သင်္ကြန်မတိုင်ခင် ဆံပင်ဆေးဆိုးမယ်

(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
ရာသီဥတုကလည်း တစထက်တစ ပိုမို ပူပြင်းခြောက်သွေ့လာပြီး မတ်လနောက်ဆုံးပတ်ကိုလည်း မကြာခင် ကျရောက်လာတော့မှာ ဖြစ်သလို မြန်မာ့ရိုးရာ သင်္ကြန်ချိန်ခါဖြစ်တဲ့ ဧပြီလထဲကို လည်း ရောက်တော့မှာ သိပ်မကြာတော့တာမို့ မြန်မာ နိုင်ငံ နေရာအနှံ့မှာ တူးပို့တူးပို့ သင်္ကြန်သီချင်းသံတွေနဲ့အတူ ဒီဂျေ Remix လုပ်ထားတဲ့ သင်္ကြန်သီချင်းအမြူး တွေလည်း ကြားနေရပါပြီ။
ဒီအချိန်ဟာ ဒီနေ့ခေတ်ရေစီးထဲကလူငယ်တွေ သင်္ကြန်မှာ အပီအပြင်လန်းဖို့ သင်္ကြန်ဖက်ရှင် ဆံပင် အရောင်ဆိုးဖို့လည်း အသင့်လျော်ဆုံး အချိန်ပါပဲ။ ဒီသင်္ကြန်အချိန်ကာလ နွေရာသီဟာ သာမန် အချိန်တွေထက် စာရင် ဆံပင်အရောင်ဆိုးတာ ပိုပြီး ခေတ်စားတဲ့အချိန်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နွေရာသီဟာ ကျောင်းတက်နေတဲ့ ကျောင်းသားအများစုရဲ့ နွေကျောင်း ပိတ်ရက်ရှည် ကာလဖြစ်တာကြောင့် ဒီလိုနွေရာသီမှာ ဆံပင် အရောင် လန်းလန်းတွေနဲ့ လမ်းသလားလေ့ရှိကြသလို သင်္ကြန်မှာလည်း အရောင် ရဲရဲတောက်တောက်တွေနဲ့ အပီကဲကြတာမို့ နွေရာသီမှာ အရောင်ဆိုးများတယ် လို့ ဆိုရပါမယ်။
ဆံပင်ပုံစံဆိုရင်လည်း မိန်းကလေးကြားမှာ ဆိုရင် အခုက အတိုစတပ်ပုံစံလေးတွေ ပြန်ခေတ်စားလာ ပါတယ်။ ဆံပင် ခပ်တိုတိုကိုပဲ တည့်အတိ ပုံစံမဟုတ်ဘဲ ဘေးတစောင်း ခပ်စောင်းစောင်း တိညှပ်ထားတဲ့ ပုံစံမျိုး ဂုတ်ဝဲ ဒီဇိုင်း ပုံစံလေးတွေ ခေတ်စားနေပါတယ်။ ပြီးတော့ ဆံပင်အရှေ့ကိုလည်း ဂငယ် အဝိုက်ပုံစံလေးတွေ ညှပ်လာ ကြတဲ့အချိန်ပါ။ ယောကျာ်းလေး ဆံပင်ပုံစံဆိုရင်လည်း ဘေးနှစ်ဘက်က ရှိတ်ထိုးထားပြီး အပေါ်ကို One Way ထောင်ထားတဲ့ ဒီဇိုင်း၊ ဆံပင်ကို မထောင်ထားဘူး ဆိုရင်တောင် ဘေးခွဲကိုမှ ရှိတ်ထိုး ပုံစံလေးတွေ ခေတ်စားနေတယ်လို့ ဆိုနိုင်ပါတယ်။
ဒီနှစ် ၂၀၁၄ ခုနှစ် လူငယ်တွေကြားမှာ ခေတ်စားတဲ့ ဆံပင်အရောင်ပုံစံကတော့ Rainbow Highlight လို့ခေါ်တဲ့ သက်တံ့ရောင် (ရောင်စုံခုနစ်ရောင်)ကို ဟိုက်လိုက် ဆိုးတဲ့ အရောင် ခေတ်စားပါတယ်။ ဒါ့အပြင် အခြား အရောင်တောက်နီယွန် ကာလာတွေထဲကဖြစ်တဲ့ ပန်းရောင်၊ အပြာရောင်၊ အစိမ်း၊ ခရမ်း အစရှိတဲ့ အရောင်တွေလည်း ခေတ်စားတဲ့အတွက် ဒီနေ့ခေတ် လူငယ်တွေ ဆိုးလေ့ရှိကြပါတယ်။
အရောင် တောက် နီယွန်ကာလာတွေထဲမှာမှ လူငယ်တွေ အဆိုးများကြတဲ့ အရောင် တွေကတော့ ပန်းရောင်ကို အခြေခံပြီး ဆိုးလေ့ရှိကြတဲ့ Atomic Pink လို့ခေါ်တဲ့ ပန်းရောင်တောက်တောက်၊ Reddish Pink လို့ ခေါ်တဲ့ ပန်းရောင်ဘက် သမ်းတဲ့ အနီရဲရောင်၊ Pale Pink လို့ ခေါ်တဲ့ ပန်းရောင်ဖျော့ အစရှိတာတွေ အဆိုးများ ကြပါတယ်။

ပန်းရောင်ကိုမှ အနု၊ အဖျော့၊ အတောက်၊ အရဲ အစရှိတဲ့ မတူညီတဲ့ ကာလာခွဲတွေကို တဂေါင်းလုံးပဲ ဖြစ်ဖြစ် ဟိုက်လိုက်ဖောက်ပြီးပဲ ဖြစ်ဖြစ် ဆိုးလေ့ ရှိကြပြီး အခြား မတူညီတဲ့အရောင်တွေနဲ့လည်း တွဲစပ်ပြီး ဆံပင်အရင်း၊ အဖျား အစရှိတဲ့ နေရာတွေမှာလည်း ကွက်ပြီး ဆိုးတဲ့ပုံစံမျိုးလည်း ရှိကြပါတယ်။
ပန်းရောင်၊ အစိမ်းရောင်၊ ခရမ်းနုရောင်၊ ခရမ်းရင့်ရောင်နဲ့ Electric Blue လို့ ခေါ်တဲ့ အပြာရောင် အတောက် ခေတ်စားတယ်လို့ ဆိုရပါမယ်။ ဒီအရောင်တွေကိုတော့ တခေါင်းလုံးဆိုးတာထက် ဟိုက်လိုက် အနေနဲ့ အဆိုး များကြပြီး အရင်းတွေ၊ အဖျားတွေမှာလည်း နှစ်ရောင်စပ်၊ သုံးရောင်စပ်၊ လေးရောင်စပ်ကနေ အရောင်စုံလည်း ဆိုးလေ့ရှိကြပါတယ်။ နိုင်ငံတကာမှာ ဖက်ရှင်တခုအနေနဲ့ တခေါင်းလုံး ဆိုးလေ့ရှိကြပေမယ့် မြန်မာနိုင်ငံမှာတော့ အဲဒီလိုဆိုးတာ မတွေ့ရသလောက်ပါပဲ။
ကာလာစပ် အရောင်တွေဆိုးတဲ့ အခါအရောင်တောက်တွေကို စပ်ပြီးလည်း ဆိုးလေ့ရှိကြသလို အရောင်ငြိမ်တွေထဲက ဖြစ်တဲ့ ကော်ဖီရောင်၊ ရွှေအိုရောင်၊ မဟော်ဂနီရောင်၊ အနက်ရောင် အစရှိတဲ့ အရောင်တွေကို အောက်ခံထားပြီးလည်း ဆိုးကြတာကို တွေ့ရပါတယ်။
ဒီလို အရောင်တောက်တွေကို ဆိုးမယ်ဆိုရင်တော့ လူငယ်တွေကြားမှာ ကိုယ့်ဆံပင် အရောင်က လန်းပြီး ပေါ်လွင်နေမှာ ဖြစ်ပေမယ့် ဆံပင်အရောင်ဆိုးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးကို သတိထားရပါမယ်။
ဆံပင် အရောင် မဆိုးခင်ကတည်းက ကိုယ်က ပထမဆုံး ဆံပင်အရောင်ကို စဆိုးတဲ့သူဆိုရင်ဆံပင် အရောင် ဆိုးဆေးနဲ့ ဓာတ်တည့်မတည့်ကိုလည်း အရင်ဆုံး စမ်းသပ်ဖို့ လိုအပ်သလို ဆံပင်အရောင် ဆိုးဆေးက အန္တရာယ်ပြုနိုင်တဲ့ ဓာတုဗေဒဓာတ်ပစ္စည်းတွေ အမြောက်အမြား ပါဝင်တာမို့လို့ ကိုယ်ဝန်ဆောင်ထားတဲ့ ကိုယ်ဝန်သည် မိန်းမတွေ လုံးဝ မဆိုးသင့်ပါဘူး။
ဒါ့အပြင် ဆံပင်အရောင်ဆိုးပြီ ဆိုကတည်းက ဆံပင်အရောင်ကို ကြာရှည်ခံပြီး တောက်ပအောင် ထိန်းသိမ်းပေးဖို့လည်း လိုအပ်ပါတယ်။ ထိန်းသိမ်းမှုမရှိလို့ မွဲခြောက်ခြောက်ဖြစ် နေတယ်ဆိုရင် ဆံပင်အရောင်ဆိုးထားတာ အလကားပဲပေါ့။
ဆံပင်အရောင်ကို ဘယ်လိုထိန်းသိမ်းရမလဲ??
ဆံပင်အရောင်မဆိုးခင်ကတည်းက ကိုယ့်ဆံပင်ကို အရောင်တင်တော့မယ်ဆိုရင် Hair Serum အဆီ တမျိုးမျိုးနဲ့ ရောပြီးဆိုးသင့်ပါတယ်။ ဒါမှလည်း ဆံပင်အရောင်ထွက်လာတဲ့အခါ ကိုယ်လိုချင်တဲ့အရောင်အတိုင်း ရနိုင်မှာဖြစ်သလို အရောင်ထွက်ကလည်း တောက်ပပြီး အမိုက်စားဖြစ်နေနိုင်မှာပါ။
ဆံပင်အရောင်ဆိုးနေစဉ်အတွင်းမှာလည်း ဆံပင်ကို ရေနွေးပေါင်းခံစက်ထဲမှာ ဆံပင်သားကို Treatment ယူပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဆံပင် အရောင်ထွက်လာတဲ့အခါ အရောင်ဆိုးထားတဲ့ ဆံသားတွေက ကြမ်းတမ်း ပျက်စီးမနေဘဲ ပျော့ပျောင်း နူးညံ့တဲ့ ဆံပင်သားအတိုင်း ဖြစ်ကျန်နိုင်မှာပါ။ ဆေးဆိုးပြီးပြီ ဆိုရင်တော့ ဒီဆံပင်ကို ဒီအတိုင်းဖြစ်ကတတ်ဆန်း ပစ်ထားလို့ လုံးဝ မရပါဘူး။ သာမန်ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတွေက ဆံပင်အရောင်ကို မြန်မြန်ပြယ်စေတာမို့ အရောင် ဆိုးထားတဲ့ ဆံပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရှည်နဲ့ ပျော့ဆေးကို မှန်မှန်သုံးပေးရပါမယ်။
တပတ်တခါလည်း ဆံပင်ပေါင်းဆေးနဲ့ ပုံမှန် ပေါင်းတင်ပေးဖို့ လိုအပ်သလို အပြင်ထွက်တဲ့ အခါလည်း ဆံပင်ကို ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက် မထိနိုင်အောင် ဦးထုပ်၊ ထီးတို့နဲ့ အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒါတင်ဘယ်ကဦးမလဲ၊ ဆံပင်ကို UV ပါတဲ့ Hair Spray တွေ၊ Serum တွေ၊ Hair coat, Hair Gel အစရှိတဲ့ ဆံပင်လိမ်း ပစ္စည်းတမျိုးမျိုးကို ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လိမ်းပြီးမှ အပြင်ထွက်သင့်ပါတယ်။ ဘာမှ မလိမ်းဘဲ ဒီအတိုင်း ခေါင်းလျှော်ထားတဲ့ဆံပင်နဲ့ အပြင်နေပူထဲကို ထွက်ရင် ဆံပင်အရောင်က ကြာရှည်ခံမှာ မဟုတ်ပါဘူး။ အချိန်ခဏလေးအတွင်း အရောင် ပြယ်သွားနိုင်ပြီး ဆံပင်အရောင်မွဲ ခြောက်ခြောက်နဲ့ ဆံပင်ပျက်စီးသွားနိုင်ပါတယ်။

ဆိုးဆေးဈေးနှုန်းတွေကတော့ ဆေးအမျိုးအစားပေါ်မူတည်ပြီး လက်ခ အပါအဝင်ဆိုင်ရဲ့ ဝန်ဆောင်မှုနဲ့ ကိုယ့်ဆံပင် အတို အရှည်ပေါ်မူ တည်ပြီး သုံးထောင်၊ ငါးထောင် ဝန်းကျင်ခန့်ကစလို့ ပုံမှန် တသောင်းခွဲ၊ နှစ်သောင်းကျော် ဝန်းကျင်နဲ့ အများဆုံးဈေးနှုန်း ရှစ်သောင်း တသိန်း ကျော်တဲ့အထိ ရှိပါတယ်။
နီယွန်ကာလာ အအရောင်တောက်တွေကို ဆိုးမယ်ဆိုရင် သင်္ကြန် မတိုင်ခင် ဆယ်ရက်လောက် အလိုကတည်းက ကြိုပြီးတော့ ဆိုးထားသင့်ပါတယ်။ သင်္ကြန်နားနီးမှ ကပ်ပြီး ဆိုးမယ်ဆိုရင် အရောင်ဆိုးထားတဲ့ ဓာတုဗေဒပစ္စည်းတွေကြောင့် ထိခိုက်ထားတဲ့ ဒဏ်တွေရယ်၊ ဧပြီလရဲ့ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည် နေရှိန်ပြင်းတဲ့ဒဏ်ရယ်၊ သင်္ကြန် ရေပိုက် ခပ်ပြင်းပြင်းတွေနဲ့ ခပ်ကြမ်းကြမ်း ရေပက်ခံ ရနိုင်တဲ့ ဒဏ်တွေကြောင့် ဦးရေပြားနဲ့တကွ ဆံပင်သားကို အများကြီး ထိခိုက်နိုင်ပါတယ်။
ဒါကြောင့်မို့လို့ ဧရာဝတီ ခေတ်ရေစီး စာဖတ် ပရိသတ်တွေထဲက ဒီနေ့ခေတ် လူငယ်တွေ အနေနဲ့ သင်္ကြန်မှာ ဆံပင်အရောင် အလန်းစားတွေနဲ့ အပီ လန်းနိုင်ဖို့ အခုကတည်းက ကိုယ်ဆိုးမယ့်အရောင်နဲ့ ကိုယ်နဲ့လိုက်မယ့် ဆံပင်ပုံစံကို ရွေးချယ်ပြီး သင်္ကြန် မတိုင်ခင် အမြန်သွားဆိုးပါလို့ ဆိုလိုက်ပါရစေ။
သီဟတိုး
ဧရာဝတီ Blog
- (အရှေ့သို့) သင်္ကြန်ခရီးမထွက်ဖြစ်ရင် Alpine မဏ္ဍပ်မှာရှိမယ်လို့ ပြောတဲ့ မိုးစက်ဝိုင် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) Twins Fetal membranes and placenta အမွှာကိုယ်ဝန် အချင်းနဲ့ ရေမြွာအိတ် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review