အသ​ည်း​ဆီ​ဖုံးေ​ရာ​ဂါ​အတွ​က် ထိေ​ရာ​က်ေ​သာ ​တို​င်း​ရ​င်းေ​ဆး​ပင်များ

Written by ကြည်လွင်မြင့် (မုဒြာ)

အသည်း အဆီဖုံးရောဂါသည် ယခုဆယ်စုနှစ် အတွင်းမှာ အဖြစ်များလာသော ရောဂါဖြစ်သည်။ လွန်ခဲ့သော ၂၇ နှစ်က စာရေးသူ တိုင်းရင်းဆေးရုံ တွင် အလုပ်သင် ဆရာအဖြစ် ဆင်းခဲ့သည့် အချိန် တွင် အဖြစ်များသော အသည်းရောဂါမှာ အသည်းရောင်အသားဝါ (ရိုးရိုး) သာဖြစ်သည်။ ထိုရောဂါဖြစ်လျှင် တစ်ကိုယ်လုံး အသားများ ဝါသည့် အပြင် မျက်စိပါ ဝါသည်။ နောက်ဆုံး ဆီးသွားလျှင် အဝါရင့်ရောင် သွားသည်။ ထိုစဉ်က ပြည် သူ့ဆေးရုံတိုင်းရင်းဆေးဟုခေါ်သော မြောက်ပြင်ရှိဆေးရုံမှာ ခုတင် ၂၅ လုံး မျှသာဆံ့သော်လည်း အသားဝါ လူနာများပြည့်လျက် လူနာ ၅၀ ခန့်အထိ ကုသပေးခဲ့ရသည်။ အသားဝါ လူနာအားလုံးနီးပါး ကိုယ်ဝန်ဆောင် အသားဝါပါ မကျန် တိုင်းရင်းဆေးဖြင့် ကုသပျောက်ကင်းကြသည်။

ထိုအချိန်က အသားဝါကုသသော အဓိကတိုင်းရင်းသားဆေးမှာ ဆေးအမှတ် (၁) ဟု အမှတ်အသား ပြုထား သည့် မက်လင်ချဉ်ဆေးဟုလည်းခေါ်သည့် ဆေးဖြစ်သည်။ ရှေးဆေးကျမ်းများမှ ‘သေမုပုတိက သလိပ် ပုပ်နိုင်ဆေး’ နည်းကိုယူထားသော ဆေးဖြစ်သည်။

အသည်းရောင်အသားဝါအတွက် ကောင်းသည့် အမှတ် (၁) ဆေးနည်းတွင် အဓိကပါဝင်သော ဆေး မယ်မှာ မက်လင်သီး၊ မက်လင်ခေါက်ဖြစ်သည်။ မက်လင်သီးသည် အလွန်ချဉ်သောအသီးဖြစ်ပြီး ချဉ် ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုကြသည့် တော့ဓလေ့သုံးအသီးဖြစ်သည်။ အသီးများကိုနေလှန်း အခြောက်ပြုလုပ်ပြီးတော့လည်းဈေးများတွင် ရောင်းချကြသည်။

မက်လင်သီး မက်လင်ခေါက်တို့ပါဝင်သောဆေးသည် အသည်းအတွက် အလွန်ကောင်းသည်။ အသည်းရောင်ခြင်းကို ကျစေသည့်အပြင် အသားဝါခြင်း၊ ဆီးဝါခြင်းကိုလည်း အလွန်လျင်မြန်စွာ ကောင်း မွန်စေနိုင်ကြောင်း စာရေးသူတို့ အလုပ်သင် ဘဝကတည်းက လက်တွေ့ပင်ဖြစ်သည်။

ထိုအချိန်က ယခုခေတ်စားနေသည့် အသည်းအဆီဖုံးရောဂါသည် များစွာခေတ်မစားသေးပေ။ အသား ဝါရောဂါဟုရှိပြီး B ပိုး၊ C ပိုးများ ခေတ်မစားသေးပေ။ နောက်ထပ် ၁၀ နှစ်ကျော်ကြာ ၁၉၉၅ ခုနှစ် နောက် ပိုင်းမှသာ ပိုးကြောင့်ဖြစ်သော အသည်းရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းအဆီဖုံး ရောဂါ များ ခေတ်စားလာသည်။

ရှေးခေတ်ကမဖြစ်ခဲ့ဖူးသော အသည်းရောဂါအမျိုးမျိုးကြောင့် သေဆုံးသူများမှာ မျက်စိရှေ့တွင်ပင် မနည်းတော့ပါ။ ကြောက်စရာကောင်းလောက်အောင်ကို တိုးပွားလာနေသည်။

စားကောင်းသောက်ကောင်း ဝဖြိုးနေသူတစ်ဦးသည် အကြောင်းတစ်ခုကြောင့် ဆေးစစ်လိုက်လျှင် အ သည်းအဆီဖုံးနေသည်ဟု သိရသည်။ ထိုသို့သိရသည့်အခါမှစ၍ ထိုသူသည်နေမကောင်းဖြစ်လေ တော့ သည်။

ကျုံးနံဘေးတွင် လမ်းလျှောက်နေသူအတော်များများကို မေးလိုက်လျှင် အသည်းအဆီဖုံးနေလို့ ဆရာ ဝန်ကလမ်းလျှောက်ပြီး အဆီချခိုင်းလို့ဟု ပြောသူတော်တော်များများကို တွေ့ရသည်။ ပင်ကိုမိမိကျန်း မာရေးအသိဖြင့် လမ်းလျှောက်သူကနည်းသည်။ ဆရာဝန်က အသည်းအဆီဖုံးနေပြီပြောလိုက်မှ လမ်း လျှောက်သူက များလာလေသည်။

အရက်ဆိုင်၊ လမ်းဘေးစည်ဘီယာဆိုင်များမှာလည်း ရှေးခေတ်ကထက် ဆယ်ဆမက တိုးပွားလာပြီး အရက်သောက်သူ ဘီယာသောက်သူများမှာ ဗိုက်စူထွက်လာပြီး အသည်းအဆီဖုံးရောဂါရလာသူများ လည်း တွေ့ရသည်။ အသည်းပျက်စီးစေသော အဆင့်ရောက်သောအခါ အသည်းခြောက်၊ အသည်း ကင်ဆာကြောင့် သေရသူအလွန်များလာသည်။

မနှစ်က စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အစာအိမ်သွေးကြောပေါက်၍ ဆေးရုံတက်ကာ သွေးကြော ဖာပြီးပြန်ဆင်းလာသည်။ သူ့အသည်းခြောက်နေသဖြင့် အသည်းသို့ဝင်သော သွေးကြောပိတ်ပြီး အစာ အိမ်တွင် နောက်ကြောင်းပြန်သွေးဖိအားတိုးကာ သွေးကြောပေါက်သွားသည်ဟုဆိုသည်။ အဓိက တရားခံ မှာ အစာအိမ်မဟုတ်၊ အသည်းဖြစ်နေသည်။ ထိုမိတ်ဆွေသည် အရက်ကိုအမြဲသောက်သူမ ဟုတ်။ ဂေါက် သီးရိုက်ပြီးနိုင်မှ တစ်လတစ်ကြိမ်၊ နှစ်ကြိမ်မျှသာသောက်သူဖြစ်သည်။ ဤမျှနှင့် အသည်း ခြောက်ရသည်မှာ ဆိုးလှသည်။

အရက်သောက်သူ၊ အသည်းဆီဖုံး၊ အသည်းခြောက် သူများအတွက် ဆေးနည်းတစ်ခုပေးချင် ပါသည်။ ဆေး ပင်ဟုပြောလျှင်လည်း ဖြစ်နိုင်ပါသည်။ ‘ဟင်းဂလာ’ ပင်ဟုခေါ်ပါသည်။

စာရေးသူ၏ အဘိုးတစ်ဝမ်းကွဲတော်သူ (အဘိုး၏ညီတစ်ဝမ်းကွဲတော်သူ) သည် အရက်ကိုပုံမှန် သောက် သူဖြစ်ပါသည်။ ညနေခင်းရောက်သည်နှင့် အရက်ကိုရေနွေးထည့်သည့် သတ္တုကရားတွင် ထည့်ပြီး တစ်အိုးခန့်သောက်ပါသည်။ သူသောက်သည့်အရက်မှာ ချက်အရက်ဟုခေါ်သော အရက်ဖြူ ဖြစ်ပါသည်။ အံ့သြစရာ ထိုအဘိုးသည် အသက် ၉၉ နှစ်ကျော် ၁၀၀ အတွင်းရောက်မှ သေပါသည်။ နှစ်ပေါင်း ၅၀ ကျော် အရက်သောက်ခဲ့သော်လည်း အသည်းမခြောက်ခဲ့ပါ။ သူအမြဲစားခဲ့သော အရက် အမြည်းမှာ တောရွာများ တွင် ပြုလုပ်လေ့ရှိသော ဟင်းဂလာချဉ်ဖတ်ဖြစ်ပါသည်။

ဟင်းဂလာပင်သည် နုန်းတက်မြေနုနှင့် သဲသောင်ခုံများတွင် အလေ့ကျပေါက်သော အပင်များဖြစ်ပါ သည်။ မြေနှင့်သဲတွင် ကပ်၍ပေါက်ပြီး လက်ဝါးကဲ့သို့ နံဘေးသို့ဖြာထွက်သည်။ ဟင်းဂလာပင် ကို ပြုတ် သောက်လျှင် ဆီးအလွန်ကောင်းသည်။ ကျွဲနွားများ၊ ဆီးချုပ်သောအခါ ဟင်းဂလာပင်ကို ခုတ်စဉ်း၍ နွားစာတွင်ရောကျွေးကြသည်။

ဟင်းဂလာပင်ကို ထမင်းလက်တစ်ဆုပ်ခန့်ဖြင့် မြေစဥ့်အိုးငယ်တွင်ထည့်ပြီး အချဉ်တည်ထားပြီး သုံး ရက်ခန့် တွင် အချဉ်ပေါက်သည်။ ဟင်းဂလာချဉ်ဖတ်ကို ငါးဖြင့်ရော၍လည်း ချက်စားလေ့ရှိကြသည်။ တောဓလေ့ တွင် ချက်အရက်သောက်ကြသူများသည် အရက်နာမကျစေရန် ဟင်းဂလာချဉ်ဖတ်ကို ပဲကြီးလှော်နှင့် စားသုံးရင်း အရက်သောက်လေ့ရှိကြသည်။ ထိုကဲ့သို့ သောက်သောအရက်သမားများ မှာ အရက်နာကျခြင်း၊ အသည်းခြောက်ရောဂါဖြစ်ခြင်း မရှိကြောင်း တွေ့ရပါသည်။

အသည်း အဆီဖုံးခြင်းအတွက် ထိရောက်သော အခြားဆေးဖက်ဝင် အရွက်မှာ ဆေးမြင်ခွာရွက်ဖြစ် သည်။ ဆေးမြင်းခွာရွက်သည် စားသုံးသည့်မြင်းခွာရွက်ထက် အရွက်သေးသည်။ လမ်းလျှောက်နွယ် မျိုးဖြစ်ပြီး အရွက်နှင့်အရိုးတွင် အမွေးနုကလေးများ ပါလေ့ရှိသည်။ ရိုးတံအနီရောင်နှင့် အဖြူရောင် နှစ် မျိုးရှိသည်။ နှစ်မျိုးလုံးပင်ဆေးဖက် ဝင်ပါသည်။

ဆေးမြင်ခွာပင်များကို နွယ်လိုက် ရအောင်နုတ်ယူပြီး ဝါးလုံးတန်းကဲ့သို့ တန်းပေါ်တွင် အရှည်လိုက်တင် ၍ အခြောက်လှန်းပါ။ နေပူတွင်မလှန်းဘဲ နေရိပ်တွင်လှန်းပါ။ ခြောက်သွားသောအခါ မှိုမတက်အောင် သံဘူး သို့မဟုတ် ဖန်ပုလင်းတွင် သိမ်းဆည်းထားပါ။ နေ့စဉ်ရေနွေး မက်ခွက် တစ်ခွက် စာမျှ လက်ဖက် ခြောက် ခတ်သောက်ပေးပါ။ အသည်း အဆီဖုံးခြင်းကို ကျဆင်းစေနိုင်ပြီး ဆီးကောင်း၊ ဆီးရွှင်ကာ မျက်စိ အားကို လည်း ကောင်းစေနိုင်ကြောင်း လက်တွေ့သုံးစွဲဖူးသူများကပြော၍ မှတ်သား ရဖူးပါသည်။

အသည်းအဆီဖုံးခြင်းအတွက် နောက်ထပ်ထိရောက်သောအသီးမှာ ဆီးဖြူသီးပင်ဖြစ်ပါသည်။ ဆီးဖြူ သီးကိုဆေးဖက်ဝင်အသီးအဖြစ် မြန်မာဆေးကျမ်းများစွာတွင် ပါဝင်သည့်အပြင် အနောက်တိုင်းအာ ဟာရသုတေသီများကလည်း ဗီတာမင်စီ အလွန်ကြွယ်ဝသောအသီးအဖြစ် အသိအမှတ်ပြုထားကြပါ သည်။ သို့သော် ဆီးဖြူသီးကို အစိမ်းအတိုင်းစားလျှင် လေချုပ်၊ သွေးချုပ်စာဖြစ်သဖြင့် နေ့စဉ်ရက် ဆက်များများစားရန် မသင့်ပါ။ အထူးသဖြင့် အမျိုးသမီးများ သွေးပေါ်ရက်နီးလျှင် မစားသင့်ပါ။

အသည်းအဆီဖုံးသူများအတွက် ဆီးဖြူသီးစားရန်နည်းမှာ ဆားရည်စိမ်စားလျှင် ပို၍ကောင်းသည်။ ဆားရည်စိမ်ထားလျှင် ကြာကြာအထားခံပြီး အရသာလည်းပို၍ကောင်းသည်။ တစ်နေ့လျှင်တစ်လုံးမျှ စားလျှင်ပင် လုံလောက်သည်။

တာရှည်ခံသောနည်းမှာ ဆီးဖြူသီးပေါသောအချိန်တွင် ဝယ်ယူကာ အခြောက်လှန်းထားပြီး သိမ်း ဆည်း ထားပါ။ ဆီးဖြူသီးခြောက်ကို ငါးဟင်း၊ ဝက်သားဟင်း စသည်တို့နှင့် ရောချက်စားလျှင် ဟင်းနူး စေပြီး အဆီဓာတ်ကိုလျော့ကျစေကာ အအီပြေစေနိုင်သည်။ ဝက်သားကြိုက်သူများသည် အိုးကြီးနှပ် ချက်အဖြစ် ချက်စားနိုင်သည်။

ရှေးက အလှူများတွင် ဝက်သားတုံးကြီးများကို နူးအောင်ချက်ပြီးမှ အိုးကြီးတွင်ထည့်ပြီး သရက်သီး ခြောက် တစ်ထပ်၊ အသားတစ်ထပ်၊ မရန်းသီးခြောက်၊ ဆီးဖြူသီးခြောက်များ ထပ်၍ထည့်ပြီး အိုးအဖုံး ပိတ်ကာ အပေါ်မီးအောက်မီးတင်၍ နှပ်ထားလေ့ရှိသည်။ ရက်ရှည်အထားခံပြီး ချဉ်ဖြုံးဖြုံးအရသာရှိ သော ဝက်သား အိုးကြီးနှပ်မှာ ဆွမ်းကြီးလောင်းပွဲနှင့် အလှူပွဲများတွင် မြန်မာတို့ အကြိုက် ချက်နည်းဖြစ်သည်။ ဝက်သား ကြိုက်သူများသည် အသည်းအဆီဖုံးခြင်း သက်သာစေရန် ဤနည်းဖြင့်ချက်စားနိုင်ပေ သည်။

အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်သော အခြားအရွက်များမှာ ဈေးများတွင် အလွယ်တကူ ရနိုင် သော ရှောက်ရွက်နှင့် ရဲယိုရွက်တို့ဖြစ်သည်။

ရှောက်ရွက်ကို ပါးပါးညှပ်ပြီး အသုပ်များတွင် ရောထည့်စားခြင်း၊ ဟင်းချိုပြုလုပ်သောက်ခြင်းဖြင့် နေ့စဉ် စားသုံးနိုင်သည်။ အတို့အမြှုပ်အဖြစ်လည်း စားသုံးနိုင်သည်။ ရှောက်သီးမှ ထွက်သော ရှောက် ရည်နှင့် ရှောက်ရွက်တို့သည် အသည်းအတွက် အလွန်ကောင်းသော ဓာတ်စာဖြစ်သည်။ ချဉ်ဟင်းများ တွင် ရှောက်ရည်ထည့်ချက်ခြင်း၊ အကင်များစားလျှင်လည်း ရှောက်ရည် ညှစ်စားခြင်းဖြင့် အသည်းအတွက် ကာကွယ်ပါ။

ရဲယိုရွက်ကို ငါးခူဖြင့်ရောချက်စားနိုင်သည်။ ငါးဖယ်၊ ငါးကြင်းခြစ်များကို အမွှေးအကြိုင်၊ ကြက်သွန်ဖြူ၊ စပါးလင်တို့ဖြင့် ရောနယ်ပြီးရဲယိုရွက်ဖြင့်ဖက်ထုပ်ပြုလုပ်ကာ ကြော်စားခြင်း၊ ရေနွေးနွေးဖြင့်ပေါင်းစား ခြင်းတို့လည်း ပြုလုပ်နိုင်သည်။ ရဲယိုရွက်သည် နှုတ်မြိန်စေသော အစာဖြစ်သည်။ လေပူကိုနိုင်သော သတ္တိရှိသည်။ အသည်းတွင် အပူအောင်းခြင်း၊ အသည်းခြောက်ခြင်းရောဂါအတွက် ရဲယိုရွက်ကိုတစ် ပတ်လျှင် နှစ်ကြိမ် ခန့်စားသုံးပေး လျှင် ကာကွယ်ရာရောက်သည်။

အဆီများသူ၊ တစ်နေ့တခြား ဝလာသူ၊ အထိုင်များသူ၊ လမ်းလျှောက်နည်းသူတို့အတွက် အသည်း အဆီဖုံးရောဂါသည် အလွန်အဖြစ်များလာသော ရောဂါဖြစ်သဖြင့် ရိုးရာဆေးဖက်ဝင်အပင်အသီးအ ရွက်များကို စားသုံးရင်း ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပေသည်။

ကြေးမုံသတင်းစာ
ဇန်နဝါရီလ (၁၇) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...