အခြေခံပညာရေး ဘာ့ကြောင့် အရေးကြီးတာလဲ
“ကလေးက ကျောင်းဆရာ၊ ကျူရှင်ရောသွားတာပဲ။ ဒီအတိုင်း လွှတ်ထားလို့ ရလားဆိုတော့လဲ မရဘူး။ အိမ်ကလူတွေပါ စာတွေလိုက်ရှင်းပြ၊ ဝိုင်းကျက်ပေးတာတွေ လုပ်ကြရတယ်။ ဒါတောင်သေချာ မလိုက် နိုင်ဘူး။ ကျောင်းတို့၊ ကျူရှင်တို့မှာပဲပြီးရမယ့် ရှင်းရမယ့် တွက်စာတွေဆိုလဲ အိမ်ကပဲ ရှင်းပြီး သင်ပေးရ တယ်။ သူကပဲ စာမလုပ်တာလား။ ဆရာမတွေကပဲ သေချာ မသင်တာလားတော့ မသိဘူး” ဟု တာမွေ မြို့နယ်၊ ကျောက်မြောင်းတွင်နေထိုင်သည့် စတုတ္ထတန်းကျောင်းသား တစ်ဦး၏ မိခင်ဖြစ် သူ ဒေါ်စိုးစိုး က ဆိုပါသည်။
ယနေ့ခေတ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများမှာ ယခင်ကကျောင်းသား၊ ကျောင်းသူများကဲ့ သို့ နားချိန်တန်နား၊ ကစားချိန်တန်ကစား၊ စာကျက်ချိန်တန် စာကျက် မလုပ်နိုင်ကြ။
ပညာရေး တစ်ခုတည်း အတွက်ကိုပင် အချိန်အများအပြား ကုန်ဆုံးနေကြသည်။ နံနက်စောစော ကျောင်း တက်၊ ပြီးလျှင် ကျူရှင်သွား၊ အိမ်ပြန်ရောက်လျှင် စာကျက်ဖြင့် ကစားချိန်၊ အားလပ်ချိန်ကိုပင် မနည်းလုနေကြ သည်ကို တွေ့မြင်ကြ ရသည်။
ထိုကဲ့သို့ ပညာရေးအတွက် အချိန်အား၊ လူအား၊ ငွေအားများဖြင့် စိုက်ထုတ်နေကြ ပါသော်လည်း ကျောင်း သားမိဘအချို့က မိမိသားသမီးများအပေါ် အားမလိုအားမရဖြစ်သည့် အသံများကိုလည်း ကြားသိနေကြ ရသည်။
“ကျွန်တော့် တူတစ်ယောက်ဆို နယ်မှာနေတာ။ ရှစ်တန်းကျောင်းသား။ သူ့ကိုကြည့်လိုက်ရင် လုံးဝမနား ရဘူး။ ကျောင်းနဲ့အိမ်၊ ကျူရှင်နဲ့ အိမ်ဆိုတာချည်းပဲ။ ကစားချိန်တောင်မရှိဘူး။ ဒါပေမဲ့ စာကျတော့ ကောင်းကောင်း မရေးတတ်ဘူး။ စာလုံးပေါင်းသတ်ပုံတွေလဲ မှားတယ်။ ဘာတွေ သွားသင်နေ သလဲမသိ ဘူး” ဟု စာအုပ် ထုတ်ဝေရေး လုပ်ငန်း လုပ်ကိုင်နေသည့် ဦးဇော်ဝင်းနိုင်က ဆိုသည်။
အချို့သော စာသင်ခန်းစာမှ ကဗျာများသည် သူ့အနက် အဓိပ္ပာယ်နှင့်ရှိပြီး အကြောင်းအရာများမှာ နက်ရှိုင်း လှသော်လည်း သင်ကြားပေးသော ဆရာ၊ ဆရာမအချို့ကပင် သေချာစွာမသိရှိကြခြင်း ကြောင့် ကဗျာများ ကို မိမိတို့သဘောပေါက်သည့် အတိုင်းသာ သာမန်ကာလျှံကာ သင်ကြားပေးနေ ခြင်းများ တွေ့ရှိ ရကြောင်းလည်း စာရေးဆရာကြီးတစ်ဦးက စာပေဟောပြောပွဲတစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့ဖူးသည် ကိုလည်း မှတ်သားရဖူးပါသည်။
“အိမ်ကလေးတန်းကျောင်းသားမြေးတစ်ယောက်ဆိုရင် ကဗျာကိုကျက်တယ်။ အဓိပ္ပာယ်လဲ ဂဃနဏ နားမလည်ဘူး။ ဥပမာအားဖြင့် စံပယ်လေးရုံဆိုတာက ပွင့်ပြီးခဲ့လေသော ဘုရားလေးဆူကိုပြောချင် တာ။ ဒါကိုလဲ ကလေးကသေချာနားမလည်ဘူး။ ဆရာမကလဲ သေချာသိပုံမရဘူး။ ဒီအတိုင်းပဲ စံပယ် လေးရုံ ဆိုတာချည်းပဲအော်နေတာ။ အဲလိုမျိုးပေါ့။ သင်ခန်းစာတွေမှာ သူ့အဓိပ္ပာယ်နဲ့သူရှိတာ။ အခု ခေတ် ဆရာ၊ ဆရာမတွေက သင်ကြားရေးပိုင်းတွေမှာ အဲလိုအားနည်းချက်လေးတွေရှိတာတွေ့နေရ တယ်” ဟု အငြိမ်းစား အလယ်တန်းပြဆရာမတစ်ဦးဖြစ်သူ ဒေါ်ရီရီမြင့်ကပြောသည်။
ဆွဲခန့်ဆရာများခန့်ထားခြင်းကလည်း သင်ကြားရေးတွင် အားနည်းစေသည့် အချက်ဖြစ်
မကွေးပညာရေးကောလိပ်မှ လက်ထောက်ကထိက ဦးခင်မောင်ကျင်က “ပညာရေးမှာ ဆွဲခန့် ဆရာတွေ ခေါ်ယူတဲ့ ကိစ္စက အဆိုးရွားဆုံးဖြစ်နေတယ်။ ဆရာဆိုတာ အထူးသဖြင့် မူလတန်းသင်တဲ့ ဆရာတွေအ နေနဲ့ ကလေးအထာကို သိထားမှ၊ သင်နည်းကိုလဲ စနစ်တကျသိထားမှ၊ အခုက ထင်သလို သင်ချင်သလို သင်နေကြတာ။ အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ တစ်စိုက် မတ်မတ်အာရုံစူး စိုက်မှုက ခုနှစ်မိနစ်၊ ရှစ်မိနစ်ပဲ။ အဲဒါကိုလျစ်လျူရှုပြီး နာရီဝက်လေးဆယ့်ငါးမိနစ် သွားသင်တော့က လေးရဲ့ ဦးနှောက်ကို ဒဏ်ဖြစ်စေတယ်” ဟုပြောသည်။
ဆရာ၊ ဆရာမများ အားလုံးကို မဆိုလိုသော်လည်း သင်ကြားနည်းကောင်းစွာ မတတ်ကျွမ်းခဲ့သည့် ဆရာ၊ ဆရာမများ၊ တတ်ကျွမ်းသော်လည်း စားဝတ်နေရေး အခြေအနေ အရပ်ရပ်တို့ကြောင့် ကျူရှင် ဖွင့်လှစ် သင်ကြားနိုင်ရေးကို ဦးစားပေးနေသည့် အတွက်လည်း ယင်းသို့ စာသင်ကြားရေးတွင် အားနည်းမှုများ ရှိနေသည်ကို တွေ့မြင် ကြရမည်ဖြစ်သည်။
“ကျောင်းမှာဆိုရင် သင်္ချာအသစ်တွေသင်ရင် ကျောက်သင်ပုန်းပေါ်မှာ ဆရာမက ဒီလိုပဲရေးပြလိုက် တာ။ ပြီးရင်အိမ်စာတွေပေးတော့ သားကမတွက်တတ်ဘူး။ ဖေဖေကရှင်းပြပေးတယ်” ဟု ရန်ကုန်မြို့ ရှိ အခြေခံပညာ မူလတန်းကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသော တတိယ တန်းကျောင်းသား မောင် ထက်ပိုင်က ဆိုသည်။
မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သူ မတင်မိုးကလည်း “ကျွန်မသားက ဒုတိယတန်းပါ။ ကလေးက စာ လုပ်ပေမယ့် တချို့စာအသံထွက်တွေက မှားနေလို့ပြင်ပေးရင် လက်မခံဘူး။ ဆရာမက ဒီလိုပဲသင်တာ ဆိုတာချည်းပဲ။ ကလေးတွေကတော့ ဒီလိုပဲဖြစ်ရမှာပေါ့လေ။ သူတို့ဆရာမတွေကို လေးစားယုံကြည် တာပေါ့။ ဆရာမတွေက အမြဲတမ်းမှန်ကန်နေရင်တော့ ကိစ္စမရှိဘူး။ တစ်ခါတစ်ခါစာမေးပွဲမှာ မှားဖြေ ထားတာတွေကိုလဲ အမှန်ခြစ်လိုခြစ်ဆိုတော့ ကလေးကလဲ အဲဒါကိုပဲ အမှန်လို့ထင်ပြီး ပြင်လို့ကို မရ တော့ဘူး” ဟုပြောပြသည်။
သင်ကြားရေးလျော့ရဲစေသော အကြောင်းရင်းအချို့
ယင်းကဲ့သို့သော စာသင်ကြား မှုလျော့ရဲနေသည့် အခြေအနေအရပ်ရပ်၏ အကြောင်းရင်းကို လေ့လာ ကြည့်မည်ဆိုပါက သင်ကြားရေးဆရာဖြစ်သင်တန်းများ သေချာစွာ တက်ရောက်ခဲ့ ရခြင်းမရှိသည့် ဆွဲခန့်၊ နေ့စားလပေးဆရာ၊ ဆရာမများအား ဆရာ၊ ဆရာမလိုအပ်ချက်အရ ခန့်ထားနေရခြင်း၊ သင်ရိုး များမကျေညက်ခြင်း၊ ရရှိသည့် လစာငွေကြေးမလုံလောက်ခြင်းကြောင့် စာသင်ကြားရေးတွင် အပြည့် အဝအာရုံမစိုက်နိုင်ကြခြင်း၊ ဆရာ၊ ဆရာမများသည် စာသင်ကြားရေးအပြင် မိမိတာဝန်ဝတ္တရားနှင့် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်များကိုပါ လုပ်ကိုင်ဆောင်ရွက်ပေးနေရခြင်း အစရှိသည့်အကြောင်း အရင်းများကို တွေ့မြင်ကြရမည်ဖြစ်သည်။
“ဆွဲခန့်တွေ၊ နေ့စားလပေးတွေကို ဘွဲ့ရတွေခန့်တယ်။ ဒါပေမဲ့ သူတို့သင်တန်း မတက်ရတော့ ဘာမှမ သင်တတ်ဘူး။ နောက် PPTT လို့ခေါ်တဲ့ Preservice Primary Teacher Training တွေဆိုရင် လေး လပဲသင်ရတယ်။ အဲဒီလေးလအတွင်းမှာ လိုလိုချင်ချင်နဲ့ မေးမြန်းပြီးသင်ယူသွားတဲ့သူက ၁၀၀ မှာ ၁၀ ဦးမရှိဘူး။ နှစ်နှစ်သင်တန်းမပေးနိုင်ရင်တောင် အနည်းဆုံးဆယ်လလောက်တော့ ပေးသင့်တယ်။ ဆရာ အရေအတွက် မလုံလောက်ဘူးဆိုတာနဲ့ပဲ များများမွေးထုတ်နိုင်အောင် သင်တန်းကာလ နည်း နည်းနဲ့ရေတို လုပ်နေတာတွေက ပညာရေးအတွက် ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး။ တကယ် ပြောင်းချင်ရင် သင်ရိုးပြောင်းရမယ်။ အဲဒီသင်ရိုးကို အကောင်အထည်ဖော်မယ့် သင်ကြားနည်းစနစ် တွေပြောင်းရမယ်” ဟု ဦးခက်မောင်ကျင်က ဆက်လက်ပြောသည်။
နေ့စားလပေးဆွဲခန့်ဆရာများ ခန့်ထားခြင်းနှင့် ပတ်သက်ပြီး လက်ရှိ မူလတန်းပြ ဆရာမ တစ်ဦးဖြစ် သူ ဒေါ်ခင်မူဝင်း (အမည်လွှဲ) က “နေ့စားလပေးတွေခေါ်တယ်။ သင်တန်းတွေမရှိဘူး။ ဘွဲ့ရတွေဆိုပေ မယ့် တချို့ဆို သင်ကြားရေးအခြေခံတောင်မသိဘူး။ တချို့ကတော့လဲ ဆရာမအလုပ်၊ စာသင်တဲ့အ လုပ်ကို ဝါသနာမပါဘူး။ ဒါပေမဲ့လစာလေးကလဲ မဆိုးဘူး။ လုပ်ရတာလဲ မပင်ပန်းဘူးဆိုတော့ ဒီအ တိုင်းပဲ ဝင်တိုးလိုက် ကြတာမျိုးတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် သင်တန်း မတက်ရတာမှန်ပေမယ့် ကိုယ်ကိုယ် တိုင်ကလဲ သင်ကြားနည်းအခြေခံသဘော တရားလောက်ကတော့ သိထားသင့်တယ်လို့ယူဆတယ်။ ပြီးတော့ သင်တန်း တက်ရတယ်ဆိုရင်တော့ သင်တန်းကနေ သင်ကြားနည်းပဲပေးလိုက်မှာ။ တကယ် လက်တွေ့ကလေးတွေနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ပြီဆိုရင် သင်ပေးလိုက်တာတွေနဲ့ အားလုံးက အံဝင်ခွင် ကျဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့ သင်တန်း တက်ရသည်ဖြစ်စေ၊ မတက်ရသည်ဖြစ်စေ ကိုယ်တိုင်ကလဲ စာသင်ခန်း မဝင်ခင် လေ့လာပြင်ဆင် သွားသင့်တယ်” ဟု ဆိုသည်။
ဆရာ၊ ကျောင်းသား၊ အချိုးမမျှတခြင်းကလည်း အဓိကပြဿနာဖြစ်
ဆရာများအနေဖြင့် သင်ကြားနည်းစနစ်များကို ကောင်းကောင်းနားမလည်၊ နားလည်သော်လည်း ကျောင်း သားကို အပြည့်အဝ မပေးနိုင်ခြင်းမှာ ဆရာကျောင်းသား အချိုးမမျှတသည်ကလည်း အဓိက ပြဿနာ တစ်ခုဖြစ်နေသည်။
အဆိုပါဆရာ၊ ကျောင်းသား ချိုးညီမျှစေရန် လိုအပ်နေသည့် ဆရာအရေအတွက်ကို ဖြည့်ဆည်းရန် အချိန်တို အတွင်း ဆရာများများ မွေးထုတ်ပေးနေရသည်။ ထို့အတွက်ဆရာများ၏ အရည်အသွေးပြည့် ဝမှုကို အာမ မခံနိုင်။ ကျောင်းသားများ၏ ပညာတတ်မြောက်မှု၊ စာသင်ကြားရေးကိုထိခိုက်ရပြန်သည်။ ထိုသို့ဖြင့် ပညာရေး စနစ်၏ ကုစားမှုကသံသရာလည်နေသည်။
ထို့ပြင် ဆရာရှားပါးသည့်ဒေသများ (ဝေးလံခေါင်ဖျားဒေသများတွင်သာမက နယ်မြို့များတွင်ပါ) တွင် မူလတန်းတစ်တန်းလျှင် ဆရာတစ်ဦးနှုန်းဖြင့် ဘာသာစုံသင်နေရသည်များလည်းရှိကြောင်း သိရသည်။
ဆရာမဒေါ်ခင်မူဝင်းက “အခုက မူလတန်း၊ အငယ်တန်းလေးတွေပဲဆိုပြီး ဆရာတွေကိုပြီးစလွယ်ခန့် တယ်။ အမှန်တကယ်က မူလတန်းက အခြေခံပဲ။ အဲဒီတော့ အခြေခံမှာသင်မယ့် ဆရာတွေကအလယ် တန်း၊ အထက်တန်းမှာ သင်တဲ့ ဆရာတွေထက်ကို တော်နေ၊ တတ်နေသင့်တယ်။ အဲဒီတော့ မူလတန်း ပြ ဆရာတွေကို Training ကောင်းကောင်းပေးပြီး ကောင်းကောင်းခန့်စေချင်တယ်” ဟု ဆိုသည်။
ယင်းအပြင် ဆရာဖြစ် သင်တန်းများပေးရာတွင် နှစ်ရှည်သင်ယူရမည့် သင်ခန်းစာများကို လပိုင်းကာလ ခန့်ဖြင့်ပင် သင်ကြားမှုများ ရှိနေခြင်းကလည်း သင်ကြားရေးအတွက် ထိရောက်မှု မရှိနိုင်ကြောင်း လက် ထောက်ကထိက ဦးခင်မောင်ကျင်က ထောက်ပြသည်။
“အခုဆရာတွေကို ခရိုင်အလိုက် ခရိုင်ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေ၊ မြို့နယ်ပညာရေးမှူးတွေကို ဆရာအတတ်သင် ရက်တိုသင်တန်းပေးတယ်။ ရက် ၂၀လောက်ပေးတယ်။ ပြီးရင် ကိုယ့်မြို့နယ်မှာ ဆင့်ပွားသင်တန်း ပြန်ပေးရတယ်။ ဒါတွေကသိပ်ပြီးထိရောက်မှုမရှိဘူး။ နှစ်နှစ်လောက်သင်ရတဲ့ သင် ခန်းစာတွေကို ရက် ၂၀၊ တစ်လလောက်နဲ့သင်တော့ ထိရောက်မှု မရှိဘူး။ ဒါတွေကို ကုစားဖို့ဆိုရင် တော့ ပညာရေးကောလိပ်တွေမှာ ကျောင်းပိတ်ရက်တွေမှာ assignment တွေလုပ်ခိုင်းမယ်။ ကျောင်း အုပ်စု အလိုက်သင်ကြားနည်း ဖလှယ်တဲ့ဆွေးနွေးပွဲတွေ လုပ်ပေးမယ်။ Training ကောင်းကောင်းပေးမယ် ဆိုရင်တော့ ဒီပြဿနာတွေက လုံးဝမဟုတ်တောင် ရာခိုင်နှုန်းတော်တော်များများ ပြေလည်သွား လိမ့်မယ်” ဟု ထပ်မံပြောသည်။
စိတ်ရင်းစေတနာက အဓိက
သို့ရာတွင် ဆရာဖြစ်သင်တန်းများမှာ ယခင်ကမရှိခဲ့ဖူးသည့်ကာလ ရှိခဲ့ဖူးကြောင်း၊ ယင်းကဲ့သို့သော အချိန်များက ဆရာများသည် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသဖွံ့ဖြိုးရမည်ဟူသည့် စိတ်များ၊ စေတနာများအ ရင်းခံကာ သင်ကြားခဲ့ကြသည်များလည်းရှိခဲ့ကြောင်း မူလတန်းကျောင်းအုပ်ကြီး (ငြိမ်း) ဦးကျော်ဝေက ဆိုပါသည်။
“ဆရာတွေ သင်တန်းမရှိလို့ သင်ကြားရေးအားနည်းတယ်လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးရခါစက မြန်မာနိုင်ငံမှာ ပြည်တော်သာ စီမံကိန်းဆိုပြီး လုပ်ခဲ့တယ်။ အဲဒီတုန်းက ကျေး လက်တွေမှာ စာသင်ကြားဖို့အတွက် တစ်ရွာကိုတစ်ကျောင်းဖွင့်ဖို့ဆရာတွေ ခေါ်တယ်။ စာသင်ချင် တဲ့ ဒေသခံတွေကိုပဲ ဆရာလုပ်မလား၊ သွားလုပ်ကြ ဆိုပြီးခေါ်တယ်။ အဲဒီဆရာတွေဟာ ဘာသင်တန်းမှ မရှိဘူး။ အလယ်တန်းအဆင့်၊ တချို့ဆိုရင်လေးတန်းလောက်ပဲအောင်တယ်။ ဒါပေမဲ့ သူတို့မှာဒေသ အစွဲ တော့ ရှိတယ်။ ကိုယ့်ဒေသက ကလေးတွေကို စာတတ်အောင်သင်ပေးချင်တဲ့ စိတ်တွေ၊ ငါတို့ဒေသဖွံ့ ဖြိုးရမယ်ဆိုတဲ့ အသိစိတ်ကလေးတွေရှိတယ်။ ဒီအသိကလေးနဲ့လုပ်ရင်းသင်၊ သင်ရင်းလုပ်နဲ့ပဲ ကိုယ့် ဘာသာကိုယ်လေ့လာပြီး တစ်ရွာမှာတစ်ကျောင်း၊ တစ်ကျောင်းမှာ ဆရာတစ်ယောက်တည်းနဲ့ ထိန်း ကျောင်းပြီး သင်လာခဲ့တဲ့ကျောင်းတွေ ဒီနေ့အထိလဲ တိုင်းနဲ့ပြည်နယ်တချို့မှာရှိနေတုန်းပဲ။ အဲဒီလိုအ ခက်အခဲတွေကို ဆရာတို့ရခိုင်ပြည်နယ်ဘက်မှာ ဘယ်လိုဖြေရှင်းရလဲဆိုတော့ စပါးတောင်းဆရာဆို တာနဲ့ ဖြေရှင်းရတယ်။ ပညာတတ်လူငယ်လေးတွေကိုခေါ်ပြီး တစ်နှစ်လုံးစာအတွက် စပါးဘယ် လောက်ဆိုပြီး ပေးတယ်။ စားရေး၊ သောက်ရေးအစအဆုံးတာဝန်ယူရတယ်။ နေစရာအတွက်အိမ် ဆောက်ပေးတယ်။ အဲလိုနည်းနဲ့ဒေသခံတွေက ပညာရေးကိုဆွဲခေါ်ရတယ်။ အဲဒီစပါးတောင်းဆရာ တွေဆိုတာကလဲ ဘယ်သင်တန်းမှ မတက်ရဘူး။ ဒါပေမဲ့ သူတို့မှာစေတနာလေးတွေရှိကြတယ်။ အဲဒါ ကြောင့်သင်တန်းပို့ချမှုကြောင့်နဲ့တော့ ပြောလို့မရဘူး။ ဥပမာဆိုရင် Ph.D တွေကိုတန်းပြီး အထက် တန်းကျောင်းအုပ်တွေခန့်လိုက်တာ အောက်သက်မကျေတဲ့အတွက်၊ စီမံခန့်ခွဲမှုပိုင်းမှာ မကျွမ်းကျင်တဲ့ အတွက်စာတော့တတ်တယ်။ ဒါပေမဲ့ ကြီးကြပ်လမ်းညွှန်မှုအပိုင်းမှာ အားနည်းတဲ့အတွက် ကမောက် ကမဖြစ်ကုန်တဲ့ ကျောင်းတွေအများကြီးပဲ” ဟုရှင်းပြသည်။
ယင်းက ဆက်လက်၍ “ဆရာဆိုတာ ထာဝရကျောင်းသားဖြစ်တယ်ဆိုတဲ့ စကားပုံလေးအတိုင်း ဆရာ တွေ အနေနဲ့ အမြဲတမ်း သင်ယူလေ့လာနေရမယ်။ အခုခေတ်မှာ စုန်းပြူးဆရာ အနည်းငယ်လောက်ပဲရှိ ရမယ်။ စေတနာလေးနဲ့ ကလေးတွေကို တကယ်တော်စေချင်၊ တတ်စေချင်တဲ့ စိတ်လေးနဲ့ သင်ပေးရင် ရပါပြီ” ဟုဆိုသည်။
သင်ရိုးမျာ update မဖြစ်တော့ခြင်းက အချက်တစ်ချက်အနေဖြင့် ပါဝင်နေသည်။
ယင်းနှင့်ပတ်သက်ပြီး ဆရာဦးခင်မောင်ကျင်က “အခုပညာရေးကောလိပ်တွေ၊ ပညာရေးတက္ကသိုလ် တွေမှာ သင်နေရတဲ့ သင်ရိုးတွေမှာ တချို့ဆိုရင် update မဖြစ်တော့ဘူး။ ပြီးတော့ သင်ရိုးတွေက ဖောင်းပွနေတယ်။ သင်ရိုးတွေ ပျက်နေတယ်။ အဲဒါတွေကိုပြင်ရမယ်။ ဝေါဟာရ အသုံးအနှုန်း၊ အယူအ ဆတွေကအစ ဘယ်လို သင်ရမယ်ဆိုတာ သေချာ သင်ပေးဖို့လိုတယ်။ ပညာရေးကောလိပ်တွေမှာ သင် ရတဲ့ဘာသာရပ် စုစုပေါင်း ၁၇ ဘာသာရှိတယ်။ စိတ်ကြိုက် ဘာသာရပ်နှစ်ခုသင်ရတယ်။ Academic Subject တွေသင်ရတဲ့အခါ ပထမနှစ်၊ ဒုတိယနှစ်သင်ရိုးတွေသင်ရတယ်။ ဒါပေမဲ့သေချာသင်မပေး လိုက်နိုင်ဘူး။ ပြီးတော့ဘွဲ့လဲ လိုချင်ကြတော့ ဒီဘာသာရပ်တွေကိုပဲ အဝေးသင်မှာပြန်တက်ကြရတယ်။ အဲဒီမှာလဲ ပြန်အသုံးမချနိုင်ဘူး” ဟုဆိုသည်။
ဘယ်သူတွေမှာ တာဝန်ရှိလဲ
သို့ရာတွင် ယင်းကဲ့သို့သော သင်ကြားမှုပိုင်းနိမ့်ကျနေသည်ဟုဆိုကာ အားလုံးကိုလွှမ်းခြုံပြောဆို၍ မရ နိုင်ကြောင်း၊ ယင်းသို့သင်ကြားမှုနိမ့်ကျသည်ဆိုခြင်းက ကျောင်းတစ်ကျောင်းတွင် စီမံခန့်ခွဲမှုပြုလုပ် သည့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးတို့၏ တာဝန်သာဖြစ်ကြောင်း၊ ယင်းတို့အနေဖြင့် မိမိ တို့ကျောင်းရှိဆရာ၊ ဆရာမများ၏ အားသာချက်၊ အားနည်းချက်များကို အမြဲတစေလေ့လာဆန်းစစ်နေ ရန်လိုအပ်ကြောင်း အငြိမ်းစား မူလတန်းကျောင်းအုပ်ကြီးဦးကျော်ဝေက ဆိုသည်။
အချုပ်အားဖြင့်ဆိုရသော် တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်းကို တိုင်းတာကြသဖြင့် ပညာရေးစနစ် ကမြင့်မားနေဖို့ အထူးလိုအပ်သည်။
ပညာရေးစနစ်မြင့်မှ တိုင်းပြည်၏ စီးပွားရေးကဏ္ဍမှအစပြု၍ ကဏ္ဍအသီးသီးမှာလိုက်ပါဖွံ့ဖြိုးမည် ဖြစ် ပါသည်။ သို့ဖြစ်ရာ ပညာရေးကဏ္ဍအဆင့်မြင့်စေရန်အတွက် အခရာကျလှသော ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍကလည်း အလွန်အရေးပါလျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်ရာ တိုင်းပြည်၏အနာ ဂတ်မျိုးဆက်သစ်ကလေးများ၏ ပညာရေးအဆင့်အတန်း မြင့်မားလာရေးမှာ ဆရာ၊ ဆရာမများ၏ စေတနာ မှန်ကန်စွာ ထားရှိသင်ကြားပေးနိုင်မှုအပေါ် မူတည်လျက်ရှိနေပါကြောင်း ရေးသားလိုက်ရပါ သည်။ ။
Democracy Today Daily
ဇန်နဝါရီလ (၂၁) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+