Community Center များကို တယ်လီနော တည်ဆောက်ပေးမည်ဟုဆို

အတွဲ (၁၅)၊ အမှတ် (၁၂)


photo: google

ကျေးလက်ဒေသများ၌ အင်တာနက်စနစ်နှင့် မိုဘိုင်းဖုန်းအသုံးပြုမှု တွင်ကျယ်လာစေရေးအတွက် တယ်လီနောသည် Community Information Center များကို တည်ဆောက်ပေးသွားမည်ဟု ပြောဆိုခဲ့ သည်။

ပြည်တွင်းရှိ ပါတနာကုမ္ပဏီများနှင့် ပူးပေါင်း၍ တယ်လီနောအနေဖြင့် Community Information Center များကို တည်ဆောက်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာသွားမည်ဟု တယ်လီနောမြန်မာရုံးချုပ်မှ တာဝန်ရှိသူက ပြောသည်။

တယ်လီနောအနေဖြင့် လိုင်စင်စတင်လျှောက်ထားစဉ်က Community Center ပေါင်း ၂၀၀ ခန့် ကို ပြည်တွင်း၌ တည်ဆောက်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။ အဆိုပါ Community Center များကြောင့် ဒေသအနှံ့တည်ရှိနေကြသည့် ကျောင်းနေအရွယ်လူငယ်များသည် ဒီဂျစ်တယ်နည်းပညာ အသုံးပြုသည့် စာပေများပေါ်ထွန်းလာမည်ဟု တယ်လီနောက ယုံကြည်ခဲ့သည်။

အသုံးပြုနိုင်မည့် အခြေအနေမျိုးစုံတို့ကို အသေးစိတ်ပြောကြားခဲ့ခြင်း မရှိသော်လည်း တယ်လီနောသည် ၎င်း၏ ဈေးကွက်အတွင်း လူမှုစီးပွားကို အကျိုးပြုသည့် လုပ်ငန်းများ လုပ်ကိုင်ပေးသွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။ ၎င်းတို့ အနေဖြင့် မိုဘိုင်းဖုန်းဆက်သွယ်ရေးကို ကောင်းမွန်သောအကျိုးစီပွား အဖြစ် အသုံးချဆောင်ရွက်ရန် စောင့်ကြည့်နေကြောင်းလည်း ပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ကို ရရှိခဲ့သည့် တယ်လီနောဂရု (ပ်) သည် လိုင်စင်ရရှိပြီး ၈ လ ကြာမြင့်သည့်အခါ မြန်မာပြည်သူလူထု လက်ခံနိုင်သည့် မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးအပ်သွားမည် ဟု ပြောဆိုခဲ့ပြီး ဖြစ် သည်။

လက်ရှိအချိန်၌ ၎င်းတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးဆီသို့ အရည်အသွေးမြင့် အင်တာနက်အမြန်နှုန်းနှင့် အသံဝန်ဆောင်မှုကို ပေးအပ်နိုင်သည့် အဆင့်မြင့်ကွန်ရက်များကို တည်ဆောက်နိုင်ခဲ့ကြောင်း စတင်အသုံးပြုခြင်းနှင့် ပတ်သက်၍ အသုံးပြုသူ မိတ်ဆက်ကို မကြာခင်ကာလ၌ ထုတ်ပြန်ပေးနိုင်ဖွယ်ရှိကြောင်း တယ်လီနောမြန်မာရုံးချုပ်မှ တာဝန်ရှိသူက ပြောသည်။

မြင့်ကျော်လှိုင်
အင်တာနက်ဂျာနယ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...