အသည်းရောဂါများအတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)

ယခုတစ်ပတ်တွင် အသည်းနှင့် ပတ်သက်၍ အသုံးပြုရန် ရေးသား တင်ပြလိုသော အပင်မှာ မုန်လာဥပင် ဖြစ်၏။ မုန်လာဥပင် ဆိုလျှင် တိုင်းရင်း ဆေးပညာရှင်များ သာမက တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ သိနိုင်မည်ဖြစ်၏။
မုန်လာပင်သည် အရွက်၊ ဥနှင့် အမြစ်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ရသော အပင်မျိုး ဖြစ်၏။ ၎င်း မုန်လာဥပင်မှာ ဆောင်းရာသီတွင် လှိုင်လှိုင်ပေါ်၏။ အထူးသဖြင့် အောက် အရပ် ဒေသခေါ် အကြေဒေသမှ အိမ်ရှင်မများ၊ အထက်အရပ်ခေါ် အညာဒေသနှင့်
အလယ်ပိုင်း မြေလတ် ဒေသမှ အိမ်ရှင်မများ ပို၍ သိနိုင်၏။ အကြောင်းမှာ ၎င်း မုန်လာဥဖြူပင်မှ အရွက်နှင့် ဥများကို အရည်သောက် အချဉ်ဟင်း အဖြစ် လည်းကောင်း၊ ဟင်းချို အဖြစ် သော်လည်းကောင်း၊ ကြော် ချက်၍ သော်လည်းကောင်း၊ လက်သုပ်သုပ်၍ လည်းကောင်း၊ မုန်လာချဉ် အဖြစ် အချဉ်တည်၍ လည်းကောင်း စားလေ့ရှိကြ သောကြောင့် ဖြစ်၏။ ထို့အပြင် မိမိတို့ မိသားစု အတွက် လျှာရင်း မြက်ဖွယ် ဟင်းတစ်မည် အဖြစ် မုန်လာဥ ဖြူကို အသား၊ ငါးတို့နှင့် ရောဖက်၍ ချက်ပြုတ် ကျွေးမွေးနိုင်၏။ ထိုမျှမက ကြက်ဥ၊ ဘဲဥ စသည်တို့နှင့် ကြော်ချက် ၍လည်း စားနိုင်၏။ ငါးကြင်း၊ ငါးရံ့၊ ငါးပုဏ္ဏား တို့နှင့် ရောဖက်၍ ဟင်းခါးရည် အဖြစ် စီမံနိုင်၏။ အဆိုပါ မုန်လာဥဟင်း တစ်ခွက်သည် လွန်စွာမှလည်း အရသာရှိ။ မီးယပ်ချိနဲ့ နေသူများနှင့် သင့်၏။ အသည်းကို လွန်စွာ အကျိုးပြု၏။ ခံတွင်းပျက် နေသူများနှင့် သင့်၏။ သည်းခြေအိတ် ကျောက်တည်သူ ကျောက် ကပ် ရောင်သူ များ၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ကျောက်တည် သူများ၊ ဆီးချုပ်၊ ဆီးအောင့် နေသူများလည်း စားသင့်၏။ မျက်စိအမြင် အားနည်း သူများနှင့် လည်း သင့်၏။ မုန်လာဥပင်၏ ရုက္ခဗေဒ အမည်မှာ Taphanus Sativus Linnဖြစ်၏။ Curciferae မျိုးရင်းတွင် ပါဝင်၏။ အင်္ဂလိပ် အမည်မှာမူ Radishဖြစ်၏။
အသုံးဝင် ဆေးပင်များနှင့် မြန်မာ့ တိုင်းရင်းဆေးနည်း လက်စွဲ စာအုပ်တွင် မုန်လာဥ သတ္တုရည် ဟင်းစားဇွန်း သုံးဇွန်းကို သောက်ပေးခြင်းဖြင့် ဆီးကျန်၍ ပူခြင်း၊ နာခြင်းများကို သက်သာ စေသည်။ အသည်း၌ ဖြစ်သော ရောဂါများနှင့် အသည်းရောင် အသားဝါ ရောဂါကို မုန်လာဥ ပါးပါးလှီး၍ သကြားနှင့် ဆတူ စားပေး ရပါသည်။ ဆီးအိမ်နှင့် ဆီးလမ်းကြောင်း ကျောက်တည် ရောဂါ၌ မုန်လာဥ သတ္တုရည် အကြမ်းပန်းကန် တစ်လုံးစာ နေ့စဉ် သောက်ပေးပါက ဆီးအိမ် အတွင်းရှိ ကျောက်များကို တဖြည်းဖြည်း ကြေမွ၍ ကျဆင်း စေပါသည်။ မီးယပ်ထိမ်ခြင်း၊ မီးယပ်ချုပ်ခြင်း စသော ရောဂါများ၌ မုန်လာစေ့မှုန့် နှစ်ပဲသားကို ရေနွေးနှင့် သောက်ပေးပါက ဥတုသွေးများ စင်ကြယ်စွာ သက်ဆင်း စေသည်ဟု ဖော်ပြထား၏။
စာရေးသူ အနေဖြင့် မုန်လာဥဖြူနှင့် မုန်လာဥနီ နှစ်မျိုးစလုံးကို အသည်း ဆေးများနှင့် တွဲဖက်၍ လည်းကောင်း၊ ဓာတ်စာ အနေဖြင့် လည်းကောင်း ပေးကျွေးလေ့ရှိရာ ရောဂါ သက်သာမှု မြန်ဆန်ကြောင်း တွေ့ရလေ၏။ မုန်လာဥဖြူ ရွက်သည် အဖျဉ်းရောဂါ၊ အဖောရောဂါတို့ အတွက်လည်း ကောင်းမွန်လှ၏။ ခန္ဓာကိုယ် အတွင်းရှိ အဆိပ် အတောက်များ ပြေလျော့စေရန် မုန်လာဥ ဖြူရွက်နှင့် ဥကို ဟင်းလျာ အဖြစ် ရက်သတ္တပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် အထိ ချက်ပြုတ် စားသင့်လှ၏။ အစားမှား၍ သော်လည်းကောင်း၊ ဆေးမှား၍ သော်လည်းကောင်း အစာ အဆိပ်သင့် ပါက မုန်လာဥ သတ္တုရည် ဆတူရောစပ် တိုက်ပေးရ၏။ ထိုအခါ ပျို့အန်စေ၍ ဝမ်းတွင်းရှိ အစာများနှင့် အဆိပ်များ ထွက်ကျ စေနိုင်၏။ အလွယ်တကူ သုံးစွဲနိုင်သော အစာ အဆိပ်ဖြေဆေး ဖြစ်၏။ သို့ဖြစ်၍ အသည်း ရောဂါရှင်များ အနေဖြင့် မိမိတို့ နေ့စဉ် ချက်ပြုတ်စားသောက် နေသော အစာအာဟာရတွင် အပါအဝင် ဖြစ်သည့် မုန်လာဥနှင့် အရွက်ကို အရေးကြုံက အသုံးပြု နိုင်ပါကြောင်း တင်ပြ လိုက်ရပါသည်။
ဦးကျော်စိန်(မိုးကုတ်)
မြ၀တီ
- (အရှေ့သို့) ကေလးငယ္မ်ားကို လမ်းမှားရောက်စေကြောင်း ဝေဖန်မှုများကို မိုင်လီ တုံ့ပြန် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ