Thomas Edison


Thomas Edison... သူကို အခုကနေ နောက်ပြန်ရေတွက်ရင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ကျော်လောက်က Milan, Ohioမှာ မွေးဖွားခဲ့တယ်။

ငယ်ငယ်ကတဲက စပ်စုတတ်လွန်းခဲ့တယ်။ သူ့အသက် ၃ နှစ်ကျော်မှာ သူအိမ်က ကြက်မကြီးက ကြက်ဥတွေကို ဘာကြောင့်ဝပ်သလဲ၊ ဘာလိုအကောင်ပေါက်သလဲသိချင်လို့ ကြက်မကြီးကို ဖယ်ပြီး သူက အဌားဝပ်ပေးသတဲ့..

နောက်ပြီး စပါးကျီထဲကို လှည်းတွေနဲ့ စပါးတွေ သယ်ထည့်တာကို ကြည့်ပြီး စပါးတွေ စပါးကျီထဲမှာ ဘယ်လောက်ရှိမလဲ တက်ကြည့်တာ စပါးကျီထဲ လိမ့်ကျဖူးတယ်။ ပျားအုံကို လေ့လာတာလွန်လို့ ပျားတုပ်ခံရတာလည်း အကြိမ်မနည်းဘူးတဲ့။

၆-နှစ်သားအရွယ်ရောက်တော့ ရှာရှာကြံကြံ သူကသိချင်ပြန်တယ်။ ကြံခင်းကြီးကို ကြည့်ပြီး သူမိသားစုနဲ့ အိမ်နီးနားချင်းတွေ ပျော်နေတာကို ကြည့်ပြီး သူက စမ်းသပ်မှုတစ်ခုလုပ်ခဲ့မိတယ်။ အဲဒီတုန်းက သူလုပ်ခဲ့တာက ကြံခင်းကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ မီးရှိုရသလဲလို့ သူ့ကို မေးတော့ “ကြံခင်း မီးလောင်ရင် လူတွေ ဘယ်လိုနေမလဲ သူသိချင်လို့ ဖြစ်ပါတယ်”တဲ့။

အဖြေကို တကယ်ပဲ သူသေသေချာချာသိသွားရပါတယ်။ သူရှိုခဲ့တဲ့ မီးကြောင့် သူတို့အိမ်နား နီးချင်းတွေရော၊ သူတို့မိသားစုရော ဒုက္ခရောက်ခဲ့ရတယ်။ ၆-နှစ်သားသူ့ကို သူ့အဖေက လူအများရှေ့မှာ မီးလောင်မှုရဲ့တရားခံအဖြစ် ရိုက်နှက်အပြစ်ပေးခဲ့ပါတယ်။ နောက်ပြီး အဲဒီပတ်ဝန်းကျင်ကနေ Michigan ကို သူတို့ ပြောင်းရွေ့ခဲ့ရတယ်။

နေရာအသစ်ကို ရောက်တော့ သူဖျားနေတာမို့ အသက် ရှစ်နှစ်ထိအောင် ကျောင်းမနေရဘူး။ သူကို ကျောင်းအပ်တော့ ဆရာစကားနားမထောင်သူ ကလေးအရိုင်းအစိုင်းအဖြစ် ပြဿနာ မကြာခဏတက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆရာမပြောတာထက် သူသိချင်တာ ကိုပဲ လျှောက်မေးနေခဲ့လို့ ဖြစ်ပါတယ်။ နောက်တော့ သူအမေကပဲ သူ့ကို စာသင်ပြီး စာဖတ်တဲ့အတတ်ကို သင်ပေးခဲ့ရတယ်။

သူက သိပ္ပံစာအုပ်တွေကို အရမ်းစိတ်ဝင်စားတယ်။ ၁၁- နှစ်သား ဖြစ်တော့ သူမှာ ကိုယ်ပိုင် labလေးတစ်ခု ပိုင်နေပြီ ဖြစ်ပါတယ်။ တနေ့တော့ မိုးပျံပူဖောင်းအကြောင်းကို ဖတ်ရင်း သူက ဓါတုဗေဒ ဆေးဆိုင်မှာ ပစ္စည်းအချို့ကို သွားဝယ်ခဲ့တယ်။ ပြီးတော့ သူက ပစ္စည်းတစ်ချို့ကို ရောပြီး ပစ္စည်းတစ်ခု ဖော်စပ် တယ်။ ပြီးတော့ သူအိမ်မှာ ခေါ်ထားတဲ့ အိမ်ဖော်ကောင်လေးကို သောက်ခိုင်းတယ်။ သူဖော်တဲ့အရာက မိုးပျံပူဖောင်းလိုပဲ လူပျံအောင် စွမ်းတဲ့ ဓါတုပစ္စည်းတွေ ထည့်ထားတယ် လို့ ပြောပါတယ်။ ကောင်လေးက သူခိုင်းသလိုသောက်ပြီးနောက် မိုးပေါ်တော့ ပျံတက်မသွားပဲ ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။ သူအဖေ အရောက်စောပြီး ဆေးရုံတင်လို့သာပေါ့၊ မဟုတ်ရင် အဲဒီကောင်လေး သေသွားမှာ သေချာတယ်။ သူက အဲလို စူးစမ်းချင်သူဖြစ်ခဲ့တယ်တဲ့..။

၁၂ နှစ်သားအရွယ်ရောက်တော့ ကျောင်းစာလုပ်မယ့်အစား အလုပ်လုပ်ဖို့ပဲ သူတောင်းဆိုခဲ့တယ်။ ဒါနဲ့ မီးရထားပေါ်မှာ သတင်းစာ၊ ချိုချဉ်ရောင်းရင်း ပိုက်ဆံစုခဲ့တယ်။ စာအုပ်တွေဝယ်ဖတ်တယ်၊ နောက်တော့ ရထားပေါ်မှာ သူ့ရဲ့ labကိုယ်ပိုင်ခန်းဖွင့်နိုင်ခဲ့တယ်။ နောက်ပိုင်း ရထားမှာ သွားရင်း မတော်တဆဖြစ်လို့ သူရဲ့နားကန်းသွားခဲ့တယ်။ ဒါပေမဲ့ စိတ်ဓါတ်မကျခဲ့တဲ့ သူက ဒီလိုပြောခဲ့တယ်။

“ကျွန်တော် ကံကောင်းသွားတာဗျ။ အခုဆို စာကို တိတ်တိတ်ဆိတ်ဆိတ် အာရုံစူးစိုက် ပိုဖတ်နိုင်တယ်ဗျာ။”

အဲဒါကတော့ တခြားသူမဟုတ်ပါဘူး နာမည်ကျော်သိပ္ပံပညာရှင်ကြီး Thomas Edisonပဲ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကတော့ သူ့ကို ဘယ်သူက အခုလို နာမည်ကျော်ပညာရှင်ကြီးရယ်လို့ ထင်ခဲ့ပါ့မလဲနော်။ သူရဲ့ အကောင်းမြင်စိတ်၊ စူးစပ်လိုစိတ်က သူများကို အနည်းအကျဉ်း ဒုက္ခရောက်စေကောင်း ရောက် ခဲ့စေပေမဲ့ နောင်တချိန်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးအောင် သူပဲ တီထွင်ပေးခဲ့တာမို့ လား။ နောက်ထပ်လည်း သူအများကြီးတီထွင်ခဲ့သေးတယ်လေ..။

ရွှေအိမ်စည်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...