျောင်းဆရာတစ်ဦး၏ ပြောဆိုမှုကို စစ်တမ်းတွင် ဖော်ပြထားသည်။
အစိုးရနှင့် ပညာရေးဝန်ကြီးဌာနက “လူတိုင်းအတွက် ပညာရေး” ဟုပြောဆိုနေသော်လည်း စာသင် ကျောင်းများတွင် ဉာဏ်ရည်ခြားနားသော ကလေးငယ်များအတွက် ထည့်သွင်းစဉ်းစားထားခြင်း၊ ပြင်ဆင်ထားခြင်း မရှိကြောင်းသုံးသပ်ထားသည်။
စာသင်ကျောင်းများတွင် ကိုယ်ခန္ဓာမသန်စွမ်းသော ကလေးငယ်များကို တွေ့မြင်ရလေ့ရှိသော်လည်း ဉာဏ်ရည်ခြားနားသော ကလေးများကိုမြင်တွေ့ရလေ့မရှိခြင်းက ကျောင်းတက်နှုန်းလျော့ကျနေမှုကို ထင်ရှားနေစေသည်။
လူ့အဖွဲ့အစည်းတွင် ဉာဏ်ရည်ခြားနားသော ကလေးငယ်များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် လျစ်လျူရှု ခြင်းများ တဖြည်းဖြည်းမြင့်တက်လာနေခြင်းကြောင့် ကလေးငယ်များကို လူမှုပတ်ဝန်းကျင်နှင့် ဝေးရာ သို့တွန်းပို့သလို ဖြစ်နေကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။
“ခြားနားဉာဏ်ရည်ရှိတဲ့ ကလေးငယ်တွေကို ခွဲခြားဆက်ဆံတာက လူ့ပတ်ဝန်းကျင်မှာ အကျင့်တစ်ခု လိုဖြစ်နေပါပြီ” ဟု ကျောင်းဆရာတစ်ဦးက ဆိုသည်။
လူမှုရေးအရ ခွဲခြားဆက်ဆံခံရမှုသည် ဉာဏ်ရည်ခြားနားသော ကလေးငယ်များ၏ ဘဝနေထိုင်ရေးနှင့် အခွင့်အရေးများအပေါ် သက်ရောက်နေပြီး မသန်စွမ်းကလေးများနှင့် ၎င်းတို့မိသားစုသည် လူမှုပတ် ဝန်းကျင်မှ ထွက်ခွာသွားနေကြသည်။
လူအများနှင့် ဆက်သွယ်ပြောဆိုမှု အားနည်းသောဉာဏ်ရည်ခြားနားသော ကလေးငယ်များအတွက် အားကစားလှုပ်ရှားမှုသည် လူမှုရေးစွမ်းရည်များ တိုးတက်လာစေသလို လူမှုပတ်ဝန်းကျင်တွင် ပါဝင် လာနိုင်ရန် လက်တွဲခေါ်ပေးနိုင်သည့် နေရာဖြစ်ကြောင်း ထောက်ပြထားသည်။
ဒေသအတွင်း အဖွဲ့အစည်းများ၊ မသန်စွမ်းသင်တန်းကျောင်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းသည် ဉာဏ်ရည်ခြားနားသော ကလေးများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်နေသည်။
သတင်းအချက်အလက်ရရှိမှုနှင့် အသိပညာနည်းပါးမှုသည် ဉာဏ်ရည်ခြားနားသော ကလေးငယ်များ ၏ ပညာသင်ယူခွင့်ကို ပိတ်ပင်တားဆီးထားသလို ဖြစ်နေပြီးအိမ်တွင်းပုန်းဘဝဖြင့် အဆုံးသတ်နေကြရ သည်။
“လူတိုင်းအတွက် ပညာရေး” ဟုဆိုထားသော အစိုးရ၏အခြေခံပညာ ကျောင်းများတွင် မသန်စွမ်း ကလေးများအတွက် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန် လိုအပ်နေပြီဖြစ်သည်။ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရာတွင် မသန်စွမ်းကလေးများအတွက် ထည့်သွင်းစဉ်းစားခြင်း၊ လိုက်လျောညီထွေမှုရှိသော ကျောင်းပတ်ဝန်းကျင် တည်ဆောက်ပေးခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။
“ကျောင်းတွေနဲ့ ပတ်သက်တာကတော့ သင်ရိုးညွှန်းတမ်းပါ။ စာဖတ်တာ၊ စာရေးတာတွေကို အဓိက ဦးစားပေးလွန်းနေတယ်၊ ကလေးတွေအတွက် ဘဝမှာလိုအပ်တဲ့ စွမ်းရည်တွေသင်ပေးသင့်တယ်။ ပြီးတော့ ကလေးတွေကို ဗဟိုပြုတဲ့စနစ်က ပိုသင့်တော်ပြီး ထိရောက်မှုပိုရှိလိမ့်မယ်” ဟု လှိုင်သာယာမြို့နယ်မှ မိခင်တစ်ဦးက ပြောသည်။
ဉာဏ်ရည်ခြားနားသော မသန်စွမ်းကလေးများနှင့် ပတ်သက်၍ ပညာရေးမူဝါဒချမှတ်သူများနှင့် ပြည်သူလူထုအနေဖြင့် အလေးထားသတိပြုမိလာစေရန် အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း စစ်တမ်းကထောက်ပြထားသည်။
ပညာရေးမူဝါဒချမှတ်ရာတွင် ဉာဏ်ရည်ခြားနားသော ကလေးငယ်များအတွက် နည်းလမ်းများထည့် သွင်းစဉ်းစားနိုင်စေရန် ရည်ရွယ်ဆောင်ရွက်သော စစ်တမ်းသည် အမျိုးသားပညာရေးဥပဒေနှစ်ခု လွှတ်တော်သို့ တစ်ပြိုင်နက်တင်သွင်းသော အချိန်နှင့်တိုက်ဆိုင်နေသည်။
7Day News Journal
Vol.13, No.3, March.19, 2014