စကားကြီး ၃ ခွန်း...

ပူပူနွေးနွေး လက်ထပ်ထားတဲ့ ဆင်းရဲသား ဇနီးမောင်နှံနှစ်ဦး ယာခင်းထဲက အိမ်လေး တစ်လုံးမှာ နေထိုင်ကြတယ်... 

တစ်နေ့မှာ ခင်ပွန်းဖြစ်သူဟာ သူ့ရဲ့လုပ်ငန်း အစီအစဉ်နဲ့ ပတ်သက်ပြီး ဇနီးသည်ကို...
"ဟန်နီ...! အဆင်ပြေပြေ နေရဖို့အတွက် ကိုယ် အဝေးတစ်နေရာကို ခရီးထွက်ပြီး အလုပ်တစ်ခု သွားရှာမယ်... အလုပ်ကို ကြိုးစားလုပ်ပြီး တနေ့ကျရင် မင်းဆီကို ပြန်လာခဲ့မယ်... အချိန် ဘယ်လောက်ကြာမယ်ဆိုတာ ကိုယ်လည်း မသိဘူး... တောင်းဆိုချင်တာ တစ်ခုက ကိုယ့်ကို စောင့်နေပါ... ကိုယ်အဝေးမှာ ရှိနေချိန်မှာ ကိုယ့်ကို သစ္စာရှိပါ... ကိုယ်လည်း မင်းကို သစ္စာရှိနေမှာပါ..." လို့ ပြောလိုက်တယ်... 

ဇနီးသည်က သဘောတူတဲ့အတွက် သူလည်း အိမ်ကနေ ထွက်ခွာပြီး အလုပ်ရှာတဲ့ ခရီးစဉ်ကို စတင်ခဲ့တယ်... ခြေလျင်ခရီးကို ရက်ပေါင်းများစွာ သွားပြီးတဲ့ အချိန်မှာတော့ အလုပ်သမား လိုအပ်နေတဲ့ လယ်သမားကြီး တစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်... သူ လုပ်တတ်တာတွေကို ပြောပြလိုက်တဲ့အခါမှာ လယ်သမားကြီးက သူ့ကို လက်ခံလိုက်တယ်... ဒါနဲ့ လူငယ်လည်း အလုပ်မစခင် သူ့ရဲ့ စဉ်းစားထားချက်တွေနဲ့ ပတ်သက်ပြီး လယ်သမားကြီးကို...
"ကျွန်တော့ဆန္ဒ ရှိသလောက် ဒီမှာ ဘယ်လောက်ပဲကြာကြာ အလုပ်လုပ်ခွင့် ပေးပါ... အိမ်ပြန်သင့်ပြီလို့ စဉ်းစားတဲ့ အချိန်ကျရင်လည်း အလုပ်ကနေ ထွက်ခွင့်ပြုပါ... ကျွန်တော့ရဲ့ လုပ်ခလစာတွေ အားလုံးကိုလည်း စုဆောင်းထားပေးပြီး အိမ်ပြန်တဲ့ အချိန်ကျမှသာ အားလုံး ထုတ်ပေးပါ..." လို့ တောင်းဆိုလိုက်တယ်...

လယ်သမားကြီးကလည်း သူဆွေးနွေးစရာ ရှိတာတွေကို ပြန်ပြီးဆွေးနွေးပြီး သူတို့နှစ်ဦးစလုံး အချက်တွေ အားလုံးကို သဘောတူလိုက်တယ်... 

ဒီလိုနဲ့ လူငယ်လည်း အနှစ် ၂၀ လုံးလုံး အားလပ်ရက်မရှိ နားရက်မရှိ အလုပ်ကို ကြိုးစား လုပ်ကိုင်ခဲ့တယ်... နှစ်ပေါင်း ၂၀ ပြည့်ပြီးတဲ့နောက်မှာတော့ လူငယ်ဟာ သူူ့ရဲ့သူဌေးကို...
"သူဌေး...! ကျွန်တော် အိမ်ပြန်တော့မယ်... လုပ်အားခ ငွေတွေအားလုံး ထုတ်ပေးပါတော့..." လို့ ပြောလိုက်တယ်...

"ကောင်းပြီလေ..." သူဌေးဖြစ်သူက ပြန်ပြောလိုက်တယ်... "မင်းနဲ့ သဘောတူထားခဲ့တဲ့ အချက်တွေကို လိုက်နာရမှာပေါ့... ဒါပေမယ့် မင်း မသွားခင် ငါ့ဘက်က တစ်ခုခု ကမ်းလှမ်းချင်တယ်... အဲဒါက မင်းရဲ့လုပ်အားခ ငွေတွေ အားလုံးကိုယူပြီး အိမ်ပြန်မလား?... ဒါမှမဟုတ် ငါပေးတဲ့ အကြံဉာဏ် ၃ ခုကို ယူပြီး အိမ်ပြန်မလား?... ငွေပဲ ယူမယ်ဆိုရင်တော့ အကြံဉာဏ်တွေ မရဘူး... အကြံဉာဏ်ပဲ ယူမယ်ဆိုရင်လည်း ငွေတွေရမှာ မဟုတ်ဘူး... ကဲ! အခု မင်းရဲ့အခန်းကို ပြန်ပြီး စဉ်းစားလိုက်ဦး..." 

လူငယ်လည်း ၂ ရက်လုံးလုံး စဉ်းစားပြီးတဲ့နောက် သူဌေးထံ ပြန်သွားပြီး... "ကျွန်တော် သူဌေးပေးတဲ့ အကြံဉာဏ် ၃ ခုပဲယူပြီး အိမ်ပြန်ပါ့မယ်" လို့ အဖြေပေးလိုက်တယ်... 

ဒါနဲ့ လယ်သမားကြီးက... "မင်း အကြံဉာဏ် ၃ ခုပဲ ယူမယ်ဆိုရင်တော့ လုပ်အားခ ငွေတွေ ရမှာ မဟုတ်ဘူးနော်..." လို့ သေချာအောင် ထပ်ပြီး မေးလိုက်တဲ့အခါ လူငယ်ကလည်း... "အကြံဉာဏ် ၃ ခုပဲ လိုချင်ပါတယ်..." ဆိုပြီး ပြန်ဖြေလိုက်တယ်...

ဒီအခါမှာတော့ သူဌေးလယ်သမားကြီးက လူငယ်ကို အကြံဉာဏ် ၃ ခု ချပေးလိုက်တယ်...

"ပထမအချက်... မင်းရဲ့ဘဝ တစ်သက်တာမှာ ဘယ်တော့မှ ဖြတ်လမ်းကို မလိုက်နဲ့... တိုတောင်းတဲ့ လမ်းတွေ၊ ကိုယ်မသိတဲ့ လမ်းတွေဟာ အသက်ကို အန္တရာယ် ဖြစ်စေနိုင်တယ်..."

"ဒုတိယအချက်... ဘယ်တော့မှ အရမ်းမစပ်စုနဲ့... မကောင်းတဲ့လူတွေ လူဆိုးလူမိုက်တွေကို သိချင်စိတ်နဲ့ သွားပြီး စပ်စပ်စုစု လုပ်မိရင် အသက် ဆုံးရှုံးနိုင်တယ်..."

"တတိယ အချက်ကတော့... ဒေါသထွက်နေချိန် ဒါမှမဟုတ် နာကျင်နေချိန်မှာ ဆုံးဖြတ်ချက် မချမိစေနဲ့... နောင်တရလိုက်တဲ့ အချိန်မှာ အရာအားလုံးဟာ အရမ်းနောက်ကျ သွားနိုင်လို့ ဖြစ်တယ်..." 

အကြံဉာဏ် ၃ ခု ပေးပြီးတဲ့နောက် သူဌေးက ပေါင်မုန့်တုံးကြီးတွေကို ပြပြီး... "ရော! ဒီမှာ ပေါင်မုန့် ၃ တုံး ယူသွားချေ... ဒီ ၂ တုံးက မင်း လမ်းခရီးမှာ စားဖို့အတွက်... ဒါကတော့ အိမ်ပြန်ရောက်ရင် ဇနီးသည်နဲ့ စားဖို့အတွက်"... ဆိုပြီး မှာလိုက်တယ်...

အဲဒီနောက် လူငယ်ဟာ နှစ်ပေါင်း ၂၀ ကြာ ခွဲခွာခဲ့တဲ့ သူချစ်တဲ့ ဇနီးသည်နဲ့ နေအိမ်ကို တဖန်ပြန်ခွင့်ရပြီဖြစ်လို့ လယ်သမားကြီး အိမ်ကနေ ပျှော်ရွှင်စွာ ထွက်ခွာလာခဲ့တယ်... 

သူ့ရဲ့ အိမ်ပြန်ခရီးစဉ် ဒုတိယနေ့မှာ လူစိမ်းတစ်ယောက်က သူ့ကို စတင်နှုတ်ဆက်ပြီး... "ဘယ်နေရာကို သွားမလို့ပါလဲ ခင်ဗျား..." ဆိုပြီး မေးလိုက်တယ်...

လူငယ်က အဝေးကို လက်ညှိးညွှန်ပြပြီး..." ဟိုးးး အဝေးက နေရာတစ်ခုကိုပါ... ဒီကနေ ဆက်ပြီး သွားမယ်ဆိုရင် ရက်ပေါင်း၂၀ လောက်တော့ ကြာပါမယ်"... လို့ ပြန်ဖြေလိုက်တယ်...

ဒီအချိန်မှာ လူစိမ်းက... "အိုးးး! ဒီလမ်းက သွားရင် အရမ်းဝေးတယ်... ခင်ဗျားပြောတဲ့ နေရာကို ၅ ရက်အတွင်း ရောက်နိုင်တဲ့ ဖြတ်လမ်းတစ်ခုကို ကျုပ်သိတယ်... လုံခြုံစိတ်ချရတယ်..." လို့ ပြောလိုက်ချိန်မှာ လူငယ်လည်း ဖြတ်လမ်းကနေ သွားဖို့ စတင်လိုက်တယ်... ဒါပေမယ့် လယ်သမားကြီး ပေးလို်က်တဲ့ အကြံဉာဏ် ၃ ချက်ထဲက ပထမဆုံးအချက်ကို အမှတ်ရပြီး ဆက်မသွားတော့ပဲ ပြန်လှည့်လာ ခဲ့လိုက်တယ်... ရက်အနည်ငယ် ကြာပြီးတဲ့ နောက်မှာတော့ အဆိုပါဖြတ်လမ်းဟာ ခရီးသွားတွေကို ချောင်းမြောင်းတိုက်ခိုက်တဲ့ နေရာတစ်ခု ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်...

ဒီလိုနဲ့ လူငယ်လည်း ခရီးဆက်နှင်ခဲ့ပြီး ရက်တွေ ကြာပြီးတဲ့နောက်... တစ်ညနေ ခရီးသွားနေရင်း လမ်းဘေးမှာ ဧည့်ရိပ်သာ တစ်ခုကို တွေ့ပြီး ညအိပ်တည်းခိုဖို့ ဆုံးဖြတ်လိုက်တယ်... တည်းခိုခ ငွေရှင်း၊ ရေမိုးချိုးပြီး အိပ်ယာထဲ ဝင်အိပ်လိုက်တယ်... ညဘက်မှာ ကြောက်မက်ဖွယ်ရာ အသံနက်ကြီးနဲ့ အော်နေတဲ့ အသံကြောင့် အိပ်ယာကနေ လန့်နိုးသွားတယ်... ဒါနဲ့ သိချင်စိတ်နဲ့ ကမန်းကတန်း ထပြီး တံခါးဘက်ကို လျှောက်သွားလိုက်တယ်.... တံခါးဖွင့်မလို့ လုပ်လိုက်တဲ့အချိန် လယ်သမားကြီး ပေးလိုက်တဲ့ ဒုတိယအကြံဉာဏ်ကို သတိရသွားပြီး မဖွင့်တော့ပဲ ပြန်လှည့်လာတယ်... အိပ်ယာထဲ တဖန်ပြန်အိပ်လိုက်တယ်... 

မနက်မိုးလင်းလို့ နံက်စာ စားပြီးတဲ့နောက်မှာ ဧည့်ရိပ်သာ ပိုင်ရှင်က... "ညက အသံနက်ကြီးနဲ့ အော်တဲ့အသံကို ခင်ဗျား ကြားမိသေးလား..." ဆိုပြီး မေးလိုက်တယ်... ဒီအခါ လူငယ်က သူကြားမိလိုက်တဲ့ အကြောင်း ပြန်ဖြေလိုက်တဲ့အခါ ဧည့်ရိပ်သာ ပိုင်ရှင်က... "ခင်ဗျားး! ဘာတွေဖြစ်လဲဆိုတာ ထွက်မကြည့်ဘူးလား"... လို့ ထပ်မေးလိုက်တယ်... လူငယ်က သူ ထွက်မကြည့်ခဲ့တဲ့အကြောင်း ပြောလိုက်တဲ့အခါ ဧည့်ရိပ်သာ ပိုင်ရှင်က... "ဒီတည်းခိုခန်းမှာ လာတည်းပြီး အသက်ရှင်လျက်နဲ့ ပြန်ထွက်သွားနိုင်တာ ခင်ဗျားဟာ ပထမဦးဆုံးပဲ.... ကျုပ်တို့ တည်းခိုခန်း ဘေးအိမ်က လူတစ်ယောက်ဟာ အတော်လေး စိတ်ဖောက်ပြန်နေတယ်... ညဘက်တွေမှာ အမြဲတမ်းလိုလို အသက်နက်ကြီးနဲ့ အော်ပြီး ဧည့်သည်တွေ အာရုံစိုက်အောင် လုပ်ပြတယ်... ဧည့်သည်တွေက ထွက်ကြည့်တဲ့အခါ သူတို့ကို သတ်ပြီး အနောက်ဘက်က ခြံထဲမှာ မြုတ်ထားလိုက်တယ်..." ဆိုပြီး လူငယ်ကို ရှင်းပြလိုက်တယ်... 

ဒီလိုနဲ့ လူငယ်လည်း ခရီးရှည်ကြီးကို ဆက်ပြီး နှင်လာခဲ့ပြန်တယ်... နေ့ညပေါင်းများစွာ ခြေလျင်ခရီး လျှောက်ပြီးတဲ့ နောက်မှာတော့ သူဟာ အတော်လေး ပင်ပန်းနွမ်းနယ်နေတယ်... ဒါပေမယ့် သူ့အိမ်ကိုတော့ အဝေးကနေ လှမ်းမြင်နေရပြီ ဖြစ်တယ်... အချိန်က ညဘက်... သူ့အိမ်ပြူတင်းပေါက်တွေကနေ ဖြာထွက်နေတဲ့ အလင်းရောင် အချို့နဲ့ ဇနီးသည်ရဲ့ အရိပ်မည်းမည်းကိုလည်း လှမ်းမြင်နေရပြီ... ဒါပေမယ့် အိမ်မှာ ဇနီးသည် တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကိုလည်း တွေ့လိုက်ရတယ်... ဒီလိုနဲ့ အိမ်အနီးအနားကို ကပ်သွားလိုက်တဲ့ အချိန်မှာတော့ ဇနီးသည်ဟာ တခြားယောကျ်ား တစ်ယောက်နဲ့ ရှိနေတာကို သိလိုက်တယ်.... ဇနီးသည်က အဲဒီယောကျင်္ား တစ်ယောက်ရဲ့ ဆံပင်တွေကို ဖြေးညှင်းစွာ ပွတ်သပ်ပေးနေတယ်.... ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့အချိန် သူ့ရဲ့ဇနီးအပေါ်မှာ နာကျည်း မုန်းတီးမှုတွေ ခါးသီးမှုတွေ ဖြစ်ပေါ်လာတယ်... ချက်ချင်းဆိုသလိုပဲ ၂ ယောက်စလုံးကို အပြတ်ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်တယ်... ဒါပေမယ့် သူဟာ အသက်ကို ပြင်းပြင်း ရှုသွင်းလိုက်တယ်.... ပြီးတော့ လယ်သမားကြီး ပေးလိုက်တဲ့ တတိယမြောက် အကြံဉာဏ်ကို အမှတ်ရသွားတယ်... စိတ်ကိုပြန်ထိန်းလိုက်တယ်... အဲဒီညက သူ အိမ်အပြင်မှာပဲ အိပ်ဖို့ ဆုံးဖြတ် လိုက်တယ်... အိမ်အနီးအနားက ချုံပုတ်တစ်ခုထဲမှာ ဝင်အိပ်လိုက်ပြီး နောက်နေ့ တခုခု ဆုံးဖြတ်ဖို့ သံဓိဌာန် ချလိုက်တယ်.... 

နောက်နေ့ မနက်မှာတော့ သူဟာ အတော်လေး တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီး သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်... 'ဇနီးသည်နဲ့ သူ့ချစ်သူကို ငါ မသတ်တော့ဘူး... ငါလည်း သူဌေးဆီး ပြန်သွားပြီး ငါ့ကို ပြန်ခေါ်ဖို့ သူဌေးကို တောင်းဆိုမယ်... ဒါပေမယ့် ငါမသွားခင် ငါဟာ ဇနီးသည်အပေါ်မှာ အမြဲတမ်း သစ္စာရှိခဲ့တဲ့အကြောင်း သူမ သိအောင် ပြောသွားချင်သေးတယ်...'

ဒီလိုနဲ့ သူဟာ အိမ်ရှေ့တံခါးကို သွားပြီး တံခါး ခေါက်လိုက်တယ်... ဇနီးသည် တံခါးလာဖွင့် လိုက်တယ်... ခင်ပွန်းဖြစ်သူကို ကြည့်ပြီး မှတ်မိသွားတဲ့ အချိန်မှာ ဖက်ပြီးတော့ ငိုတယ်... ဖက်ထားတဲ့ ဇနီးသည်ကို သူက တွန်းထုတ်ဖို့ ကြိုးစားတယ်... ဒါပေမယ့် တွန်းထုတ်လို့ မရခဲ့ဘူး... အဲဒီနောက်မှာ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ အပြည့်နဲ့ ဇနီးသည်ကို... "ငါကတော့ မင်းအပေါ်မှာ သစ္စာရှိခဲ့တယ်... ဒါပေမယ့် မင်းက ငါ့ကို သစ္စာဖောက်တယ်..." လို့ ဆိုပြီး ပြောလိုက်တယ်... 

သူပြောလိုက်တဲ့ စကားကြောင့် ဇနီးသည်ဟာ အံ့သြတုန်လှုပ်သွားပြီး... "ကျမက ရှင့်ကို ဘယ်လို သစ္စာဖောက်ခဲ့ လို့လဲ??..." လို့ ပြန်မေးလိုက်ပြီး... "ကျမ ရှင့်ကို ဘယ်တော့မှ သစ္စာ မဖောက်ခဲ့ဘူး... အနှစ် ၂၀ လုံးလုံး ရှင့်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေတာပါ..." လို့ ရှင်းပြလိုက်တယ်...

"ဒါဆိုရင် မင်း မနေ့က ဂရုတစို်က်နဲ့ လုပ်ပေးနေတဲ့ အမျိုးသားကရော??..." လို့ ဆိုပြီး ခင်ပွန်းသည်က မေးလိုက်တဲ့အခါ ဇနီးဖြစ်သူက... "အဲဒီ အမျိုးသားက ရှင့်ရဲ့သားလေ... ရှင် အိမ်ကနေ ထွက်သွားတဲ့အချိန်် ကျမမှာ ကိုယ်ဝန် ရှိနေတယ်ဆိုတာ သိလိုက်ရတယ်... ဒီနေ့ဆိုရင် သူဟာ အသက် ၂၀ ပြည့်ပြီ..." လို့ ပြန်ပြီး ရှင်းပြလိုက်တယ်... 

ဒီအခါ ခင်ပွန်းသည်ဟာ သူ့အမှားကို သိသွားပြီး သူ့ကို ခွင့်လွှတ်ဖို့ အသနားခံတယ်... သားဖြစ်သူကိုလည်း အနားခေါ်ပြီး တင်းတင်း ဖက်ထား လိုက်တယ်... အဲဒီနောက် အဝေးမှာ ရှိနေစဉ် သူတွေ့ကြုံ ခဲ့ရတာတွေ အားလုံးကို မိသားစုကို ပြောပြ လိုက်တယ်... တချိန်တည်းမှာပဲ သူဌေး လယ်သမားကြီး ပေးလိုက်တဲ့ နောက်ဆုံး ပေါင်မုန့်တစ်လုံးကို မိသားစုနဲ့ အတူတူ စားသောက်ဖို့ ဇနီးသည်က ကော်ဖီပြင်ဆင် ပေးနေတယ်... အားလုံး အဆင်သင့့် ဖြစ်ချိန်မှာတော့ ပေါင်မုန့်တုံးကြီးကို စားဖို့ ခွဲလိုက်တယ်... ဒီအချိန် ပေါင်မုန့်ထဲမှာ သူ့လုပ်အားခ ငွေတွေ အားလုံးကို တအံ့တသြနဲ့ တွေ့လိုက်ရတယ်... 

တကယ်တမ်း သူရရှိခဲ့တဲ့ အရာတွေဟာ သူ့ဘဝကို အနှစ် ၂၀ လုံးလုံး အလုပ်ထဲမှာ မြုပ်နှံထားပြီး သူ့ရဲ့ အလုပ်ကြိုစားမှုတွေကြောင့် ရရှိခဲ့တဲ့ လုပ်ခ လစာငွေတွေထက် အဆပေါင်းများစွာပါ.....။



လွမ်းမပြေ သုတရပ်ဝန်း 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...