ကလေးများကို ပစ်မထားပါနဲ့



၂၀၁၂ နှစ်ဆန်းပိုင်းလောက်ကဖြစ်သည်။ ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်သော CNN ၏ CNN freedom project အစီအစဉ်မှ အိုင်ဗရီကိုစ့်နိုင်ငံရှိ ကလေးအလုပ်သမားများ အဓမ္မစေခိုင်းခံရမှုနှင့် ပတ်သက်၍ လေ့လာစုံစမ်းရိုက်ကူး၍ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသခဲ့သည်။ အိုင်ဗရီကိုစ့်နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ကိုးကိုး (Cocoa) ပင်စိုက်ပျိုးရေးလုပ်ငန်းတွင် ကလေးအလုပ်သ မားများ ခေါင်းပုံဖြတ်စေခိုင်းခံနေရသည့်အကြောင်းနှင့် တစ်တစ်ကမ္ဘာလုံးရှိ လူများနှစ်ခြိုက်အစား သုံး နေကြသော ချောကလက်ထုတ်လုပ်ရာတွင် အဓိကကုန်ပစ္စည်းအဖြစ် ပါဝင်သောကိုးကိုးပင်ကို စိုက်ပျိုး ရိတ်သိမ်းရာတွင် ပါဝင်လုပ်ကိုင်လျက်ရှိသော အိုင်ဗရီကိုစ့်ကလေး အလုပ်သမား
များ ချောကလက်ဆို သော နာမည်ကိုပင်မကြားဖူးကြကြောင်း၊ ပြည်တွင်းစစ်နှင့် ဆင်းရဲမွဲတေမှု ပြဿနာများကြောင့် ကလေးငယ်များကျောင်းမနေနိုင်ကြဘဲ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိလာကြသလို ရောင်းစားခံရသော၊ အတင်းအဓမ္မဖမ်းဆီး ကာ စေခိုင်းခံရသောကလေးများလည်းရှိကြောင်း၊ ထိုကလေးအလုပ်သမားများ အနေဖြင့် လယ်သမားများ၏ခေါင်းပုံဖြတ် စေခိုင်းခြင်းခံနေရကာ မဖြစ်စလောက်လစာဖြင့် နေဝင်မိုး ချုပ်လုပ်ကိုင်နေကြရကြောင်းကို လေ့လာရိုက်ကူးကာ ချောကလက်၏ ကလေးအလုပ်သမားများ (Chocolate's Child Slaves) ဟုအမည်ပေး၍ ထုတ်လွှင့်ခဲ့သည်။ ထိုအိုင်ဗရီကိုစ့်ရှိ ချောကလက်၏ ကလေးအလုပ်သမားများ ဘဝသည်တစ်ကမ္ဘာလုံးရှိ ကလေးအလုပ်သမားများ၏ ဖြစ်စဉ်အခြေအနေ မှန်ကို ဖော်ညွှန်းလှစ်ဟပြသလိုက်သည်။

တစ်ကမ္ဘာလုံးတွင် ကလေးအလုပ်သမားပေါင်း သန်း ၁၆၀ ကျော်ရှိကြောင်းနှင့် အာရှပစိဖိတ်ဒေသ သည် ကလေးသူငယ်အလုပ်သမား အသုံးပြုမှုအများဆုံးဖြစ်ကြောင်း နိုင်ငံတကာအလုပ်သမားအဖွဲ့ ILOs ကထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။ ကလေးအလုပ်သမားများ၏ ထက်ဝက် ကျော်လောက်သည် အဓမ္မစေခိုင်းခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များ၊ ဥပဒေနှင့် မလွတ်ကင်းသော တရားမဝင်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြရသည်။ အသက် (၁၈) နှစ်အောက် အရွယ်အလုပ်လုပ်လျှင် ကလေးအလုပ်သမားအဖြစ် သတ်မှတ်ပြီး ၎င်းက လေးအလုပ်သမားများ ဝင်ရောက်လုပ်ကိုင်သည့် လုပ်ငန်းခွင်သည် ကျန်းမာရေးထိခိုက်စေမှု၊ အရွယ် နှင့်မမျှမတန်မရာစေခိုင်းမှုများ ကင်းရှင်းရမည့်အပြင် ကလေးများ၏ စိတ်ဓာတ်ပျက်ပြားစေသော အလုပ်အကိုင်မျိုးလည်း မခိုင်းစေသင့်ကြောင်း၊ ထို့ပြင်ကလေးအလုပ်သမားများအနေဖြင့် မိဘအုပ် ထိန်းသူ၏ သဘောတူညီချက်ဖြင့် ၎င်းတို့၏ကျောင်းပညာရေးကို မထိခိုက်စေဘဲ ကျောင်းချိန်ပြင်ပတွင် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ မိမိတို့မုန့်ဖိုး အပိုဝင်ငွေရှာဖွေရန်အ တွက်မူ လုပ်ကိုင်နိုင်သည်ဟုလည်း ILO ကသတ်မှတ်ထားသည်။ ထို့ပင်ကလေးအလုပ်သမားများနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအပေါ် စည်းကမ်းသတ်မှတ်ချက်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် များလည်း ထုတ်ပြန်ထားသည်။ သို့သော် ထိုစည်းမျဉ်းများကိုလိုက်နာသော လုပ်ငန်းရှင်များကား မရှိ သလောက်ကိုရှားပါးကာ ကလေးသူငယ်များ၏ လုပ်အားအပေါ် အမြတ်ထုတ်မှုများလည်း ရှိနေဆဲပင် ဖြစ်သည်။

မြန်မာနိုင်ငံရှိ လမ်းဘေးဈေးဆိုင်မှအစပြု၍ နိုင်ငံတစ်ဝန်းရှိ ရောင်းဝယ်ဖောက်ကားလုပ်ငန်းများ အားလုံးလိုလိုတွင် ကလေးအလုပ်သမားများ မရှိပါ။ အသုံးမပြုပါ။ အသုံးပြုလျှင်လည်း စည်းကမ်း တကျအခွင့်အရေးနှင့် ရပိုင်ခွင့် အပြည့်အဝပေးကာ စေခိုင်းပါသည်ဟု ပြောနိုင်သော လုပ်ငန်းအရေအ တွက်မှာ ရေတွက်ကြည့်လျှင် အလွန်အင်မတန်မှ နည်းပါးလှသည်။ မိမိတို့သွားလာ စားသောက်နေကြသော လက်ဖက်ရည်ဆိုင်၊ လမ်းဘေးဈေးဆိုင်များမှအစ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ် ရုံများ၊ ပွဲရုံများ၊ ကုမ္ပဏီများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများအဆုံး ကလေးအလုပ်သမားများသည် အဓိကမောင်းနှင်အားအဖြစ် ရပ်တည်လျက်ရှိကြသည်။

ထို့ပြင်လမ်းမပေါ်တွင် လှည့်လည်သွားလာကာ ကြုံရာကျပန်းလုပ်ကိုင်စားသောက်ပြီး တစ်ဝမ်းတစ်ခါး အတွက် ဖြေရှင်းနေကြသော ကလေးသူငယ် အရေအတွက်မှာလည်း မြောက်မြားစွာရှိနေပါသည်။ ထိုသို့လုပ်ကိုင်နေကြသော ကလေးသူငယ်အလုပ်သမားများအဖို့ လုပ်သလောက် အကျိုးကျေးဇူးခံစား ခွင့်မရှိသလို စီးပွားရေးလုပ်ငန်းရှင်များ၏ ဖိနှိပ်ချုပ်ချယ်မှု၊ အနိုင်ကျင့်နှိပ်စက်မှု၊ လူမဆန်သော စေခိုင်း မှုများကြောင့် အခွင့်အရေး၊ အခွင့်အလမ်းများ ဆုံးရှုံးကာဒုက္ခရောက်နေကြရသည့် ကလေးများမှာ လည်း ဒုနဲ့ဒေးပင်။

ဆင်းရဲမွဲတေမှု၊ ပညာမတတ်မှု၊ ပညာရေးစနစ်အားနည်းမှုများကြောင့် ကလေးသူငယ်များသည် စီးပွားရေးသမားများအကြိုက် လစာနည်းနည်းဖြင့် အလုပ်များများကို ဝန်နှင့်အားမမျှစွာ စေခိုင်း လို့ ကောင်းသည့် ကလေးအလုပ်သမားအဖြစ်သို့ ပြောင်းလဲရောက်ရှိ လာကြသည်။ ဈေးပေါပေါဖြင့် ခိုင်း ကောင်းသည့် ကလေးအလုပ်သမားများ၏ အသိပညာဗဟုသုတအားနည်းမှု၊ ပညာမတတ်မှုတို့ကို အခွင့်ကောင်းယူ၍ ၎င်းတို့သည်စီးပွားရေးလုပ်ငန်းရှင်များအကြိုက် လူတန်းစားတစ်ရပ်ဖြစ်လာခဲ့သည်။ ထို့ပြင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ဖြစ်ပွားနေသော နာတာရှည်ပြည်တွင်း စစ်ပွဲများကြောင့် မြေစာပင်တိုင်းရင်းသား ကလေးသူငယ်များအနေဖြင့် ပညားသင်ကြားခွင့်ဆုံးရှုံးကာ လက်နက်ကိုင် တပ်ဖွဲ့များထဲသို့ ရောက်ရှိပြီးကလေးစစ်သားများ အဖြစ် ပြောင်းလဲကုန်ကြသ လို သေနတ်သံများ တိတ်ရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ကြရင်း နောက်ဆုံးရရာအလုပ်လုပ်ကိုင်ကာ ကလေးအလုပ်သ မားများအဖြစ်လည်း ပြောင်းလဲရောက်ရှိသွားကြသည်။

နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိသော ကျေးလက်ဒေသနေပြည်သူလူထု၏ အဓိကစီးပွားရေး လုပ်ငန်း ဖြစ်သော လယ်ယာလုပ်ငန်းဖြစ်သော လယ်ယာလုပ်ငန်းများမှာလည်း မိုးလေမမှန်မှု၊ ရာသီဥတုဖောက် ပြန်ပျက်ဆီးကာ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့မှုတို့ကြောင့် ပျက်ဆီးဆုံးရှုံးသဖြင့် စီးပွားရေး အဆင်မပြေဖြစ်သည့်ကြားထဲ မြွေပူရာကင်းမှောင့်ဆိုသလို ဝိသမလောဘစီးပွားရေး သမားများ၏ နိုင်ငံ အနှံ့မြေသိမ်းယာသိမ်းပြဿနာများကြောင့် တောင်သူလယ်သမားများ အလုပ် လက်မဲ့များ ဖြစ်ကုန်ကြ ရသည်။ ဆင်းရဲတွင်းနက်သထက်နက်ပြီး အမွဲတကာထွတ်ခေါင်များ အဖြစ် ရောက်ရှိသည့် ကျေးလက် မိဘများကို မှီခိုနေရသော ကလေးသူငယ်များမှာ အချိန်မတိုင်မီကျောင်း ထွက်၍ လယ်ယာလုပ်ငန်းခွင် တွင် ဝင်ရောက်လုပ်ကိုင်ခြင်းမျိုး၊ မြို့ပေါ်တက်၍ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်အစရှိသည့် လုပ်ငန်းခွင်များတွင် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်ခြင်းမျိုးဖြင့် မိသားစု၏စားဝတ်နေရေးကို အသက်ရှုချောင်စေရန်၊ ရုန်းကန်လျက်ရှိကြသည်။

ထိုကလေးငယ်များမှာ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်ရခြင်း၊ အတင်းအ ကျပ်စေခိုင်းခံရခြင်းများ ကြုံတွေ့နေရသည့်အပြင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ၊ လူကုန်ကူးခံရ မှုများလည်း ကြုံတွေ့ကြရကာ အနာဂတ်များပျက်စီးလျက်ရှိကြသည်။ ထို့ပြင်ကလေးသူငယ်များ၏ စာရိတ္တကိုပျက်ပြားစေမည့် လုပ်ငန်းများတွင် စေခိုင်းမှုများလည်းပြုလာကြသည်။ ယခုဆိုလျှင် အရက် ဆိုင်၊ ဘီယာဆိုင်၊ KTV စသည်များတွင် ကလေးအလုပ်သမားများကို အသုံးပြုစေခိုင်ခြင်းမျိုး၊ တရားမ ဝင်လောင်းကစားလုပ်ငန်းများတွင်လည်း ကလေးသူငယ်များကို အသုံးချခြင်းများ ပြုလုပ်လာလျက်ရှိ ကြသည်။ တစ်လောလေးက သတင်းတစ်ပုဒ်မှာဆိုလျှင် အသက် (၁၀) နှစ်အရွယ်သာရှိသည့် ကလေး ငယ်များကို မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာ အသုံးပြုကြောင်းဖတ်လိုက်ရသေးသည်။ ယင်းလုပ်ငန်း များတွင် စေခိုင်းခံရသည့်ကလေးများကြီးလာလျှင် မည်သို့မည်ပုံဖြစ်လာမည်ဆိုသည်ကတော့ မတွေးရဲ စရာပင်။

လက်ရှိအစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများကို နေ့စဉ်နှင့်အမျှ ဆောင်ရွက်နေသော်လည်း နိုင်ငံ၏စီးပွားရေးအခြေအနေများမှာ ယခင်ကအတိုင်း ယုတ်လျော့ကျဆင်းလျက် ရှိမြဲရှိနေဆဲပင်။ စီးပွားရေးမဖွံ့ဖြိုးမှု၏ ဘေးထွက် ဆိုးကျိုးအနေဖြင့် ကလေးသူငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးကာ အရွယ်မတိုင်မီ အလုပ်ခွင်သို့ ဝင်ရောက်မှု အရေအတွက်မှာလည်း တရိပ်ရိပ်တက်လျက်ရှိသည်။ ယခင် စစ်အစိုးရလက်ထက်တွင် အသက်မပြည့်သေးသော ကလေးစစ်သားများ စုဆောင်းမှု၊ စစ်မြေပြင်တွင် အသုံးချမှုများနှင့် ပတ်သက်၍ နိုင်ငံတကာက ဝေဖန်ပြောဆိုကာစီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့ကြသော်လည်း ထိုစဉ်ကတည်းက တစစလောင်ကျွမ်းတည်ရှိနေခဲ့သော ကလေးအလုပ်သမား များ၏အရေးမှာမူ ယခုထိလျစ်လျူရှုမှုခံခဲ့ရသည်။

ယခုအစိုးရသစ်တက်လာပြီးနောက်ပိုင်း ပွင့်လင်းမြင်သာမှုရှိလာသည်နှင့်အမျှ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းကာကလေးစစ်သားစုဆောင်း အသုံးပြုမှုကို တားဆီးနိုင်ခဲ့သော်လည်း အသက် (၁၈) နှစ်အောက် ကလေးအလုပ်သမားများ အရေအတွက်မှာနေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့သည်။ ထို့ပြင် ကလေးသူငယ်အလုပ်သမားများ ခေါင်းပုံဖြတ်စေခိုင်းခံရမှု၊ အခွင့်အရေးဆုံးရှုံးမှုများနှင့် ပတ်သက်၍ လည်း ဆန္ဒထုတ်ဖော်မှုများ၊ မီဒီယာများတွင် ရေးသားဖော်ပြမှုများကြောင့် ကလေးအလုပ်သမားများ အ ပေါ်လူထုနှင့် နိုင်ငံတကာ၏အာရုံစိုက်မှု အနည်းအကျဉ်း ရရှိလာခဲ့သော်လည်း လက်တွေ့တွင်မူ ကလေးအလုပ်သမားပြဿနာများကို ဖြေရှင်းရာတွင် အားနည်းလျက်ရှိနေသေးသည်။ တကယ်တော့ ကလေးအလုပ်သမားပြဿနာသည် ခေတ်အဆက်ဆက်ချောင်ထိုးခံ၊ မေ့လျော့ခံပြဿနာ တစ်ရပ်အ ဖြစ်တည်ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အခုအချိန်ထိ အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ စီးပွားရေးလုပ်ငန်းရှင်များအားလုံး မည်သူကမျှ အရေး တယူအင်တိုက်အားတိုက် ဆောင်ရွက်မှုများမပြုလုပ်ကြသေးပေ။ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာဖြန့်ဝေမှုများမှာလည်း အားရဖွယ်မရှိပေ။ အနာဂတ်၏လူကြီးများဖြစ်လာမည့် ကလေးသူငယ်များ၏ အခွင့်အရေးဆုံးရှုံးကာ လူညွန့်တုံးသထက်တုံးပြီး ပညာသင်ကြားခွင့်မရှိပါက နိုင်ငံ၏ရှေ့ရေးမှာ ရင်လေးစရာပင်ဖြစ်သည်။

ကလေးအလုပ်သမားဦးရေ တိုးတက်လာခြင်းသည် တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းပြန်အချိုး ကျနေသည်။ တိုင်းပြည်ဆင်းရဲလေ၊ ဖွံ့ဖြိုးမှုနိမ့်ကျလေ၊ ကလေးများ၏ပညာသင်ကြားခွင့် ဆုံးရှုံးလေ ဖြစ်ကာကလေးအလုပ်သမားများ အရေအတွက်ပေါများလာလေဖြစ်သည်။ ထို့ကြောင့် ကလေးအလုပ် သမားများ ပြဿနာသည်မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ထားရတော့မည့်ပြဿနာ တစ်ရပ် မဟုတ် ပါ။ အားလုံးပူးပေါင်းပါဝင်၍ အချိန်မီဖြေရှင်းနိုင်ဖို့လိုအပ်နေပြီဖြစ်သည်။ ဆင်းရဲမွဲတေမှုများ၊ ပညာရေး စနစ်၏ အားနည်းချက်များ၊ ဒေသတွင်းမတည်ငြိမ်မှုများ ရှိနေဦးမည်ဆိုပါက ကလေးများ အနေဖြင့် အရွယ်မတိုင်မီ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိကြဦးမည်ဖြစ်သလို ဝိသမစီးပွားရေးသမားများ၊ အတ္တသမား လုပ်ငန်းရှင်များကြောင့်လည်း ကလေးအလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံ ရမှုများ၊ ခေါင်းပုံ ဖြတ် အမြတ်ထုတ်ခံရမှုများလည်း ရှိနေဦးမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ၏ ရေရှည်ခေတ်မီဖွံ့ဖြိုးတိုး တက်မှုကို ဖော်ဆောင်ရာတွင် ကလေးများကိုအရွယ်နှင့်မလိုက် ဝန်နှင့်အားမမျှစွာ အဓမ္မစေခိုင်းမှုများ ဖြင့်တော့မရရှိနိုင်ပါ။ ပညာရေးစနစ်အမွေကောင်းများ ချမှတ်ပေးခြင်း၊ ပညာရေးအဆင့်အတန်း တိုးတက်အောင်ပြုလုပ်ခြင်းဖြင့် ကလေးများ၏ဦးနှောက်နှင့် အသိဉာဏ်ဖွံ့ဖြိုး တိုးတက်စေကာ အရည် အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ အဖြစ် မွေးထုတ်ခြင်းမျိုးဖြင့် သာ ရေရှည်တည်တံ့သော ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ကလေးများကို ပစ်မထားကြဖို့တော့ လိုအပ် နေပြီဖြစ်သည်။

7Day Daily
No.267, Jan.16, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...