ပညာရှင်များတွင် စိတ်ကျန်းမာရေးထိခိုက်မှု ပိုများလာ


စားဝတ်နေရေးဆိုသည်မှာ လူသား၏ အခြေခံလိုအပ်ချက်ဖြစ်သည်။ လူသားသည်ထိုအခြေခံလိုအပ် ချက်အတွက် အလုပ်လုပ်ရသည်။ ထိုသို့အလုပ်လုပ်ရာ၌ တစ်ဦးနှင့်တစ်ဦး တူသည်မဟုတ်ပေ။ အလုပ် အမျိုးအစားများစွာရှိခဲ့၏။ သို့သော်လူ၏ အားနည်းချက် အားသာကိုလိုက်၍ အမျိုးမျိုးအစားစား ကွဲပြား နေသောအလုပ်များကို အုပ်စုနှစ်မျိုးသာခွဲနိုင်မည်ဖြစ်သည်။ လူတွင် ကာယအားကောင်းသူနှင့် ဉာဏ အားကောင်းသူဟူ၍ နှစ်မျိုးရှိရာ ကာယအားကောင်းသူက ကာယအားအသုံးပြုရသော အလုပ်ကိုလုပ်၍ ဉာဏအားကောင်းသူက ဉာဏအားအသုံးပြုရသော အလုပ်ကိုလုပ်သည်။ ကာယအလုပ်က ကိုယ်ကို ပင်ပန်းစေ၍ ဉာဏအလုပ်က စိတ်ကိုပင်ပန်းစေသည်။ ကာယအလုပ်ကို အလွန်အကျွံလုပ်လျှင် ကိုယ် ကျန်းမာရေးကို ထိခိုက်တတ်သကဲ့သို့ ဉာဏအားကို အလွန်အကျွံ သုံးလျှင်လည်း စိတ်ကျန်းမာရေးကို ထိခိုက်စေတတ်သည်။

ဉာဏအားကိုအသုံးပြုရသော အလုပ်တွင်လောလောဆယ်အားဖြင့် စားဝတ်နေရေးနှင့်တိုက်ရိုက်ပတ် သက်ခြင်းမရှိသော ပညာသင်ယူ ဆည်းပူးခြင်းလည်းပါသည်။ ပညာသင်ယူဆည်းပူးခြင်းသည် စား၊ ဝတ်၊ နေရေးနှင့်တိုက်ရိုက်မပတ်သက်သော်လည်း စား၊ ဝတ်၊ နေရေးအတွက် အလုပ်လုပ်ရန်ပြင်ဆင် ခြင်းဖြစ်သည်။

ပညာသင်ယူဆည်းပူးရာတွင် အခြေခံအဆင့်၌ များစွာထူးခြားမှုမရှိသော်လည်း အဆင့်မြင့်အပိုင်းတွင် ထူးခြားမှုရှိသည်။ အဆင့်မြင့်ပညာကို သင်ယူဆည်းပူးသူများသည် ပညာသင်ယူတတ်မြောက်ရေးတွင် လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း သို့မဟုတ် စား၊ ဝတ်၊ နေရေးအတွက် အလုပ်အကိုင်ရေးတွင် လည်းကောင်း ရည်မှန်းချက်မြင့်မြင့်မားမားထားလေ့ရှိကြသည်။ ထိုအခါ အဆင့်မြင့်ပညာသင်ယူသူ များသည် ရည်မှန်းချက်ကြီးလေ စိတ်ပင်ပန်းမှုကြီးလေဖြစ်သည်။

သို့ဖြစ်သောကြောင့် တက္ကသိုလ်များတွင် အလုပ်လုပ်နေသူ ပညာရှင်များ၊ ပညာသင်ယူနေသူများလော က၌ သောကပရိဒေဝဖိစီးမှု၊ စိတ်ဒုက္ခရောက်မှု၊ ဝမ်းနည်းပူဆွေးမှုစသော စိတ်ကျန်းမာရေး ထိခိုက်မှု များသည်။ ထိုအခြေအနေကို Guardian Higher Education Network သည်မဝေးလှသောကာလ၌ မီးမောင်းထိုးပြခဲ့သည်။ ပညာရှင်လောကတွင် သောကပရိဒေဝမီးတောက်လောင်မှု၊ စိတ်ဖိစီးမှု အဆင့် မြင့်နေသည်ကို GHEN ကထောက်ပြသည်။

ပညာရှင်လောကတွင် စိတ်ကျရောဂါဖြစ်ခြင်း၊ အိပ်စက်ရာ၌ အဆင်မပြေခြင်း၊ အစားမမှန်ခြင်း၊ အရက်စွဲလာခြင်း၊ မိမိကိုယ်မိမိ ထိခိုက်နာကျင်အောင်ပြုလုပ်ခြင်း၊ Ph.D ကျောင်းသားများလောကတွင် ဆိုလျှင် မိမိကိုယ်မိမိ သတ်သေရန်ကြိုးပမ်းမှုအထိပင်ဖြစ်တတ်သည်။

သို့ရာတွင် ပညာရှင်လောက၌ စိတ်ကျန်းမာရေးထိခိုက်မှုများသည်ဟု လေ့လာသူများကဆိုသော် လည်း သုတေသနပြုမှုမှာ အနည်းငယ်မျှသာရှိသေးသည်။ ခိုင်မာသောအချက်အလက်များလည်း လက်တွေ့ တွင်နည်းသေးသည်။

မည်သို့ပင်ဖြစ်စေ တက္ကသိုလ်နှင့် ကောလိပ်သမဂ္ဂ (UCU) ကသူတို့လေ့လာတွေ့ရှိသမျှကို စာတစ် စောင်ပေတစ်ဖွဲ့ရေးသား၍ ၂၀၁၃ ခုနှစ်၌ ပုံနှိပ်ထုတ်ဝေခဲ့သည်။ တက္ကသိုလ်နှင့် ကောလိပ်သမဂ္ဂ (UCU) တက္ကသိုလ်အလုပ်သမား (ပညာရှင်များ) ၁၄၀၀၀ ကျော်တို့ကို လေ့လာခဲ့သည်။ ပညာရှင်တို့ သည် အလုပ်တာဝန်ပိသောကြောင့်လည်းကောင်း၊ အချိန်ရှည်ကြာစွာ လေ့ကျင့်ပျိုးထောင်မှုကြောင့် လည်းကောင်း၊ စီမံခန့်ခွဲမှုလိုအပ်ချက် ပဋိပက္ခဖြစ်မှုကြောင့်လည်းကောင်း စိတ်ဖိစီးမှုဖြစ်ရသည်ဆို သည်ကို ဖော်ထုတ်နိုင်ရန် ထိုသို့လေ့လာခဲ့ခြင်းဖြစ်သည်။ ပညာရှင်များသည် သာမန်လူများထက် စိတ်ဖိစီးမှု ပိုဖြစ်သည်ဆိုသည်ကို ကွင်းဆင်းလေ့လာမှုတွေ့ရှိချက်က ဖော်ပြနေသည်။

တက္ကသိုလ်အားလုံးသည် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများဖြစ်မှု တိုးတက်များပြားနေသည်ဟု ပက်ထ်ဟန့်ထ်က ဆိုသည်။ သူသည်တက္ကသိုလ်ဝန်ထမ်းနှင့် ကျောင်းသားများအတွက် နော့တင်ဂမ် တက္ကသိုလ်၏ ဆွေးနွေးလမ်းညွှန်မှုပေးသော အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ တက္ကသိုလ်ဆွေးနွေးလမ်း ညွှန်မှုပေးသော ခေါင်းဆောင်များ UK အဖွဲ့ အဖွဲ့ဝင်လည်းဖြစ်သည်။

တစ်စုံတစ်ယောက်သည် မြင့်မြင့်မားမားလည်း ရည်မှန်းချက်ထားသည်။ ထိုရည်မှန်းချက်ပြည့်မြောက်ရေး ကို စဉ်ဆက်မပြတ်လည်း မျှော်မှန်းနေသည်ဆိုလျှင် ထိုသူသည် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာ တစ်စုံတစ်ရာဖြစ်တတ်သည်ဟု ပက်ထ်ဟန်းထ်ကဆိုသည်။ အလုပ်လုပ်သောနေ့ပိုများလာလေ စိတ် ကျန်းမာရေးဆိုင်ရာပြဿနာဖြစ်မှု ပိုများလာလေဖြစ်သည်ဟု သူကဆိုသည်။

ထုတ်ကုန်ပစ္စည်း ပိုမိုထုတ်လုပ်ရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် တောင်းဆိုမှုများသည် ပညာရှင်များတွင် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများကို ပို၍ဖြစ်စေသည်ဟု လန်ဒန်မြို့ရှိအင်မ်ပီအ်ရ် အ်လ်ကောလိပ်မှ ဒေါက်တာအာလန်ဆွမ်းန်ကဆိုသည်။ သူသည်အဆင့်မြင့်ပညာရေးဆိုင်ရာ လုပ်ငန်း ခွင်ဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သည်။

ပညာရှင်များတွင် တခြားစိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်ခြင်းထက် စိတ်ဖိစီးမှုဖြစ်ခြင်းက ပိုများ တတ်ကြောင်း၊ ထိုသို့ဖြစ်ရသည်မှာ ပညာရှင်များသည်သူတို့၏ အလုပ်ကိစ္စ အကြောင်းကိုသာ တွေးတော စိတ်ကူးနေတတ်ခြင်း၊ သူတို့၏အလုပ်မှ ပေါ်ထွက်လာသောရလဒ်မှာ မျှော်မှန်းသလောက် ဖြစ်မလာခြင်း၊ သူတို့သည်ရက်သတ္တတစ်ပတ်လျှင် ခုနှစ်ရက်ပတ်လုံး အလုပ်မလုပ်မိပါက အပြစ်တစ်ခုကို ကျူးလွန် မိသကဲ့သို့ ခံစားရခြင်းတို့ကြောင့် ပညာရှင်များစိတ်ဖိစီးမှုပို၍ဖြစ်ရသည်ဟု ဒေါက်တာအာ လန်ဆွမ်းန်က ဆိုသည်။

Ph.D အဆင့်ပညာသင်ယူဆည်းပူးနေသူများနှင့် Ph.D ဘွဲ့လွန်အဆင့်၊ ပညာသင်ယူဆည်းပူးနေသူ များတွင် ဖိအားပိုများနေတတ်သည်။ ပညာရှင်များတွင် စိတ်ကျန်းမာရေးဆိုင်ရာများ ရှိနေသည်ဟု သူက ဆိုသည်။ ထိုသို့ဖြစ်ရသည်မှာလည်း သူတို့၏ပညာမာန်ကြောင့်ဖြစ်ရခြင်းဖြစ်သည်ဟု သူက ထပ် လောင်း၍ ဆိုသည်။

အထက်၌ ဖော်ပြခဲ့သည်များမှာ UK ရှိတက္ကသိုလ်ကောလိပ်များရှိ ပညာရှင်များ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာများနှင့်တွေ့ကြုံရင်ဆိုင်နေရသည်ဆိုသည်ကို ဥပမာသာဓကအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါကျန်းမာရေးဆိုင်ရာ ပြဿနာများသည် UK ရှိတက္ကသိုလ်များမှ ပညာရှင်များတွင်သာရှိသလော မဟုတ်နိုင်။ ကမ္ဘာတစ်ဝန်းလုံးရှိပညာရှင်များ လောကတွင်လည်း အနည်းနှင့်အများဆိုသလို စိတ်ကျန်း မာရေးဆိုင်ရာ ပြဿနာများရှိပေမည်။ ကွင်းဆင်းလေ့လာမှု၊ သုတေသနပြုမှုမရှိ၍သာ မသိနိုင်ခြင်းဖြစ် ကောင်းဖြစ်ဖြစ်မည်။

UK ရှိပညာရှင်များလောကတွင် စိတ်ကျန်းမာရေး ပြဿနာများရှိသည်ဆိုသည်ကို ကွင်းဆင်းလေ့လာ သုတေသနပြု၍သိရပြီး တခြားကမ္ဘာ့ပညာရှင်များတွင်လည်း အလားတူရှိနိုင်သည်။

ပညာရှင်များလောကတွင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများရှိသည်ဆိုသည်ကို ကွင်းဆင်းသုတေ သနပြုသောကြောင့် သိရသကဲ့သို့ ထိုပြဿနာများမဖြစ်ပေါ်ရေး၊ ဖြစ်ပြီးပါကလည်း ပပျောက်ရေးအ တွက် သုတေသနပြုရပေဦးမည်။

ရောဂါရှိလျှင် ဆေးရှိမည်မှာသေချာသည်။ ထိုဆေးကိုသုတေသနပြုဖော်ထုတ်အသုံးပြုနိုင်လျှင် ပညာ ရှင်များ ချမ်းသာရာရမည်။ ပညာရှင်များ စိတ်ကျန်းမာရေးပြဿနာမရှိလျှင် အလုပ်ပိုလုပ်နိုင်ပြီး ပညာ ရေးနယ်ပယ်၊ ကုန်ထုတ်လုပ်ရေး နယ်ပယ်စသည်တို့၌ ရလဒ်ကောင်းများ ပိုမိုထွက်လာနိုင်ဖွယ်ရှိပါ သည်။

Democracy today Daily
အတွဲ(၁)၊ အမှတ်(၁၀)၊ မတ်လ(၁၀)ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...