ထိုင်းရောက် မြန်မာလုပ်သားတွေ ရင်ဆိုင်ရမယ့် အလုပ်သမားလက်မှတ်သစ်

မြန်မာအလုပ်သမားတွေ ရမယ့် သာမန်နိုင်ငံကူးလက်မှတ်၊ ဓာတ်ပုံ- အိမ့်သံစဉ်/ဧရာဝတီ
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် က "အရင်ဟာက ယာယီနိုင်ငံ ကူး လက်မှတ်၊ အခု ဟာက သာမန်နိုင်ငံကူးလက်မှတ်ဆိုတာစာအုပ်ကြီးပေါ့၊ ပြောင်းလိုက်ရတဲ့ ရည်ရွယ် ချက် ကတော့ သံအမတ်ကြီး ပြောတဲ့ အတိုင်းပဲ အထောက်အထားခိုင်မာချင်လို့ပေါ့။ ကုန်ကျငွေ စုစုပေါင်း ၁၆၀၀ ဆိုတာက ဒီဘက်အခြမ်းမှာ လုပ်ပေးမယ့်ဈေးနှုန်း၊ မြန်မာပြည်ထဲမှာ သွားလုပ်ရင်တော့ မြန်မာပြည် ကဈေးနှုန်းအတိုင်း ဖြစ်မှာပေါ့"လို့ သူက ဧရာဝတီကိုပြောပါတယ်။
လက်မှတ်ထုတ်ပေးနိုင်ဖို့ အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ အရ လိုအပ်တဲ့ အချက် ၁၀ ချက်ကို အလုပ်သမားတွေဘက်က တင်ပြ လျှောက်ထား ရမှာဖြစ်ပြီး အဲ့ဒီ့အချက်အလက်တွေနဲ့ မပြည့်စုံသူတွေကိုတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
သာမန်နိုင်ငံကူးလက်မှတ်လျှောက်ဖို့ လိုအပ်တဲ့ အချက်တွေကတော့
"၁။ ပြည်ပရောက် မြန်မာအလုပ်သမားများ ဖြည့်သွင်းရမည့် ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရေး ပုံစံ
၂။ မှတ်ပုံတင်မိတ္တူနှင့် သန်းခေါင်းစာရင်း မိတ္တူ
၃။ အလုပ်သမားများ၏ ယာယီနိုင်ငံကူး လက်မှတ် မိတ္တူ
၎။ အလုပ်ခေါ်စာ စာရင်းများ ( List of Demand for Myanmar Worker)
၅။ အလုပ်သမား များ၏ အမည် စာရင်း ( Name List of Worker)"
"၆။ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ် ( Employment Contracts)
၇။ ကိုယ်စားလှယ်လွှဲစာ ( Power of Attorneys)
၈။ နိုင်ငံခြားသား အလုပ်သမားလျှောက်လွှာပုံစံ ( The Application Form for Importion foreign Workers Concerning with the Memorandum of Understanding -MoU- between Thailand and Myanmar)
၉။ ထိုင်းအလုပ်ရှင် အမည် ပါသော အလုပ်လုပ်ခွင့် လက်မှတ် ( Work Permit မိတ္တူ
၁၀။ လက်ရှိ ရိုက်ကူးထားသော ဓာတ်ပုံ" စတဲ့ အချက်တွေ ဖြစ်ပါတယ်။
အဲ့ဒီ့ အချက်တွေအပြည့် အစုံရှိပြီး သား သူတွေအနေနဲ့ မူလကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ် ၄ နှစ်သက်တမ်း မကုန်ဆုံးမီ ၆ လ အလိုမှာ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်တိုင် ထိုင်းနိုင်ငံ မိမိနေထိုင် ရာမြို့နယ်ရှိ ထိုင်းအလုပ်အကိုင် ဌာန တွေက တဆင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန ကိုပို့ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအတိုင်း စီစစ်မှာလို့ သိရပါတယ်။
"အလုပ်ရှင်နဲ့ အလုပ်သမားက ပထမဆုံး မြို့နယ် အလုပ်သမားရုံးကို လျှောက်လွှာသွားတင်ရမယ်၊ အဲဒီ ရုံးကမှ ထိုင်းအလုပ် သမား ဝန်ကြီးဌာနကို ပို့ပေးမှာ စာရွက်တွေကို အဲ့ဒီ့ကမှ ကျနော်တို့ (မြန်မာသံရုံး) စီကိုရောက်လာမှာပေါ့၊ အဲဒီအခါကြမှ သုံးပိုင်းခွဲပြီး မှတ်ပုံတင်ရှိတဲ့လူ ဒီမှာလုပ်၊ မရှိရင်တော့ မြန်မာပြည်
ပြန် လုပ် ဆိုပြီး ခိုင်းရမှာပေါ့" လို့ ဦးကျော်ကျော်လွင် က ဧရာဝတီကိုပြောပါတယ်။
အလုပ်သမားတွေရဲ့ လျှောက်လွှာတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်က တဆင့် သတင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန စိစစ်ရေး ပုံစံတွေကို မြန်မာနိုင်ငံရှိ သတင်း ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တွေကို ပေးပို့ကာ နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်အတည် ပြုချက် ရယူပြီး ထိုင်းနိုင်ငံဆိုင် ရာ မြန်မာသံရုံးရှိ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနကို ပြန်လည်ပေးပို့မှာ ဖြစ်ကြောင်း သိရပါတယ်။
"နိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြန်ကြားရေးစာရရှိပြီးသော မြန်မာအလုပ်သမားများသည် မြန်မာသံရုံးရှိ သာမန်နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးဌာနစိတ်၌ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုဇယား မူရင်း တို့ အားတင်ပြ၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့မှ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ကို ထုတ်ယူရမည်ဖြစ် ပါသည်" လို့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ကြေညာချက်က ဆိုပါတယ်။
အဲ့ဒီ့နောက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သာမန်နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ဌာနစိတ်ကနေ ပထမဆုံး လျှောက်လွှာစတင်ခဲ့တဲ့ ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာန အဆင့်ဆင့် ပြန်ပို့ပေးပြီး အလုပ်အကိုင် ဌာနရဲ့ အကြောင်းကြားစာ၊ အလုပ်ရှင်ရဲ့ အလုပ်ခေါ်စာ (Demand Letter)နဲ့ အတူ မယ်ဆိုင်၊ မဲဆောက်နဲ့ ရတောင်းတို့မှာ ဖွင့်လှစ်ထားတဲ့ One Stop Service Center တွေထဲက မိမိတို့ အဆိုပြုထားတဲ့ စခန်းကို သွားရမှာဖြစ်ပါတယ်။
One Stop Service Center မှာ အလုပ်ရှင်နဲ့ အလုပ်သမားခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ် ချုပ်ဆိုပြီး ပြည်ပ အလုပ်အကိုင် အလုပ်သမားသက်သေခံ ကဒ်ပြားထုတ်ယူပြီး ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်
ရေး ဌာနက ပြည်ဝင်ခွင့်ဗီဇာနဲ့ ယာယီ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Temporay Work Permit) ရရှိရေးဆောင်ရွက်ရမှာပါ။
ထိုင်း-မြန်မာ နယ်စပ်မှာ ပြည်ဝင်ခွင့်ဗီဇာသက်တမ်းတိုးပြီးရင် ထိုင်းနိုင်ငံရှိ မိမိတို့ အလုပ်လုပ်ကိုင်တဲ့ မြို့နယ်က အလုပ်သမားရုံးမှာ အလုပ်လုပ်ကိုင်ခွှု့်လက်မှတ် (Work Permit) လျှောက်ထားကြရမှာဖြစ်ပါ တယ်။
သာမန်နိုင်ငံကူးလက်မှတ်ရဲ့ စုစုပေါင်းတန်ဖိုးကတော့ ဘတ် ၁၆၀၀ ကုန်ကျမှာဖြစ်ပြီး အစဦးမှာ ဘတ် ၅၀၀ ပေးသွင်းပြီး သာမန် နိုင်ငံကူးလက်မှတ် ထုတ်ယူချိန်တွင် ဘတ် ၁၀၃၀၊ နယ်စပ်ရှိ One Stop Service Centre မှာ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံ ကတ်ပြား ထုတ်ယူချိန်တွင် ထိုင်း ဘတ် ၇၀ ပေးသွင်းရမှာဖြစ်တယ်လို့ ဒီလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ လည်း ဖော်ပြထားပါ တယ်။
အလုပ်သမားတွေအနေနဲ့ သာမန်နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ ပျက်စီးသွားရင်တော့ စာအုပ်ရဲ့ တန်ဘိုး ဘတ် ၉၀၀ ရဲ့ သုံးဆ ဘတ် ၂၇၀၀ နဲ့ ဝန်ဆောင်စရိတ် ဘတ် ၇၀၀ စုစုပေါင်း ၄၃၀၀ ဒဏ်ကြေးပေးဆောင် ရမှာဖြစ်တယ်လို့ သိရပါတယ်။
ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း ၂ နှစ်ကျော် ကျန်ရှိနေသေးတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သာမန် နိုင်ငံကူးလက်မှတ် ကိုပြောင်းလဲသုံးစွဲစရာမလိုသေးဘဲ ၄ နှစ်သက်တမ်းပြည့်တဲ့ အထိ သုံးစွဲနိုင်
ကြောင်းသိရပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်မှာ နိုင်ငံသား စိစစ်ရေးအတွက် လျှောက်လွှာပေးပို့ပြီး နိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးအတည်ပြုချက်ရယူရ မှာဖြစ် တယ်လို့ ဆိုပါတယ်။
သို့သော်လည်း အလုပ်သမားတွေအနေနဲ့ နိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြန်ကြားချက်ကို စောင့်ဆိုင်းဖို့ မလိုဘဲ ထိုင်းနိုင်ငံအလုပ်အကိုင်ဌာနရဲ့ အကြောင်းကြားစာ၊ ထိုင်းအလုပ်ရှင်ရဲ့ အလုပ်ခေါ်စာ (Demand Letter) အတူ၊ မယ်ဆိုင်၊ ရနောင်နဲ့ မဲဆောက်မြို့တွေမှာရှိတဲ့ One Stop Service Center တွေမှာ သာမန်
နိုင်ငံကူးလက်မှတ်လုပ်သူတွေရဲ့ လုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။
ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန်သူတွေအတွက် အသစ်ပြောင်းလဲထုတ်ပေးမယ့် သာမန်နိုင်ငံကူး လက်မှတ် လုပ်ငန်းစဉ် တွေမှာ တင်းကြပ်တဲ့ စိစစ်မှုတွေ၊ အဆင့်ဆင့် လုပ်ဆောင်ရမယ့် ရှုပ်ထွေးလွန်းတဲ့ အစီအစဉ်တွေကြောင့် ရွှေ့ပြောင်း အလုပ် သမားတွေအနေနဲ့ အခက်ကြုံတော့မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အလုပ်သမားအရေး စောင့်ကြည့်နေသူတွေ က ဝေဖန်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နေထိုင်လုပ်ကိုင်ခွင့် လက်မှတ်တွေထုတ်ပေးရာမှာ အလုပ်သမားတွေ အတွက် ရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူ ဆောင်ရွက်လို့ရအောင် လုပ်ပေးတဲ့ စံနစ်တွေ ဖြစ်ဖို့ နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေကို မကြာခန တင်ပြခဲ့ပေမယ့် အခု ထုတ်ပေးမယ့် သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားရမယ့် အစီအစဉ်တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခက်အခဲတွေဖြစ်စေလိမ့်မယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ကလေးတွေ အတွက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
"အခုလုပ်မယ့် ဟာက ပိုပြီးတော့ ရှုပ်ထွေးစေတယ်ဗျ၊ ဥပမာအားဖြင့်ဆိုလို့ရှိရင် အလုပ်သမားတွေ ၄ နှစ်သက်တမ်းကုန်လို့ ပြန်ပြီး ဆက်မယ်ဆိုလို့ရှိရင် အဓိက နိုင်ငံသား စိစစ်ရမယ်ဆိုတာရယ်၊ သူတို့ရဲ့ အိမ်ထောင်စုစာရင်းတွေ ပြရမယ်ဆိုတာရယ်၊ နိုင်ငံသားစိစစ်ရေး ကဒ်ပြား (မှတ်ပုံတင်) ပြရမယ်ဆိုတာ ရယ်၊ ကျနော်တို့ အတွေ့အကြုံအရ အလုပ်သမားအများစုက သူတို့ တောင်းဆိုတဲ့ စာရွက်စာတမ်းတွေ မရှိဘူးဗျ" လို့ ဧရာဝတီကိုပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ယာယီနိုင်ငံကူးလက်မှတ်ကို အသုံးပြုပြီး နေထိုင်လုပ်ကိုင်နေတဲ့
ရွှေ့ပြောင်း အလုပ်သမား ကိုနိုင်လွင် က "ကျနော်ကတော့ မှတ်ပုံတင်၊ သန်ခေါင်းစာရင်းတွေ အဆင်သင့် ရှိတော့ ကျနော့်အတွက် သိပ်ခက်မှာ မဟုတ် ပါဘူးလို့ထင်တယ်။ ဒါပေမယ့် ဒီမှာ ရှိတဲ့ သူငယ်ချင်းအများစု က အဲဒီအထောက်အထားတွေမရှိကြတော့ သူတို့ကတော့ အခက်အခဲ ဖြစ်မှာပေါ့" လို့ ဧရာဝတီကိုပြောပါတယ်။
အခုပြုလုပ်ပေးမယ့် သာမန်နိုင်ငံသားလက်မှတ်ကို တရားမဝင်ပွဲစားတွေနဲ့ လုပ်စရာမလိုကြောင်း၊ လိမ် လည် ခံ ရနိုင်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့
ကြေညာချက်မှာ ပါရှိပေမယ့် အဲဒီကြေညာချက်ကို အစိုးရ သတင်းစာတွေ အပါအဝင် မြန်မာအစိုးရရော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတို့ကပါ အလုပ်သမားတွေအကြား ကျယ်ကျယ် ပြန့်ပြန့် ချပြပေးနေ တာ မတွေ့ရပါဘူး။
နိုင်ငံကူး လက်မှတ်ပွဲစားတွေကတော့ ဒီအကြောင်းကို အစိုးရ မထုတ်ပြန်ခင်ကတည်းက သိထားနှင့်
ကြပြီဖြစ်တယ်လို့ ဆိုကြပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ၂၀၀၉ ခုနှစ်မှာ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ အကြား နားလည်မှု စာချွန်လွှာ (MOU) အရ ၄ နှစ်သက်တမ်းရှိတဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။
အဲဒီတုန်းကလည်း ကိုယ်တိုင်လုပ်ဆောင်နိုင်ကြောင်း ပွဲစားမလိုကြောင်းပြောပေမယ့် လုပ်ငန်း အစီအစဉ် ရှင်းရှင်းလင်းလင်း သိခွင့်မရတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ အများစုက နိုင်ငံကူးလက်မှတ် ပွဲစားတွေကို မတန်တဆ ဈေးတွေပေးပြီး တဆင့်လုပ်ကိုင် ခဲ့ကြရတာပါ။
ယာယီနိုင်ငံကူးလက်မှတ်တွေလုပ်ပေးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကဆိုရင် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေက အစိုးရ အနေနဲ့ သူတို့ရဲ့ နေရပ်ရင်း အိမ်တွေမှာ သွားပြီးအခွန်ကောက်မလားဆိုပြီး အမျိုးမျိုးစိုးရိမ်မှုတွေရှိ ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ နေရပ်ရင်းလိပ်စာတွေအတိအကျ ပေးစရာမလို၊ မှတ်ပုံတင်ရှိရင်တောင် ပျောက်ဆုံး ဆိုတဲ့ အနေနဲ့ လုပ်ပေးတဲ့ ကြားပွဲစားတွေ ကိုပဲ အားကိုးခဲ့ကြရပါတယ်။
မဟာချိုင်မြို့နယ်မှာ အလုပ် လုပ်နေတဲ့ စောကျော်ကျော်ဝင်း က "ကျနော်တို့ မြန်မာပြည်(အစိုးရ) လူကြီး
တွေ က ကျနော်တို့လို မရှိဆင်းရဲသား အလုပ်သမားတွေကို ဒုက္ခမတွေ့အောင် တခါမှ အကာအကွယ် မပေးဘူး။ ကျနော့်မိန်းမ ဆိုရင် ထိုင်းတောင် ပေါ်သား ကဒ်ကိုင်တာ ခုလို ပိုက်ဆံတွေလည်း ခနခန မကုန်ဘူး၊ ဒုက္ခလည်း မခံရဘူး။ ကျနော်က မြန်မာစာမဖတ်တတ်ဘူး၊ အခုကိုင်နေတဲ့ ယာယီ ပတ်စပို့ တုန်းကလည်း ပွဲစားတောင်းတဲ့ဈေးနဲ့ပဲလုပ်ခဲ့ရတာ၊ နောက်ပိုင်းလည်း ရက်တိုးခတို့ ဘာတို့ တောက်လျှောက်
ပေးနေရတာ၊ အခုအသစ်က မှတ်ပုံတင်တွေပါလိုတယ်ဆိုတော့ ပိုဆိုးမှာပေါ့" လို့ သူကရှင်းပြပါတယ်။
နောက်ပိုင်းမှာ မြန်မာနိုင်ငံကနေ နားလည်မှုစာချွန်လွှာ MOU တွေနဲ့ လာပြီး အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေကတော့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေရှိကြပေမယ့်၊ ထိုင်းမှာ နှစ်ပေါင်းများစွာ လာရောက်လုပ် ကိုင်နေကြသူတွေနဲ့ စစ်ပြေး ဒုက္ခသည်တွေ ကတော့ သန်းခေါင်စာရင်းရော မှတ်ပုံတင်
ရော မရှိကြတဲ့ အပြင် တချို့တိုင်းရင်းသားတွေဆိုရင် မြန်မာနိုင်ငံကို မပြန်ဖူးသေးတဲ့ လူတွေတောင်ရှိ တယ်လို့ ဦးထူးချစ်က ပြောပါတယ်။
မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တဲ့ သာမန်နိုင်ငံကူးလက်မှတ် အသစ်လုပ်ဆောင်ရမယ့် အစီအစဉ်တွေဟာ အလုပ်သမားတွေအတွက် ရှုပ်ထွေး ခက်ခဲပြီး တဲ့အတွက် တရားဝင် တရားမဝင် အလုပ်သမားတွေ ပိုများလာနိုင်တယ်လို့လည်းဆိုပါတယ်။
"ဒီလောက်ရှုပ်ထွေးနေတဲ့ဟာတွေကို အလုပ်သမားတွေအနေနဲ့က ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ဘူး၊ အရင်တုန်းကတည်းက ပွဲစားတွေကပဲ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ လုပ်ပေးနေ ကြတာပဲလေ၊ အခု ကြေညာချက်ဟာလည်း သူတို့ (အစိုးရ) နဲ့ပေါင်းပြီးတော့ လုပ်ကိုင်နေကြတဲ့ ပွဲစား အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေပဲ ပိုပြီးတော့ အကျိုးအမြတ် ရှိနိုင်တဲ့ ကြေညာချက်လို့ပဲ ကျနော်က
မြင်တယ်။ အစီအစဉ်တွေက တရားမဝင်အလုပ်သမားတွေ ပိုပြီးတော့ များစေနိုင်တယ် လို့ကျနော်တော့
မြင်တယ်ဗျ" လို့ ဦးထူးချစ်က ပြောပါတယ်။
ဒါ့အပြင် အစိုးရက ချမှတ်လိုက်တဲ့ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ဟာ ထိုင်းနိုင်ငံ မှာ မြန်မာနိုင်ငံသား မဟုတ်တဲ့ တခြားနိုင်ငံသားတွေက မြန်မာနိုင်ငံသား ခံယူနေထိုင်မှာကို စိုးရိမ်လို့ ကာကွယ်တဲ့ အနေနဲ့ လုပ်တာလည်း ဖြစ်နိုင်ပေမယ့် မြန်မာအစိုးရ ဌာနဆိုင်ရာအသီးသီးအတွက် ဝင်ငွေရပေါက်ရလမ်းတွေ ရှာပေးနေတယ်လို့ ခံစားရတယ်လို့ သူကဆက်ပြောပါတယ်။
မြန်မာအစိုးရရဲ့ အခုအစီအစဉ်ဟာလည်း နောက်ကျနေပြီး ၂၀၀၉ ခုနှစ်က လုပ်လာခဲ့တဲ့ ၄ နှစ် သက်တမ်း ရှိ ယာယီနိုင်ငံကူး လက်မှတ်တွေကလည်း သက်တမ်းကုန်နေလို့ လတ်တလောမှာ မြန်မာအလုပ်သမား
တွေ နေ့စဉ်အဖမ်းခံနေရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံနေကြရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေ သူတွေက ပြောပါတယ်။
၂၀၁၄ ခုနှစ်အတွင်းမှာတင် သက်တမ်း ကုန်ဆုံးမယ့် အလုပ်သမားဦးရေ ၁၇ သိန်းရှိနေတယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ မြန်မာအလုပ်သမားစုစုပေါင်း ၃ သန်းခန့်ရှိပြီး ၂၀၀၉ ခုနှစ်က စတင်လုပ်ပေးခဲ့တဲ့ ယာယီ နိုင်ငံကူးလက်မှတ် အစီအစဉ်မှာတောင် ၁၇ သိန်းပဲ လုပ်နိုင်ကြပါတယ်။
အခုလုပ်ပေးမယ့် သာမန် နိုင်ငံကူးလက်မှတ် အစီအစဉ် ကတော့ အရင် ယာယီနိုင်ငံကူးလက်မှတ် ထက်
လျှောက်လွှာတင်ရာမှာ တင်းကြပ်ထားပေမယ့် အလုပ်သမားတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးပါဘူး။
ကျော်ခ ~
Irrawaddy
- (အရှေ့သို့) မတ် ၂၂ ရက်နေ့ မိုးလေ၀သ ခန်းမှန်းချက် – ဒေါက်တာထွန်းလွင် ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်
- (အနောကျသို့) အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးI Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်