အချစ်ရေး အဆင်ပြေစေမည့် လျှို့ဝှက်ချက်ကို ရှာကီရာဖွင့်ဟ


ရှာကီရာက သူမအနေဖြင့် ချစ်သူ ဂျရတ်ပီကေးနှင့် ဆက်ဆံရေးကို အမြဲတမ်း နုပျိုနိုးကြားနေအောင် ဂရုစိုက် ကိုင်တွယ်လေ့ရှိကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။

Women’s Health မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကိုလံဘီယာ နာမည်ကြီး Pop ဂီတ အဆိုတော် က အောင်မြင်သော အချစ်ရေး၏ လျှို့ဝှက်ချက်ကို ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။ ရှာကီရာသည် ယင်းမဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံ အရိုက်ခံခဲ့သလို အင်တာဗျူးတွင်လည်း သူမ၏ ပုဂ္ဂိုလ်ရေး ဘဝကို လှစ်ဟပြခဲ့ခြင်း ဖြစ်သည်။ ရှာကီရာနှင့် ဂျရတ်တို့သည် လွန်ခဲ့သော (၄)နှစ်ခန့်က ချစ်သူများ ဖြစ်လာကြပြီး ယခုအခါ ကလေး တစ်ဦးပင် ရရှိထားပြီ ဖြစ်သည်။ ဧပြီလထုတ် မဂ္ဂဇင်းတွင် ရှာကီရာက အချစ်ရေးတစ်ခု ရေရှည် တည်မြဲရန်မှာ နှစ်ဦးစလုံး စိတ်တူကိုယ်တူ နှစ်မြှုပ်ခံစားနိုင်ရန် လိုကြောင်း မှတ်ချက်ပေးခဲ့သည်။

“ပေါင်းသင်းဆက်ဆံရေးမှာ နှစ်နှစ်ကာကာ ခံစားသက်ဝင်မှုက အရေးကြီးပါတယ်။ နှစ်ယောက် အတူ ပျော်ရွှင်နေဖို့၊ ရယ်မောနေဖို့ လိုတယ်။ နှစ်ယောက်အတူ ရှိနေနိုင်ဖို့ အချိန်ယူဖို့လည်း ကြိုးစားရပါ တယ်။ အချစ်ရေးမှာ ပျော်စရာ အချိန်တွေကို နှစ်ယောက် အတူတွဲပြီး ခံစားရတာဟာ မရှိမဖြစ် လိုအပ်တဲ့ အခြေအနေလို့ ကျွန်မထင်ပါတယ်”ဟု ရှာကီရာက ပြောကြားခဲ့သည်။

သူမက “တကယ်တော့ ဒါဟာ ရှုပ်ထွေးပါတယ်။ လူနှစ်ယောက်စလုံးက တူညီတဲ့ လိုလားချက်ရှိဖို့ လိုတယ်။ ဒါမှသာ ပေါင်းသင်းဆက်ဆံရေးက တည်မြဲရှင်သန်နိုင်မယ်။ ဦးတည်တဲ့ လမ်းကြောင်းအတိုင်း သွားနိုင်မယ်လေ”ဟုလည်း ဆိုသည်။

ရှာကီရာက “ကျွန်မရဲ့ လက်ရှိဘဝကို ပျော်ပါတယ်။ ကျွန်မက ခုလောလော ဆယ် ဖြတ်သန်းနေတဲ့ အခြေအနေကို တန်ဖိုးထားတယ်။ ဂျရတ်ကလည်း ကျွန်မနဲ့ထပ်တူ သဘောထား ရှိတယ်။ ဒါက အရေးအကြီးဆုံးပဲ”ဟုလည်း ပြောဆိုသွားခဲ့သည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...