Medical check-up before marriage အိမ်ထောင်မပြုခင် ဆေးစစ်ချင်


(၁) အိမ်ထောင်မပြုခင် ဘာတွေ ဆေးစစ်ဖို့ လိုမလဲဆရာ။ ရုပ်ရှင်ပညာပေးကားတွေမှာ လက်မထပ်ခင် ဆေးစစ်ဖို့လိုတယ် ဆိုတာတွေ ကြားသိရပါတယ်။ ဘာရောဂါတွေကို စစ်ရမလဲ။
(၂) အိမ်ထောင်ပြုတော့မယ်ဆိုရင် ကျွန်မ ကောင်လေးကို သွေးဘာစစ်သင့်ပါလဲ သိခြင်ပါတယ်။ အမြန် ပြန်ဖြေပေးစေခြင်ပါသည်။
(၃) ဆရာရှင့် လက်မထပ်မီ Hepatitis C စစ်ရန် လိုပါသလားရှင့်။ ကူးတတ်ပါသလားရှင့်။


အိမ်ထောင်ကျလို့ လင်-မယားအတူနေတဲ့အခါ ဆက်ဆံရေးပြဿနာ မရှိအောင်၊ သူ့ရောဂါတွေကိုယ့်ကို၊ ကိုယ့်ရောဂါတွေ သူ့ဆီ မကူးစက်အောင်၊ ကိုယ်ဝန်ဆောင်ရင် အန္တရာယ်မရှိအောင်၊ မွေးလာမဲ့ သားသမီးတွေလဲ ကျန်းမာ သန်စွမ်းအောင် ကြိုတင်ဆေးစစ်ထားဘို့ လိုအပ်ပါတယ်။

ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးဖြစ်တယ်။ “သတိဆိုတာ ပိုတယ်မရှိ” ဆိုတဲ့ ဥပဒေသကို လိုက်နာတာ ကောင်းပါတယ်။ “ဒါပေမဲ့ လိုတာထက်တော့ မပိုသင့်ပါ။ စိတ်လှုတ်ရှားမှုထက် စိတ်ပူပင်သောကအထိတော့ မထားသင့်ပါ။” ဒီစာဖတ်ပြီး အကုန်လုံး မလုပ်နိုင်လို့လဲ စိတ်အားမငယ်သင့်ပါ။

အိမ်ထောင်ပြုမဲ့သူတိုင်း မလွဲမသွေ စစ်ဆေးဘို့လိုအပ်တဲ့ ဆေးစစ်နည်းတွေ သတ်မှတ် ထားတာတော့ မရှိပါ။ ဒါပေမဲ့ အကြံကောင်းတွေ ပေးပါမယ်။ အကြံဥာဏ်ဆိုတာ အမိန့်၊ စည်းမျဉ်းမဟုတ်လို့ လိုက်နာချင်သူများကသာ လိုက်နာကြတယ်။

• Blood groups သွေးအုပ်စုဆိုတာ ၂ မျိုးသိဘို့လိုတယ်။ (အေ-ဘီ-အို-အေဘီ) အပြင် Rh အပေါင်းလား၊ အနုတ်လား။ အနုတ်ဖြစ်နေရင် သတိထားရမယ်။ ၁၅% မှာ အနုတ်ဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်ရင် ထပ်စစ်ရမယ်။ Rh factor ခေါ်တယ်။ (ရေးထားတာရှိပါတယ်။)
• Sugar ဆီးချို ရှိ-မရှိ သိထားသင့်တယ်။
• Anaemia သတို့သမီးလောင်းက သွေးအားနည်းမနေသင့်ပါ။ HB (ဟီမိုဂလိုဘင်) 12 to 16 gm/dL ပုံမှန်ရှိနေရမယ်။ သံဓါတ်အားဆေး သောက်နေတာနဲ့ ကောင်းပါမယ်။ သံဓါတ်ကြွယ်ဝတဲ့ အစာတွေလဲ ရွေးစားရမယ်။
• Thyroid အမျိုးသမီးမှာ လည်ပင်းကြီး ဟော်မုန်း မှန်နေသင့်တယ်။ များလဲမကောင်း၊ နည်းလဲ မကောင်းပါ။ ဆေးကုလို့ရပါတယ်။
• Sexually transmitted diseases လိင်ကတဆင့် ကူးစက်ရောဂါတွေ ဘယ်သူဆီမှာဖြစ်ဖြစ် ရှိနေရင် ကြိုတင် ဆေးကုပါ။ ဥပမာ ဆစ်ဖလစ်အတွက် VDRL စမ်းနည်း။ အရေအတွက်အရပြောရရင် ယောက်ျားလေးတွေမှာ ပိုလိုပါတယ်။ မိန်းကလေးတိုင်း လွတ်တယ်လို့တော့ (အားမနာ ပါးမနာ) မဆိုချင်ပါ။
• HIV/AIDS (အေအိုင်ဒီအက်စ်) နှစ်ယောက်လုံး မလွဲမသွေစစ်ပါ။
• Hepatitis အသဲရောင် (ဘီ) နဲ့ (စီ) ပိုး နှစ်ယောက်လုံးစစ်ရမယ်။ (ဘီ) အတွက် ကာကွယ်ဆေးရှိတယ်။ (ဘီ) ပိုးရှိနေတာ သိထားရင် ကိုယ်ဝန်ကိုရော၊ မွေးလာမဲ့ကလေးအတွက်ပါ ကြိုတင်လုပ်စရာတွေ အချိန်မီသိမယ်။
• Pap smears test စစ်နည်းနဲ့ သားအိမ်ဝကင်ဆာ မရှိတာ အမျိုးသမီးမှာ သေခြာအောင် စစ်သင့်တယ်။
• Thalassaemia gene (သာလာဆီးမီးယား) မျိုးဗီဇ စစ်တဲ့အခါ နှစ်ယောက်က Silent carrier ရောဂါမရှိပဲ သယ်ပေးနေသူ ဖြစ်နေရင် ကလေးကို ဒီရောဂါရစေဘို့ ၂၅% ရှိတယ်။ မွေးရာပါ မျိုးဗီဇရောဂါတခု ဖြစ်တယ်။ မြေထဲပင်လယ်ဒေသနဲ့ ဆိုင်တယ်။ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ဆိုတာမှာ ချို့ယွင်းချက်ရှိနေတာ။
• Sickle cell anaemia (ဆစ်ကယ်ဆဲလ်) သွေးအားနည်ရောဂါ မျိုးဗီဇတွေ စစ်ရမယ်။ Haemophilia, Celiac or Hemoglobinopathy ဆိုတာတွေလဲ စစ်နိုင်ရင် ကောင်းပါတယ်။

HE ဆေးစစ်တာတွေအပြင် ကျန်းမာရေးသုတတွေလဲ လိုပါအုံးမယ်။ ကိုယ်ဝန်တားဆေး၊ တားနည်းတွေကိုလဲ ဖတ်-မှတ်၊ မေးမြန်း-စုံစမ်းထားသင့်တယ်။ တခါတည်း ကလေးယူတော့မှာလား။ စောင့်ချင်သေးလား။ ကလေး တယောက်ပြီး တယောက် ဆက်ယူမှာလား။ မိသားစုစီမံကိန်း ချထားသင့်တယ်။ (နည်းအားလုံးကို ရေးထားပါတယ်။)

OG မီးယပ်ဆေးစစ်တာ လုပ်နိုင်ရင်ကောင်းတယ်။ ရာသီမှန်နေဘို့လိုတယ်။ တကယ်လို့ PID တင်ပါဆုံတွင်းအင်္ဂါတွေ ရောင်နေရင် ကြိုတင် ဆေးကုထားရမယ်။ ကလေးရနိုင်ခြေလဲ ကြိုသိလို့ လုပ်သင့်တာတွေ လုပ်ထားနိုင်တယ်။

လက်လှမ်းမီတဲ့နေရာ-နိုင်ငံတွေမှာ ဒါတွေလဲ လုပ်ကြပါသေးတယ်။
• Infertility Tests သားသမီးရနိုင်ခြေအတွက် ဆေးစစ်ခြင်းများ၊
• Genetically Inherited Diseases မျိုးရိုးလိုက်ရောဂါတွေအတွက် စစ်ဆေးနည်းများ၊
• Marriage Counseling စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း။

၂ဝဝ၄ ခုနှစ် မကုန်ခင် တရုတ်နိုင်ငံမှာ လက်မထပ်ခင် ဆေးစစ်တာတွေကို အခမဲ့ လုပ်ပေးမယ်လို့ ကြေညာတယ်။ ဒေသဆိုင်ရာ အစိုးရတွေက အကုန်အကျခံမယ်။ ဥပမာ (လိုရှန်) ခရိုင်အစိုးရကနေ ဒီအစီအမံအတွက် တနှစ်မှာ ယွမ် ၂ သိန်းခွဲ သုံးစွဲမယ်။ အရင်ကတော့ အိမ်ထောင်ပြုမဲ့သူတိုင်း မလုပ်မနေရ ဆေးစစ်တာ လုပ်ကြရတယ်။ အမိန့်သာ ထုတ်တယ် ၂% ကသာ လိုက်နာတာတွေ့ရလို့ အခုလိုပြင်လိုက်ရတာ ဖြစ်တယ်။ မွေးရာပါ ရောဂါတွေ၊ ကူးစက်ရောဂါတွေ၊ နှလုံးရောဂါ၊ စိတ်ရောဂါတွေကို စစ်ဆေးမယ်။ အရင်က ပူပူနွေးနွေးလက်ထပ်တဲ့ မြို့နေ စုံတွဲတွေထဲက ၁ဝ% မှာ ပြောခဲ့တဲ့ ရောဂါတွေ တွေ့ရှိရတယ်လို့ ကျန်းမာရေးဌာနမှတ်တမ်းတွေအရ သိရတယ်။ တောနယ်တွေမှာ ၁၃-၁၅% ရှိတယ်။ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိပြီး ဘယ်တော့ ဘယ်လိုအစိုးရကနေ ကူမလဲ မသိပါ။

အချုပ်ပြောရရင် ကျန်းမာရေးအသိရှိတာ အလွန်ကောင်းတယ်။ ဖြစ်နိုင်ရင် အသေးစိတ်၊ မဟုတ်ရင် အခြေခံကျတာတွေ စစ်ဆေးထားသင့်တယ်။ လိုအပ်တာ ကုသထားရမယ်။ အိမ်ထောင်မပြုခင်ဆိုရင် ပိုပြီးသတိထားသင့်ကြတယ်ဆိုတာကိုလဲ သတိပေးပါရစေ။

မြန်မာနိုင်ငံသူတွေလဲ ကျန်းမာရေးအသိ ပိုတိုးလာနေတာ သဘောကျဘို့ ကောင်းတယ်။ တနေ့ကဘဲ (ဟန်းနီးမွန်း) ရက်က ရာသီလာရက်နဲ့ တိုက်နေလို့ ဘယ်လိုလုပ်ရမလဲ မေးလာတယ်။ မှန်တယ် နေ့ရက်ကို ပြင်လို့ရတယ်။ ဒီအသိပညာကိုလဲ ရယူထားသင့်တယ်။

မေးတဲ့သူတွေကို စော်ကားတယ်လို့တော့ မထင်စေချင်ပါ။ အိမ်ထောင်ပြုမဲ့ မိန်းကလေးမှာ ကိုယ်ဝန် ရှိ-မရှိကိုပါ စစ်ဆေးသင့်ပါတယ်။ အဲလိုမဟုတ်လို့ အိမ်ထောင်ကျပြီးမှ ပြဿနာနဲ့ သံသယအတွက် မေးလာသူတွေ ရှိပါတယ်။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...