ပုဂ္ဂလိကကျောင်းတွေမှာ ပညာသင်ဖို့ စိတ်ဝင်စားမှုများလာ


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူလတ်တန်းစားလွှာတွေဟာ သူတို့ရဲ့သားသမီးတွေကိုလာမယ့် ပညာသင်နှစ်မှာ အစိုးရကျောင်းထက် ပုဂ္ဂလိကကျောင်းမှာ ပညာသင်စေဖို့ စိတ်ဝင်စားမှုများပြားလာပါ တယ်။

မဟာအောင်မြေမြို့နယ်အတွင်း နေထိုင်တဲ့မိခင်တစ်ဦးဖြစ်သူ ဒေါ်မျိုးမျိုးကြူဟာလည်း လာမယ့်ပညာ သင်နှစ်ကစပြီး သူ့ရဲ့သားကိုပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းမှာထားဖို့ စီစဉ်ထားပါတယ်။

'စာသင်တာက ပုဂ္ဂလိကကျောင်းတွေမှာ စာသင်တဲ့အချိန်ပိုရတယ်၊ ကျူရှင်လဲမလိုတော့ မိဘတွေအ တွက် အကြိုအပို့အလုပ်မရှုပ်ဘူး။ ပုဂ္ဂလိကကျောင်းက ဆက်ရှင်တစ်ခုကို ကျောင်းသား ၂၀ ပဲထား တယ်၊ အစိုးရက ၅၀ လောက်ထားတယ်။ အဲဒီတော့ ကျောင်းသားကိုဂရုစိုက်နိုင်တာချင်းက ကွာတယ်' လို့ ဒေါ်မျိုးမျိုးကြူက ပုဂ္ဂလိကနဲ့အစိုးရကျောင်းတွေရဲ့ ကွာခြားချက်အချို့ကို ပြောပါတယ်။

ပုဂ္ဂလိကကျောင်းမှာ ထားနေတဲ့ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဦးမင်းဇော်က 'ဟိုမှာသင်ကြားရေးက ပိုကောင်းတယ်၊ စာသင်တာအပြင် အစိုးရကျောင်းတွေမှာ သင်မပေးတဲ့ပန်းချီ၊ language, ပြင်ပဗဟု သုတတွေ တစ်ခါတည်းသင်ရတယ်၊ သီးသန့်သင်စရာ မလိုဘူး။ ကလေးပညာရေးအတွက်လဲ စိတ်ချ လက်ချလွှတ်ထားလို့ရတယ်' လို့ပြောပါတယ်။

ကိုယ်ပိုင်အထက်တန်းကျောင်းတွေမှာ သူငယ်တန်းကနေ ၁၀ တန်းအထိသင်တဲ့ ကျောင်းနဲ့ငါးတန်းက နေ ၁၀ တန်းအထိသင်တဲ့ကျောင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲသည်ထဲကအထက်တန်းတွေကို ပိုမိုစိတ် ဝင်စားမှုရှိတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကျောင်းတွေကို စတင်ခွင့်ပြုတဲ့ ၂၀၁၂-၂၀၁၃ ပညာနှစ်မှာ ပုဂ္ဂလိကကျောင်းက အစိုးရကျောင်းတွေထက် စာသင်ချိန်ပိုပေးနိုင်တာကြောင့် သင်ရိုးညွှန်းတမ်းတွေ ကို ပြည့်ပြည့်စုံစုံသင်ကြားပေးနိုင်တယ်လို့ သိရပါတယ်။

ယခုလိုအစိုးရကျောင်းတွေမှာ ပြုပြင်စရာအချက်အလက်တွေရှိတာနဲ့ ပတ်သက်ပြီးမန္တလေးတိုင်း ဒေသကြီးပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက 'ကိုယ်ပိုင်ကျောင်းမှာ သင်နေတဲ့ဆရာအများစုက အစိုးရကျောင်းက အငြိမ်းစားတွေများတယ်။ ဘာတွေကွာလဲဆိုတော့ သင်ကြားချိန်ကွာတယ်၊ အစိုးရ ကျောင်းတွေမှာက အကြောင်းအမျိုးမျိုးကြောင့် သင်ကြားရေးအပြင် တခြားအာရုံစိုက်ရတာတွေရှိတော့ သင်ကြားမှုလစ်ဟင်းတာတွေ ရှိတယ်၊ ကိုယ်ပိုင်ကျောင်းတွေမှာ ဒါတွေမရှိတော့ သူတို့ကပိုပြီးအားသာ တယ်' လို့ ပြောပါတယ်။

အစိုးကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကို ဂျူတီတွေ၊ အပိုဂျူတီတွေ၊ မနက် ၈း၀၀ နာရီလောက်က လက်ပတ်ကလေးနဲ့ ကျောင်းပေါက်ထိုင်တာမျိုးတွေ၊ ကာယချိန်၊ ကွန်ပျူတာချိန်စတာတွေ များနေတာ မျိုးတွေ၊ သင်ကြားမှုအပြင် လုံခြုံရေးပိုင်းတာဝန်ယူရတာတွေကို လျှော့နိုင်သမျှလျှော့ပြီး ပြုပြင်သင့် တယ်လို့ ဒေါက်တာလှမိုးက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ယခုနှစ်မှာဘတ်ဂျက်စုစုပေါင်းရဲ့ ၅.၄၇ ရာခိုင်နှုန်း သုံးစွဲပေမဲ့ လာမယ့် ပညာသင်နှစ်မှာ ပညာရေးကဏ္ဍပိုမိုဖွံ့ဖြိုးဖို့အတွက် ဘတ်ဂျက်စုစုပေါင်းရဲ့ ၅.၉၂ ရာခိုင်နှုန်း တိုးမြှင့်ဖို့ စီမံထားပါတယ်။ ပညာရေးအသုံးစရိတ်ကို အရင်နှစ်တွေထက် တိုးမြှင့်သုံးစွဲဖို့ စီမံထားပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ကျောင်းသားဦးရေနဲ့ ဆရာဦးရေကိုအချိုးချပါက သည့်ထက်မက အသုံးစရိတ်တိုးမြှင့် ပေးဖို့ လိုနေသေးတယ်လို့ ပညာရေးကျွမ်းကျင်သူ တချို့ကသုံးသပ်ပါတယ်။

အစိုးကျောင်းတွေမှာ အခမဲ့ပညာသင်ကြားခွင့်ရအောင် စီစဉ်မှုတွေရှိနေပေမဲ့ ပုဂ္ဂလိကကျောင်းတွေမှာ တော့ လက်ရှိအချိန်ထိ ပညာသင်ကြားဖို့ စိတ်ဝင်စားမှုတွေများနေဆဲပဲ ဖြစ်တယ်လို့ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းတွေထံမှ သိရပါတယ်။

ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၄၆)၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...