Meteor Shower ရိုက်ချင်သူများအတွက် သိထားသင့်သော အခြေခံအချက်များ

ညီ အစ်ကို မောင်နှစ်မများ အားလုံးပဲ မင်္ဂလာပါ...

ကျွန်တော် အကြောင်းကြောင်းကြောင့် ပို့စ်တွေမရေးဖြစ်တာ တော်တော်ကြာသွားခဲ့ပါတယ်...။ ဒီနေ့တော့ မနက်က တင်လိုက်တဲ့ Meteor Shower (ကြယ်များအစုလိုက် အပြုံလိုက်ကြွေခြင်း) နဲ့ ပါတ်သတ်ပြီး ရိုက်ချင်သူတွေ အချိန်မှီလေး ရိုက်နိုင်အောင်က တစ်ကြောင်း...။

စာမရေးတာ ကြာလို့ ထုံထိုင်းနေတဲ့ လက်တွေကို သွေးပူလေ့ကျင့်ခန်းလေး ပြန်ဆင်းတာက တစ်ကြောင်းကြောင့် ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်...။

(၁) လိုအပ်သော ပစည်းများ

ဘယ်လိုရိုက်ရမလဲဆိုတာ မပြောခင် ဘယ်လို Gear တွေ လိုမယ်ဆိုတာကို အရင်ဆုံး ကျွန်တော် နဲနဲပြောပြချင်ပါတယ်...။ မိတ်ဆွေတို့ ထင်ထားတဲ့အတိုင်းပဲ အဓိက အကျဆုံးဖြစ်တဲ့ အခြေခံ ပစည်းတွေပါပဲ...။ ကျွန်တော့် ပို့စ်တွေကို အရင်ကတည်းက ဖတ်လာခဲ့တဲ့သူ၊ ဒါမှမဟုတ် ဓာတ်ပုံပညာကို အတော်အတန်လေ့လာတီးခေါက်ပြီး ဖြစ်တဲ့သူတွေ ဖြစ်နှင့်မယ်ဆိုရင်တော့ အခု ကျွန်တော်ပြောတဲ့ Gear တွေ ရှိပြီးသားဖြစ်ကြမှာပါ...။ အဓိက အလိုအပ်ဆုံး မပါမဖြစ်ကတော့ Tripod ပါပဲ...။ Tripod မရှိရင်တော့ ဘယ်လိုမှ ရိုက်လို့ ရမှာ မဟုတ်ပါဘူး..။

နောက်တစ်ခုက Star Trail သွားရိုက်မှာ မဟုတ်တဲ့အတွက် အရမ်းကြီးမလိုပေမယ့်...။ တကယ်လို့များ ရိုက်ချင်စိတ် ပေါက်လာရင် ရိုက်နိုင်အောင် Cable Release လေးတော့ ဆောင်သွားသင့်ပါတယ်..။

အချိန်ပေးပြီး ရိုက်ရမယ့် Photography အမျိုးအစားတစ်ခုဖြစ်တာကတစ်ကြောင်း၊ ညဘက် မှောင်မှောင် မဲမဲထဲမှာ ရိုက်ရမှာက တစ်ကြောင်းတို့ကြောင့် လက်နှိပ်ဓာတ်မီး၊ စားစရာ၊ သောက်စရာ၊ Insert Killer၊ သံလိုက် အိမ်မြှောင်၊ တောထဲ ခြုံထဲတိုးလို့ရမယ့် ဖိနပ်နဲ့ ဘောင်းဘီ၊ မိုးတွင်းကာလဖြစ်တာကြောင့် လူအတွက်ရော မိတ်ဆွေရဲ့ Camera အတွက်ပါ လုံခြုံမှုပေးနိုင်မယ့် မိုးကာတို့ပလပ်စတစ်စတို့ ၊ မြေခင်းတို့ တွေ မဖြစ်မနေ ပါသွားအောင်တော့ သယ်သွားဖို့လိုပါလိမ့်မယ်...။

ဒါတွေ ဘာ့ကြောင့်လိုတယ်ဆိုတာကတော့ ထွေထူးရှင်းပြစရာမလိုတော့ပါဘူး...။ ညအချိန်ဖြစ်တဲ့အတွက် အဖော်လေး အပေါင်းလေးနဲ့ သွားရင်တော့ အနာရယ်ပိုမို ကင်းရှင်းပြီး ပိုပျော်ဖို့ကောင်းတဲ့ အတွေ့အကြုံ အများကြီးရနိုင်မယ့် ညတစ်ညဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်...။

(၂) ဘယ်နေရာက ရိုက်မလဲ

ဒီနေ့ည ကျွန်တော်တို့ ရိုက်ကြမယ့် Meteor Shower ဟာ အခြေခံအားဖြင့် Milkyway Photography, Star Trails တို့နဲ့ သဘောတရား အတူတူပဲဖြစ်တဲ့အတွက် ဒီ Photography အတွက် အရေးအကြီးဆုံး အနာရယ်ကတော့ အလင်းရောင် များများရှိတဲ့ နေရာကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်...။

ပထမဦးဆုံး အလင်းရောင်များတဲ့ နေရာတွေကို ရှောင်ပြီး စဉ်းစားထားရပါမယ်...။

ပြီးရင် စိတ်ကူးထဲမှာ ကိုယ်ရိုက်ချင်တဲ့ပုံကို Composition အရင် ချကြည့်ပါ...။ ဒါမှမဟုတ် ကိုယ်တွေ့ဖူး၊ မြင်ဖူးတဲ့ နိုင်ငံခြားနဲ့ ပြည်တွင်းက ဓာတ်ပုံပညာရှင်တွေ ရိုက်ဖူးတဲ့ ပုံတွေကို ပြန်မြင်ယောင် ကြည့်ပြီး ဘယ်လိုရိုက်ရင် ကောင်းမလဲ Composition ဘယ်လိုချမလဲ ဆိုတာကို စိတ်ကူးနဲ့ အရင်ပုံဖော်ကြည့်ပါ...။

အဲ့လို ပုံဖော်ကြည့်ပြီးပြီဆိုရင် ဒီလိုအပ်ချပ်တွေ အားလုံးနဲ့ ကိုက်ညီတဲ့နေရာ ဘယ်နေရာက ရိုက်ရင် အဆင်ပြေမလဲဆိုတာကို စဉ်းစားပါ...။ မိမိတို့ ကိုယ်စီနေထိုင်ရာ အရပ်ဒေသတွေအလိုက် သူ့ဟာနဲ့ သူ ကိုက်ညီမယ့် နေရာလေးတွေ ပေါ်လာပါလိမ့်မယ်...။

ဥပမာ အခု ကျွန်တော်က ပြင်ဦးလွင်မှာရှိနေတဲ့အတွက် ကျွန်တော် ဒီနေ့ညကို ပြင်ဦးလွင်၊ မိုးကုတ် လမ်းပေါ်က သွားရိုက်ဖို့ စဉ်းစား ထားပါတယ်...။ မြင်ကွင်းရှင်းတယ်...။ အလင်းနဲတယ်...။ ကျွန်တော် လိုချင်သလို ချောင်းလေးတွေ၊ လယ်ကွင်းလေးတွေရှိတယ်...။

ဥပမာ ရန်ကုန်ဆိုရင် ရန်ကုန် ပဲခူး အထွက်ဘက်မျိုး လှိုင်သာယာကျော်ပြီး ပုသိမ်အထွက်ဘက်မျိုး၊ တညင်ဘက်မျိုးကို ကျွန်တော် စဉ်းစားမိမယ် ထင်ပါတယ်....။


ဒါမှမဟုတ် ရန်ကုန် နေပြည်တော် အမြန်လမ်းပေါ်ကနေဆိုလည်း တော်တော်လေး အဆင်ပြေနိုင်မယ့် နေ ရာတွေ ကျွန်တော် သတိထားမိပါတယ်....။

အရေးကြီးဆုံး တစ်ခုက အရပ်မျက်နှာရွေးတာ မှန်ဖို့လိုပါတယ်...။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Milkyway က များသော အားဖြင့် တောင်ဘက်အခြမ်းမှာ မြင်ရတတ်ပါတယ်...။

ဒီနေ့ ကျွန်တော်တို့ ရိုက်မယ့် Meteor Shower က အရှေ့မြောက်ဘက်ကလို့ ပြောထားတာ ဖြစ်တဲ့ အတွက် Milkyway နဲ့ Meteor Shower ဖြစ်မယ့် နေရာမရောထွေးဖို့ အရေးကြီးပါတယ်...။

ကိုယ်ဘယ်ဟာကို အဓိက Target ထားမလဲဆိုတာကို သေသေချာချာ စဉ်းစားထားဖို့လိုပါတယ်...။ တော် ကြာ နှစ်မျိုး စလုံး လွတ်သွားမှာစိုးလို့ပါ...။

(၃) ဘယ်လိုရိုက်မလဲ

လိုအပ်မယ့် Gear တွေလည်း စုံပြီး၊ နေရာလည်း စဉ်းစားလို့ရပြီဆိုရင်တော့ နောက်ဆုံး ကျွန်တော်တို့ ဘယ်လို ရိုက်မလဲဆိုတာပဲဖြစ်ပါတယ်...။

တစ်ခါတစ်လေတော့ ကိုယ်ရောက်သွားတဲ့ Location က ကိုယ့်စိတ်ကူးထဲက Location နဲ့ထပ်တူကြချင်မှ ကြပါလိမ့်မယ်...။ ရောက်သွားတဲ့ နေရာအပေါ်မူတည်ပြီး မီးစင်ကြည့်ကရတာမျိုးလည်း ရှိကောင်း ရှိနိုင်ပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်မှု ရှိတဲ့ လုပ်ငန်းတိုင်းဟာ ဘယ်နေရာ၊ ဘယ်အချိန်မှာ မဆို အဟောသိကံ တော့ ဖြစ်မသွားပါဘူး...။

Camera Setting ကတော့ ထုံစံအတိုင်း Aperture ကျယ်တဲ့ မှန်ဘီလူးရှိလေ အဆင်ပြေလေပါပဲ (f/2.8, f/3.5, f/4) လောက်တော့ Lens တိုင်းနီးပါး ရပါတယ်...။ ဒီ့အတွက် ကိုယ့်မှန်ဘီလူးရဲ့ အကျယ်ဆုံး Aperture မှား ထားပြီး ရိုက်ဖို့လို ပါလိမ့်မယ်...။ (Aperture အကျဥ်းအကျယ်တွေနဲ့၊ ဂဏန်းတန်ဖိုးတွေ မရောသေးပဲ မှတ်မိကြဦးမယ် ထင်ပါတယ် :) )

ပြီးရင် Focus ကို Infinity ပေးဖို့လိုပါတယ်...။ ဒီနေရာမှာ ကိုယ်ထားမယ့် Foreground ကိုလည်း ထည့်ပြီး စဉ်းစားထားဖို့လိုပါတယ်...။ ကိုယ်ချထားတဲ့ Composition က Foreground မပါဘူး...။ အပွင့်ဆိုရင် Infinity ကိုထားတာ ပြသနာမရှိပေမယ့်...။ Foreground တစ်ခုခုထားမယ်ဆိုရင်တော့ Focusing အတွက် Focal Length ကို အရင်တိုင်းထားဖို့လိုပါတယ်...။

ကိုယ်ထားမယ့် Foreground ရော...။ ကြယ်တွေကိုကြော အကုန် ပြတ်ချင်ဆယ်ဆိုရင်တော့ အလွယ်ကူဆုံးနည်းက ကိုယ်ထားမယ့် Foreground ကို ကိုယ့် Lens ရဲ့အဝေးဆုံး တိုင်းနိုင်တဲ့ Focal Length ထက် ပိုဝေးတဲ့နေရာမှာ ထားဖို့လိုပါတယ်...။ ဒါဆိုရင် Foreground ရော Background ပါ Infinity ထဲကို ဝင်သွားပြီ ဖြစ်တဲ့အတွက် အဆင်ပြေသွားနိုင်ပါတယ်...။

f/3.5, f/4 နဲ့ ရိုက်တဲ့သူတွေအတွက် Focal Length က သိမသိသာပေမယ့် f/2.8 အထိ ဖွင့်ရိုက်လို့ရတဲ့ မှန်ဘီလူးတွေနဲ့ ရိုက်မယ့်သူတွေအတွက်ကတော့ တော်တော်အရေးကြီးပါတယ်....။

ကျွန်တော် Canon EF 16-35mm f/2.8L USM II စဝယ်စဉ်က Star Trail သွားရိုက်တော့ f/2.8 အပြည့်နဲ့ ရိုက်ပါတယ်...။ အဲ့ဒီမှာ ပြသနာက ဘာသွားဖြစ်လဲဆိုရင် Focus ကို Infinity ပေးပြီး ကြယ်တွေကို ချိန်လိုက်ရင် ကျွန်တော့် Focal Length ထဲဝင်နေတဲ့ အရှေ့ က Subject က Out Of Focus ဖြစ်သွား ပါတယ်...။ Foreground ကို Focus ပေးလိုက်တော့ ကြယ်တွေက Out Of Focus ဖြစ်သွားတဲ့ အတွက် တော်တော်တိုင်ပတ်လိုက်ပါသေးတယ်...။

နောက်တစ်ခုက သာမန် Lens တွေမှာ Manual Focus ပေးပြီး Focus Ring ကို အဆုံးလှည့်လိုက်ရင် Infinity ဖြစ်သွားတယ်လို့အလွယ်မှတ်လို့ရပေမယ့် 16-35 f/2.8 မှာက အဲ့လိုမှတ်လို့မရပါဘူး...။ သူ့မှာက တစ်ခြား Lens တွေလို အမှတ်လေး တစ်ခုထဲမဟုတ်ပဲ အမှတ်လေး နှစ်ခုပါတဲ့ အတွက် အနီရောင် အမှတ်လေးမှာ ထားမှ Foreground ရော Background ပါ ပြတ်ပါလိ့မ်မယ်...။ သို့မဟုတ်ရင် တစ်ခုကပြတ် တစ်ခုက မပြတ်နဲ့ ရွာလည်နေပါလိမ့်မယ်..။

ကိုယ်တွေ့လေးမို့ကျွန်တော့်လို တိုင်တွေပါတ်ပြီး အချိန်တွေကုန်၊ ပုံကောင်းတွေ လွတ်သွားမှာဆိုး လို့ပြောပြတာပါ....။

တစ်ခုတော့ ရှိပါတယ်...။ Canon 16-35mm f/2.8 L လို Nikon 14-24 f/2.8 Nano လို Lens မျိုးတွေဝယ်ထားပြီးသား၊ ရှိပြီးသားသူတွေကလည်း ကျွန်တော် ထင်ရာ မြင်ရာရေးသမျှကို အချိန်ကုန်ခံပြီး ဖတ်မယ့် သူမျိုးတွေ မဟုတ်တော့တဲ့ အတွက် ချွင်းချက်အနေနဲ့ထားနိုင်ပါတယ်...။

f/3.5, f/4 နဲ့ ရိုက်မယ့်သူတွေအတွက်ကတော့ Manual Focus Mode ကိုရွေး Fcous Ring ကို အဆုံးထိလှည့်လိုက်ရင် အဆင်ပြေပါပြီ၊ Focal Length ကြည့်လို့ရတဲ့ Panel (Window) လေးတွေပါတဲ့ Lens တွေက ပိုအဆင်ပြေတာပေါ့...။

Lens Setting ပြီးရင် Camera Setting ပါ...။ Camera Setting အတွက်တော့ ISO များများနိုင်လေ ပိုအဆင်ပြေလေပါပဲ...။ အနဲဆုံးတော့ ISO 1600 နဲ့ အထက်ထားဖို့လိုပါလိမ့်မယ်....။

Shutter ကတော့ ကိုယ်ရရှိမယ့် Lighting အပေါ်မှာ မူတည်ပြီး တွက်ချက်စဉ်းစားဖို့လိုပါတယ်...။ Milkyway Photography မှာ များသောအားဖြင့် 30s ထက် ပိုမထားပါဘူး...။ 30s အထက်ထားလိုက်ရင် ကြယ်တွေက Trail စဖြစ်သွားပါလိမ့်မယ်...။ အဲ့ဒီ့ အတွက် များသောအားဖြင့် ISO ပေးနိုင်မှုအပေါ်မှာ မူတည်ပြီး 15s နဲ့ 30s ကြားမှာ ကစားကြတာများပါတယ်....။

ဖြစ်နိုင်ရင် RAW နဲ့ ရိုက်ဖို့ အကြံပေးလိုပါတယ်..။ ဘယ်လောက်ကောင်းတဲ့ Camera ပဲ ဖြစ်ဖြစ် ISO များရင်တော့ Noise က ဝင်တာပါပဲ....။ ဒီလိုအချိန်မျိုးမှာ Noise Reduction ပြန်လုပ်တာမျိုး အတွက် ပဲ ဖြစ်ဖြစ် ပုံကို Fine Tune (Post Processing) ပြန်လုပ်တာပဲ ဖြစ်ဖြစ် RAW က အဆင်အပြေဆုံးပါပဲ...။

ဒီလောက်ဆိုရင်တော့ အခြေခံလိုအပ်နိုင်တာလေးတွေ တော်တော်ပြည့်စုံပြီလို့ကျွန်တော် ထင်ပါတယ်...။ လုံးဝအစိမ်းကြီး ဖြစ်နေလို့ နားမလည်တဲ့သူများ ကျွန်တော်အရင်က ရေးထားခဲ့တဲ့ Milkyway ဘယ်လိုရိုက်မလဲဆိုတဲ့ Post ကို ပြန်ပြီး Refer လုပ်ပေးထားပါတယ်...။

နောက်တစ်ခု ကျွန်တော် သတိပေးချင်တာ တစ်ခုရှိပါတယ်...။ High ISO Technique တစ်မျိုးထဲချည်း လှိမ့်မရိုက်ဖို့သတိပေးလိုပါတယ်...။ ဖြစ်နိုင်ရင် Star Trail လေးလဲ လိုရမယ်ရ ဆွဲခဲ့စေလိုပါတယ်...။ ပြီးတော့ One Shot တွေ အစား Milkyway Panorama လေးတွေလည်း အဆင်ပြေရင် ဆွဲခဲ့တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်...။ ကျွန်တော် အရင်က ရေးခဲ့ဖူးတဲ့ Star Trail ရိုက်နည်းတို့ ၊ Panorama ရိုက်နည်းတို့ မှတ်မိကြဦးမယ် ထင်ပါတယ်...။

မေ့ကုန်ပြီဗျာ ဆိုတဲ့ သူတွေအတွက်တော့ သက်ဆိုင်ရာ Link လေးတွေ အောက်မှာ ထပ်တွဲပေးထား ပါတယ်...။

အားလုံးပုံကောင်းလေးတွေ ရကြပါစေလို့ဆုတောင်းရင်း...။

များများရိုက်ပါ...။ ရိုက်ရင်းလေ့လာပါ...။ လေ့လာရင်း ရိုက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ....။

လေးစားစွာဖြင့်

Black Dream
Aperture21 Photography







#meteor #shower #photography #startrails #star #trails #aperture21 #blackdream #black #dream #milkyway #tutorial #myanmar #yangon #pyinoolwin


--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...