လူသေးသေးလေးတွေရဲ့ တောင်းဆိုမှု
အဖေနဲ့အမေ အဆင်မပြေရင် မိသားစုဆိုတာ အဆင်မပြေပါဘူး။ သားသမီးတွေရဲ့ရင်ထဲမှာလည်း အဖေက အမေ့ကို ရိုက်လိုက်တိုင်း၊ အမေက အဖေ့ ကို ရိုက်လိုက်တိုင်း နှလုံးသားမှာ ဒဏ်ရာတွေ အထပ်ထပ် ရနေတာပါ။ စိတ်ဒဏ်ရာတွေ က သေရာထိ ပါသွားတတ်တယ်။
ကမ္ဘာမှာ ရှိတဲ့ ဘယ်မိသားစုမှ အမြဲတမ်းပျော်ရွှင် စရာလို့ မရှိနိုင်ပေမယ့် ဝမ်းနည်းစရာကောင်း တဲ့နေ့ရက်တွေကို အတတ်နိုင်ဆုံးလျှော့ချ တတ်ဖို့ လိုပါတယ်။ မိသားစုတစ်ခုမှာ ပျော်ဖို့ကောင်းတဲ့ ရက်တွေထက် ဝမ်းနည်းဖို့ကောင်းတဲ့ ရက်တွေက ပိုများနေရင် လက်ရည်တပြင်တည်း ထမင်းဝိုင်းဆိုတာ မျက်ရည်တွေနဲ့ပြည့်နှက်နေတော့မှာပါ။
စီးပွားရေး အဆင်မပြေမှုတွေကြောင့်လည်း အဖေနဲ့အမေဟာ ကတောက်ကဆဖြစ်တတ်ကြပြန်တယ်။ အဖေ့ရဲ့ အရက်ကို ခင်တွယ်မှုကြောင့်လည်း အမေရဲ့ဒေါသတွေဟာ ပျံထွက်လာတတ်တယ်။ အမေ့ရဲ့ များပြားတဲ့ စကားလုံးတွေကြောင့်လည်း အဖေရဲ့နားထဲမှာ လှိုင်းထန်သွားပြန်တယ်။ ထိုထက်များပြား ရှုပ်ထွေးတဲ့ လူ့ဘောင်ရဲ့ လောကဓံတွေကြောင့်လည်း အဖေနဲ့အမေ ကြိုးဝိုင်းထဲ ခဏခဏဝင်ဖြစ် ကြပြန်တယ်။
ကလေးတွေ အတွက်ကတော့ အခြားသောငြိမ်းချမ်းရေးတွေထက် အဖေနဲ့အမေရဲ့ငြိမ်းချမ်းရေးရမှုကို အတောင့်တဆုံးဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးထက် အဖေနဲ့အမေရဲ့ စစ်တလင်းပြင်ကြီးကို အကြောက်ရ ဆုံးဖြစ်ပါတယ်။ မျက်လုံးတွေက ကျတဲ့ မျက်ရည်တွေဟာ နှလုံးသား ပင်လယ်အထက် လျှံတက်ခဲ့ပြန် တယ်။ ပြင်းထန်ဆူညံတဲ့ အသံတွေဟာ ကလေးတွေရဲ့ကမ္ဘာလေးကို တစ်ခဏတွင်းမှာ ပျက်ယွင်းသွားစေ ပါတယ်။
အဖေ့ရဲ့ အမူအကျင့်ကို သူတို့လေးတွေက အမြဲအတုယူနေကြတာပါ။ အမေ့ရဲ့ အမူအရာလေးတွေကို သူတို့လေးတွေက အမြဲတမ်း ရင်ထဲမှတ်ထားတာပါ။ သူတို့လေးတွေရဲ့ သင်ယူစရာ အကောင်းဆုံး ပတ်ဝန်းကျင်ကြီးထဲမှာ ဧရာမလူသားနှစ်ဦး ရှိပါတယ်။ ထိုလူသားနှစ်ဦးကတော့ အဖေရယ်၊ အမေရယ်ပါပဲ။ ကလေးတွေက အဖေနဲ့အမေ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အမြဲကြည့်ပြီး အားကျနေတတ်ကြပါတယ်။
မမေ့ပါနဲ့။ မိဘတွေဟာ ကိုယ့်နားမှာရှိတဲ့ ဘ၀ကျောင်းသားလေးတွေဖြစ်တဲ့ သားသမီးတွေကို ဘယ်တော့မှ မေ့မထားပါနဲ့။ သူတို့ရဲ့မျက်ရည်တွေကို မိမိတို့ရဲ့ ဒေါသတွေအောက်မှာ မစတေးကြပါနဲ့။ သူတို့ရဲ့ အားငယ်ဆိုးရွံ့နေတဲ့ ခပ်သေးသေးမျက်နှာလေးတွေကို မြင်ယောင်ကြည့်ပေးပါ။ ကြောက်ရွံ့စွာ တစ်ယောက်နဲ့တစ်ယောက် ဆုပ်ကိုင်ထားတဲ့ လက်သေးသေးလေးတွေကို မြင်ယောင်ပေးပါ။ ဆက်ဆက် ခါ တုန်နေတဲ့ ခြေထောက်သေးသေးလေးတွေကို မြင်ယောင်ပေးပါ။
အဖေနဲ့အမေကို သူတို့တွေ ကြောက်သွားလိမ့်မယ်။ မိသားစုဆိုတာကြီးက သူတို့အတွက် ငရဲခန်းတစ်ခုလို ထင်သွားလိမ့်မယ်။ သူတို့လေးတွေ နားလည်ထားတဲ့ မိသားစု ဘ၀လေးဟာ အဖေနဲ့အမေ တည်ဆောက်ပေးတဲ့ ကမ္ဘာလေးပါပဲ။ ထိုကမ္ဘာထဲက ကြောက်မက်ဖွယ် အသံတွေကို သူတို့လေးတွေ ရဲ့ နှလုံးသားက လက်မခံနိုင်သေးတာကို နားလည်ပေးကြပါ။ သူတို့နှလုံးသားလေးတွေက အရမ်းနုပါ တယ်။ အဖေနဲ့အမေရဲ့ စစ်တလင်း မိသားစုထဲမှာငြိမ်းချမ်းရေးယူပေးစေချင်ပါတယ်။ လူသေးသေးလေးတွေ တောင်းဆိုနေကြခြင်းဖြစ်ပါတယ်။
Maukkha Education Magazine
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+