The Good You Do, Comes Back To You....

တစ်ခါတုန်းက... ကျေးရွာလေး တစ်ရွာမှာ မိသားစု စားဖို့အတွက် နေ့စဉ် ပေါင်မုန့်တွေ ဖုတ်ပေးတဲ့ အမျိုးသမီးကြီး တစ်ဦးရှိတယ်... ပေါင်မုန့်တွေ ဖုတ်တဲ့အခါမှာလည်း အမြဲတမ်းလိုလို တစ်လုံးအပို ထည့်ဖုတ်လေ့ရှိပြီး အိမ်ရှေ့ ကနေ ဖြတ် သွားဖြတ်လာ လုပ်နေကြတဲ့ (ဆင်းရဲသားနဲ့ သူတောင်းစားတွေ အပါအဝင်) မည်သူမဆို ယူငင်စားသောက်နိုင်အောင် အိမ်ရှေ့တံခါးဝက ခုံတစ်လုံးပေါ်မှာ တင်ထားပေးတယ်... 

အမျိုးသမီးကြီးဟာ ခင်ပွန်းသည်၊ သားတစ်ဦးတို့နဲ့အတူ တစ်ထပ်အိမ်ငယ်လေး တစ်လုံးမှာ နေထိုင်တယ်... သားဖြစ်သူက ရွာနဲ့အတော်လေး အလှမ်းဝေးတဲ့ မြို့တစ်မြို့မှာ အလုပ်လုပ်ပြီး ရက်အတော်ကြာမှတစ်ခါ အိမ်ပြန်လာပြီး မိဘတွေကို သူ့လုပ်အားခငွေတွေ ပေးလေ့ ရှိတယ်... 

အဲဒီလို အမျိုးသမီးကြီးက ပေါင်မုန့် အပိုတစ်လုံးကို အိမ်ရှေ့မှာ သွားထားတဲ့ အခါတိုင်း ကျောဘက်မှာ ဘုကြီးပါတဲ့ လူတစ်ယောက်က အမြဲတမ်း လာယူလေ့ရှိတယ်... အဲဒီလို လာယူတဲ့အခါတိုင်း အိမ်ရှင်အမျိုးသမီးကြီးကို သူ့အနေနဲ့ ကျေးဇူးတင်စကား ပြောလေ့ မရှိသလို ကျေးဇူး တင်တဲ့ အရိပ်အယောင် လက္ခဏာလည်း တစ်ကြိမ်တစ်ခါမှ မပြခဲ့ဘူး... ဒါပေမယ့် သူ့ဘာသာသူ... "မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးကို ခံစားရမယ်... ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးကို ခံစားရမယ်..." ဆိုပြီးတော့ တတွတ်တွတ် ရေရွတ်သွားလေ့ ရှိတယ်... ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ရက်တွေကြာလာတဲ့အခါ အိမ်ရှင်အမျိုးသမီးကြီးက သူမကို ကျေးဇူးတင်စကား မဆိုရကောင်းလားဆိုပြီး ဒေါသထွက်လာတယ်... 

တစ်နေ့မှာတော့... အမျိုးသမီးကြီးဟာ ပေါင်မုန့်ထဲမှာ အဆိပ်တွေထည့်ပြီး ကျောဘုနဲ့ လူကြီးကို ရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်... ဒီလိုနဲ့ ပေါင်မုန့်တုံးထဲမှာ အဆိပ်တွေထည့်ပြီး အိမ်ရှေ့ သွားထားဖို့ အသင့်ပြင်လိုက်တယ်... ဒီအချိန်မှာ ကျောဘုနဲ့လူကြီး ပေါင်မုန့့်လာယူတိုင်း ရေရွတ်နေတဲ့ စကားလုံးတွေကို စဉ်းစားမိလာတယ်... ဒီလူကြီး ရေရွတ်နေတာတွေဟာ တကယ်ပဲ အမှန်တရားတွေ ဖြစ်နေမလားဆိုပြီး သိလိုစိတ်တွေ ဖြစ်ပေါ်ခဲ့တယ်... အဲဒီနောက် သူမကိုယ်သူမ အပြစ်ရှိတယ်လို့ စတင် ခံစားလာရပြီး ချက်ချင်းဆိုသလို အဆိပ်ခတ်ထားတဲ့ ပေါင်မုန့်တုံးကို မီးပုံထဲ ပစ်ထည့်ပြီး ဖျက်ဆီးပစ်လိုက်တယ်... ပြီးနောက် သန့်ရှင်း လတ်ဆတ်တဲ့ ပေါင်မုန့်အသစ်တစ်လုံးကို ပြင်ဆင်ပြီး ထုံစံအတိုင်း အိမ်ရှေ့မှာ သွားထားပေးလိုက်တယ်....

အဲဒီနေ့ညမှာပဲ မြို့ထဲမှာ အလုပ်သွားလုပ်နေတဲ့ သားဖြစ်သူကလည်း အိမ်ပြန်လာဖို့ ပြင်နေတယ်... ကျောဘုနဲ့လူကြီးကလည်း သူသွားနေကျ ညနေပိုင်းမှာ ပေါင်မုန့်သွားယူ ပြီးရင် ထုံးစံအတိုင်း... "မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးကို ခံစားရမယ်... ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ခံစားရမယ်..." ဆိုပြီးတော့ သူ့ကိုယ်သူ တတွတ်တွတ် ရေရွတ်ပြီး ပြန်ထွက်လာတယ်... ညဥ့်နက်ပိုင်းလောက်မှာ အိမ်ရှေ့မှာ တံခါး ခေါက်သံကြားလို့ အမျိုးသမီးကြီးက ထပြီး တံခါးဖွင့်လိုက်တယ်... သားဖြစ်သူကို တွေ့လိုက်ရတဲ့အချိန်မှာ မယုံနိုင်လောက်အောင် တုန်လှုပ်ချောက်ခြားသွားတယ်... မျက်နှာက ဖြူဖက်ဖြူရော်နဲ့ အလွန်နွမ်းနယ်နေပုံ... စိုးရိမ်ကြောက်လန့်နေပုံရတယ်... အကျီင်္ကလည်း စုတ်ပြဲနေပြီး ကိုယ်ပေါ်မှာလည်း ထိခိုက်ပွန်းရှ ဒဏ်ရာတွေ အပြည့်နဲ့... မိခင်ကိုတွေ့တဲ့အချိန်မှာ သားဖြစ်သူက... 

"အမေ!!! ကျနော် အိမ်ကို ဒီလိုအသက်ရှင်လျက်နဲ့ ရောက်လာတာဟာ အတော်လေး ကံကောင်းတယ်... အိမ်အပြန်လမ်းမှာ ကျနော့ကို လူမိုက်တစ်စုက ဓားပြတိုက်ပြီး ပါလာတဲ့ ပစ္စည်းတွေ အကုန်လုံး လုယက်သွားကြတယ်... အိမ်ထိရောက်အောင် ခြေလျင်လျှောက်ပြီး ပြန်လာခဲ့ရတယ်... လမ်းခရီးမှာ ကျောဘုနဲ့ လူကြီး တစ်ယောက်ကို တွေ့ခဲ့လို့ပေါ့... ညစာအတွက် သူစားမယ့် ပေါင်မုန့်ကို ကျနော့ကို သနားပြီး ကျွေးခဲ့တယ်... နို့မဟုတ်ရင်တော့ ကျနော် အသက်ရှင်မှာ မဟုတ်တော့ဘူး..."

သားဖြစ်သူက အဖြစ်အပျက် အားလုံးကို ရှင်းပြပြီးချိန်မှာတော့ အမျိုးသမီးကြီးဟာ အရမ်းကို တုန့်လှုပ်သွားတယ်... ချက်ချင်းဆိုသလို သူမရဲ့ ပါးစပ်ကို လက်နဲ့ပိတ်လိုက်ပြီး အရှက်ရသွားတယ်... 

တကယ်လို့သာ... အဲဒီနေ့က အမျိုးသမီးကြီးအနေနဲ့ မကောင်းတဲ့ စိတ်ထားနဲ့ အဆိပ်ခတ်ထားတဲ့ ပေါင်မုန့်တုံးကို အိမ်ရှေ့မှာ သွားထားခဲ့မယ်ဆိုရင်.....။

(ကောင်းတာ လုပ်နေလို့ မည်သူကမှ ကျေးဇူးတင်စကား မဆိုရင်နေပါစေ... အသိအမှတ် မပြုရင်လည်း နေပါစေ... လုပ်မြဲတိုင်း လုပ်နေပါ... ကောင်းတဲ့ အကျိုးကို ဧကံမုချ ရရှိ ခံစားရမှာပါ...)




လွမ်းမပြေ သုတရပ်ဝန်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...