အထိုင်များခြင်းနဲ့ကျန်းမာရေး သက်ရောက်မှု

လူတွေမှာ မိမိရဲ့အသက်မွေး ဝမ်းကျောင်း အတွက် အလုပ်ကိုယ်စီ လုပ်ကြရပါတယ်။ မတူညီတဲ့နေရာ၊ ကဏ္ဍတွေမှာ ကွဲပြားစွာ လုပ်ကိုင်စားသောက် ကြရပါတယ်။ တစ်ချို့က ကိုယ်ပိုင်စီးပွားရေး လုပ်ကြပြီး တစ်ချို့က ကုမ္ပဏီမှာ ၊ တစ်ချို့က အစိုးရဝန်ထမ်း အစရှိသဖြင့် အလုပ်လုပ်ကြပါတယ.်။ ဒီလို အလုပ်လုပ်ကြတဲ့အခါ ထိုင်ပြီးလုပ်ကြရတဲ့ အလုပ်ရှိသလို သွားလာလှုပ်ရှားပြီး လုပ်ရတဲ့ အလုပ်တွေလည်း ရှိကြပါတယ်။

ကွန်ပျုတာနဲ့ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ကြတဲ့သူတွေ၊ တစ်နေရာတည်းမှာ ထိုင်ပြီး အလုပ်လုပ်ရသူတွေ အနေနဲ့ တစ်နေ့မှာ နေ့လည်စာ ထမင်းစားချိန်၊ အပေါ့အပါးသွားချိန်လိုမျိုး ထသွားထလာ အချိန်တွေကို ဖယ်လိုက်ရင်တောင် အနည်းဆုံး ထိုင်ခုံတွေပေါ်မှာ ၂ နာရီ ကနေ ၄ နာရီလောက်ကတော့ တောက်လျောက် ထိုင်ဖြစ်နေတာ များပါတယ်။ အများအားဖြင့် တစ်နေ့ကို ၈ နာရီ ၉ နာရီလောက်ကို အထိုင်များပြီး အလုပ်လုပ်ဖြစ်ကြပါတယ်။

ဘယ်သူမဆို နေ့စဉ်တောက်လျောက် အထိုင်များပြီး အလုပ်လုပ်ကြရတဲ့အခါ ပထမအချက်အနေနဲ့ ကိုယ်ခန္ဓာဟာ လှုပ်ရှားမှုမရှိတာကြောင့် အဆီတွေစုလာပြီး ဝလာပါတယ်။အများစုက အလုပ်အာရုံမှာ နစ်မြှုပ်နေကြတာကြောင့် တော်ရုံတန်ရုံ နဲ့ ထိုင်ရာ က မထဖြစ်ကြပါဘူး။ ဒီလို ထသွားထလာမရှိဘဲအထိုင်များလာတဲ့အခါ ရေရှည်မှာ ကျန်းမာရေးကိုသက်ရောက်မှုရှိနိုင်ကြောင်းသုတေသနပညာရှင်တို့က လေ့လာဖော်ပြ ထားကြပါတယ်။အဓိကအားဖြင့် ထိုင်ခုံမှာ ကာလကြာရှည်စွာ အထိုင်များခြင်းဟာ မိမိကိုယ်မိမိ သတ်ဖြတ်ခြင်း တစ်မျိုးအဖြစ်ဆေးပညာရှင်တို့က သတ်မှတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ ရေရှည်အထိုင် များခြင်းကြောင့်လူတွေဟာ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊နှလုံးရောဂါနဲ့ ကင်ဆာရောဂါ တို့ ဖြစ်ပွားနိုင်တယ်ဆို ပြီး သတိပေးဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က အစီရင်ခံထားတာမှာ ကိုယ်ခန္ဓာလှုပ်ရှားမှုမရှိဘဲ တစ်နေကုန် အထိုင်များတဲ့သူတွေဟာ အကြွေစောတတ်တယ်လို့ ဖော်ပြထားပါတယ်။Archives of Internal Medicine က လေ့လာဖော်ပြထားတာမှာလည်း တစ်နေ့ကို နာရီပေါင်း ၁၁ နာရီကျော် ထိုင်ပြီးအလုပ်လုပ်ကြသူတွေဟာ ကျန်းမာရေးချို့ယွင်းမှုကြုံလာခဲ့ရင် သေဆုံးဖို့အခွင့်အရေးပိုများကြောင်းပြောဆိုထားကြပါတယ်။ အထိုင်များပြီး လှုပ်ရှားမှုမရှိတဲ့လူတွေမှာ လေးပုံသုံးပုံလောက်ဟာ အဓိကာအားဖြင့် အူမကြီးကင်ဆာ နဲ့ ရင်သားကင်ဆာ ဖြစ်ကြတာကိုတွေ့မြင်ကြရပြီး ဆီးချိုရောဂါဖြစ်သူတွေက ၂၇ % နဲ့ နှလုံးရောဂါဖြစ်သူတွေက ၃၃% လောက်ဖြစ်ကြောင်း WHO ကဖော်ပြထားကြပါတယ်။

သုတေသနပညာရှင် Dr. Christine Friedenreich က အထိုင်များသူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားမှုကို အလေးပေးဆောင်ရွက်ခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေအန္တရာယ်ကို ကောင်းစွာ လျော့ချနိုင်ကြောင်း သူ့ရဲ့ လေ့လာတွေ့ရှိချက်ကို AICR ညီလာခံမှာ အစီရင်ခံခဲ့ပါတယ်။လုပ်ငန်းခွင်အတွင်းမှာ ထိုင်ပြီး အလုပ်လုပ်ကြရသူတွေဟာ ပုံမှန်အားဖြင့် တစ်နေ့မှာ ထိုင်ခုံ ကနေ ပုံမှန် မိနစ် ၄၀ လောက် အချိန်ယူပြီး ထသွားထလာလုပ်သင့်ကြောင်း၊အလုပ်က ပြန်ရင်လည်း မိနစ် ၆၀ ကောင်းကောင်းလမ်းလျောက်ပေးသင့်ကြောင်း သတိပေးဖော်ပြထားပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားမှုကို ကြိုးစားပြီး လုပ်ဆောင်နိုင်ခြင်းဖြင့် အထိုင်များခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေ ကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

လူတွေဟာ မိမိ မထင်မှတ်ထားတဲ့ ရောဂါဖြစ်လာတဲ့အခါ တုန်လှုပ်ချောက်ချားစွာနဲ့ ဘဝအမှောင်ဖုံးလွှမ်းသလို ခံစားကြရပါတယ်။ ဒီလို အဖြစ်မျိုးကို ရှောင်ရှားနိုင်ဖို့အထိုင်များပြီး အလုပ်လုပ်ကြရသူတွေအနေနဲ့ ကျန်းမာရေးအတွက် မကြာခဏထသွားထလာ လှုပ်ရှားပေးခြင်းဖြင့်မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်ကြစေဖို့ ဖော်ပြလိုက်ပါတယ်။

Reference : http://www.makeuseof.com/tag/4-health-issues-sitting-long-avoid/

Yangon Life
http://yangonlife.com.mm/mm/article/13583
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...