လူမျိုးအလိုက် သူ့စရိုက်ဓလေ့ထုံးစံ
ပြည်စကားအသုံးအနှုန်းဟူသည် ဘာသာစကားတစ်မျိုးတည်း၌ပင် နေရာဒေသအလိုက် ကွဲပြားခြား နားတတ်၏။ ယင်းကိုဒသိယစကားဟုခေါ်သည်။ မြန်မာဘာသာ စကားတစ်မျိုးတည်း၌ပင် ကျွန်တော် တို့အောက်သူအောက်သားတွေ သုံးနှုန်းသည့်အသုံးအနှုန်း၊ လေသံနှင့်အညာသူ၊ အညာသားတို့၏ အသုံးအနှုန်း၊ လေသံချင်းမတူ။ ဘိတ်၊ ထားဝယ်ဘက်ကသူတွေနှင့် အသုံးအနှုန်း၊ လေသံချင်းမတူ။ အင်းသားတို့နှင့်မတူ။ နေရာဒေသကိုလိုက်၍ ကွဲပြားခြားနားကြ၏။
သာဓကအားဖြင့် "မှောင်မိုက်သည်" ဟူသော စကားကိုကျွန်တော်တို့က "မှောင်သည်" "မှောင်မည်း သည်" ဟုသာသုံးကြသည်။ "မိုက်သည်" ဟု သုံးရိုးမရှိ။ သို့သော် ရခိုင်ပြည်နယ်ဒေသအချို့တွင်မူ "မိုက်သည်" ဟုသုံးကြောင်း ဆရာပါရဂူမကွယ်လွန်မီက စာပေဟောပြောပွဲတစ်ခုမှာ ပြောခဲ့ဖူးသည်ကို မှတ်မိနေသည်။ ဆရာကစကားအသုံးအနှုန်းမတူ၍ ပြဿနာဖြစ်ရပုံကို သာဓကလေးတစ်ခုဆောင်၍ ပြောပြသွားသည်။ တစ်ခါကရခိုင်ပြည်နယ်ဘက်က ကျေးရွာတစ်ခုတွင် တာဝန်ကျနေသော မြန်မာစစ် သားတစ်ယောက် ညကင်းစောင့်နေ၏။ ထိုစဉ်ဒေသခံရွာသားနှစ်ဦးသည် အမှောင်ထဲတွင် စကားတီး တိုးပြောရင်း ရွာလမ်းအတိုင်း ဓာတ်မီးတဝင်းဝင်းနှင့် လျှောက်လာကြ၏။ နယ်မြေမအေးချမ်းသော ကာလဖြစ်၍ လက်နှိပ်ဓာတ်မီးရောင်သည် ရန်သူကိုလမ်းပြသကဲ့သို့ ဖြစ်နိုင်သောကြောင့် ကင်းစောင့် စစ်သားက သတိပေးသည့်သဘော လှမ်းပြောသည်။
"ဟေ့ . . ဘာလို့ဓာတ်မီး တဝင်းဝင်းထိုးနေရတာလဲကွ" ဟု။ သို့သော်လေသံနည်းနည်းမာသွားသည်။ ထိုအခါဒေသခံ ရွာသားကလည်း ရောင်းသူဝယ်သူအသံတူစွာ လေသံခပ်မာမာနှင့်ပင် ပြန်ပြောသည်။ "မိုက်လို့ထိုးတာကွ" ဟူ၏။ ဒေသခံရွာသား၏ စကားသည်သူ့ဓလေ့အတိုင်း ရိုးရိုးပြောတာဖြစ်သော် လည်း ဒေသ၏ဓလေ့ကိုနားမလည်သော ကင်းစောင့်စစ်သားအတွက် ဒေါသအမျက်ထွက်စရာဖြစ်ခဲ့ ၏။ ကင်းတဲပေါ်ကခုန်ဆင်းပြီး ထိုးမယ်ကြိတ်မယ်လုပ်လို့ ပြဿနာအတော်ရှင်းယူရကြောင်း ဆရာ ပါရဂူဟောပြောပွဲတွင် နားထောင်ခဲ့ဖူးပါသည်။ ထို့အတူကျွန်တော်တို့က ဖျားတာ၊ နာတာကို "နေမ ကောင်းဖြစ်သည်" ဟုသုံးသော်လည်း မြင်းခြံ၊ တောင်သာဘက်ကကမူ "နေဆိုးသည်" ဟုသုံးပါသည်။ ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်းသွားလာလုပ်ကိုင်ရသည်ကို "ဆင်းရဲသည်" ဟုပြောတတ်ကြပါသည်။
ကျွန်တော်ဒါတွေကို ရှည်ရှည်ဝေးဝေး ရေးပြနေခြင်းမှာ အကြောင်းရှိပါသည်။ ဘာသာစကားတစ်မျိုး တည်း၌ပင် နေရာဒေသကိုလိုက်၍ စကားအသုံးအနှုန်းတွေ မတူညီကြပါလျှင် ဘာသာစကားချင်းမတူ သော ကျွန်တော်တို့တိုင်းရင်းသားများနှင့် စကားအသုံးအနှုန်းချင်း မည်သို့မျှမတူညီနိုင်ပါပေ။ သဘာဝ ကျကျ ကွဲပြားခြားနားနေမည်သာ ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းလောက်က ကော့မှူးမြို့အပိုင်၊ မှော်တောကျေးရွာမှ ကျောင်းဆရာတစ် ဦးရေးလိုက်သည့် စာတစ်စောင်ကျွန်တော့်ထံရောက်လာသည်။ စာတိုက်မှလာခြင်းမဟုတ်။ မှော်တော ရွာသို့အလုပ်ကိစ္စတစ်ခုဖြင့် ရောက်သွားသောအသိတစ်ယောက်နှင့် လူကြုံပါးလိုက်ခြင်းဖြစ်၏။ ယင်း စာကြောင့်ပင် ယခုစာစုကို ကျွန်တော်ရေးဖြစ်ခြင်းဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော ကျွန်တော်တို့နိုင်ငံတွင် တိုင်းရင်းသားအချင်းချင်းအပြန်အလှန်လေးစားမှုဖြင့် ဆက်ဆံကြဖို့လိုပါသည်။ သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့ကို ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့နှင့် အတင်းလိုက် ညှိ၍မရပါ။ မတူကွဲပြားမှုကို လက်ခံရမည်ဖြစ်ပါသည်။ မန်းကျော်မင်း (မှော်တော) ၏ စာမှအချို့ကို သူ့စာပါအတိုင်း ကောက်နုတ်ဖော်ပြပါမည်။
"စ နှင့် မန်း"
ပိုးကရင်လူမျိုးတို့သည် ကျောင်းသားအရွယ်တွင် နာမည်ရှေ့တွင် "စ" သုံးပါသည်။ ဥပမာ-စသန်း ထွန်း။ လူကြီးအရွယ်ရောက်လာပါက "မန်း" သုံးပါသည်။ ဥပမာ-မန်းသန်းထွန်း။
ဗမာလူမျိုးတွင်လည်း ထိုဓလေ့ရှိပါသည်။ ဥပမာ-မောင်သန်းထွန်း။ ဦးသန်းထွန်း။ ကျွန်တော်ပြောလို သည်မှာ ဗမာလူမျိုးတစ်ဦးအတွက် "မောင်" မှ "ဦး" ပြောင်းလဲခေါ်ဝေါ်မှု၊ ရေးသားမှုမှာ အလိုအ လျောက်ဖြစ်ပါသည်။ အသက်အရွယ်အရ သင့်သလိုပြောင်းလဲခေါ်ဝေါ်ကြပါသည်။ ကရင်လူမျိုးတစ်ဦး အတွက် ငယ်ငယ်က စသန်းထွန်း။ ကြီးလာတော့ဦးစသန်းထွန်းဟု ရေးကြပါသည်။ ကာယကံရှင်က မန်းသန်းထွန်းဟု ရေးရမည်ဖြစ်ကြောင်း ပြောပြပါသော်လည်း ပြင်မရေးကြပါ။ ပြောလွန်းမကပြော သောအခါ ဦးမန်းသန်းထွန်း လုပ်လိုက်ကြတော့သည်။ မဟုတ်ဘူး။ ဦးနဲ့မန်းနဲ့အတူတူပဲပြောလည်း မရ ပါ။ မန်းသန်းထွန်းဟုခေါ်လျှင် ရိုင်းသည်ဟု အထင်ရှိပုံရပါသည်။ အမှန်မှာ မရိုင်းပါ။ ယဉ်ကျေးပါသည်။ သူ့လူမျိုး ဓလေ့အတိုင်းမခေါ်ကြ၊ မရေးကြခြင်းသည်သာ မယဉ်ကျေးခြင်းဖြစ်ပါသည်။ မင်းဘာလူမျိုး ဖြစ်ဖြစ် ဒီနိုင်ငံမှာနေရင် "ဦး" တပ်ကိုတပ်ရမယ်ဆိုသကဲ့သို့ ဖြစ်နေပါသည်။
ကရင်လူမျိုးကို ဥပမာပေး၍ တင်ပြသော်လည်း အခြားလူမျိုးအသီးသီး၏ ခံစားချက်များသည်လည်း အတူတူပင်ဖြစ်ကြောင်း သတိပြုသင့်ပါသည်။ မျိုးချစ်စိတ်ပြင်းထန်သော အချို့တိုင်းရင်းသားခေါင်း ဆောင်များသည် သူတို့နာမည်ရှေ့တွင် "ဦး" တပ်၍ခေါ်သည်ကို မနှစ်သက်ကြပါချေ။ ဥပမာ-နိုင်ပန်း လှ၊ စောဘဦးကြီး၊ ဖဒိုမန်းငြိမ်းမောင်။ ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးစားပေးလုပ် ဆောင်နေသော ဤကာလတွင်တိုင်းရင်းသားတို့ အလေးထားသော ဓလေ့ထုံးစံအချို့ကို လေ့လာသင့် လှပါကြောင်း တင်ပြအပ်ပါသည်။
မန်းကျော်မင်း (မှော်တော)
မန်းကျော်မင်း (မှော်တော) ၏စာမှာ ကျွန်တော်တို့စဉ်းစားစရာ၊ ဆင်ခြင်စရာတွေအများကြီးပါသည်။ ကျွန်တော်တို့တစ်တွေ အမှတ်တမဲ့သုံးနှုန်းပြောဆိုနေကြသည့် ကိစ္စရပ်များ၊ အထူးသဖြင့် နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ၊ လ.ဝ.က ကဲ့သို့သော ဝန်ထမ်းများသည် ပြည်သူနှင့်အမြဲထိတွေ့ဆက်ဆံနေရ သည်။ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံကို နားမလည်ဘဲ ကိုယ့်ဓလေ့ထုံးစံနှင့် ချိန်ထိုးကာ ရေးသားခြင်း၊ ပြောဆိုခြင်းသည် အပြောခံရသော၊ အရေးခံရသောသူအတွက် စိတ်အနာတရဖြစ်စေပါ သည်။
အလယ်တန်းကျောင်းသားဘဝက ကြုံခဲ့ရပုံလေးတစ်ခုကို သတိရမိပါသည်။ ကျွန်တော်တို့အတန်းထဲ တွင် စကြည်မြင့်ဆိုသော ကျောင်းသားတစ်ယောက်ရှိပါသည်။ ဆရာမကကျောင်းခေါ်ကြိမ်စာရင်းခေါ် သောအခါ မောင်စကြည်မြင့်ဟု ခေါ်ပါသည်။ ထိုကျောင်းသားက သူ့နာမည်ရှေ့မှာ "မောင်" ထည့်ခေါ် ဖို့မလိုကြောင်း။ ကရင်လို "စ" ဟူသည်မြန်မာလို "မောင်" နှင့်အတူတူပင်ဖြစ်ကြောင်း ဆရာမကိုရှင်းပြ ပါသည်။ ထိုအခါ ဆရာမက ကိုယ့်ဓလေ့နှင့်ညှိကာ "ဒါဆိုလည်း 'စ' လုပ်မနေနဲ့။ မောင်ကြည်မြင့်ပဲပေါ့ ဟုတ်လား" ဟု ဆိုပါသည်။ ထိုကျောင်းသားက ဘာမှတော့မပြောပါ။ သို့သော်သူ့လေ့ကျင့်ခန်း စာအုပ်တွေမှာတော့ နာမည်တပ်လျှင် "စကြည်မြင့်" ဟုပဲတပ်ပါသည်။
တိုင်းရင်းသားတိုင်းမှာ သူ့ဓလေ့၊ သူ့ရိုးရာရှိပါသည်။ တိုင်းရင်းသားတိုင်း ကိုယ့်ဓလေ့၊ ကိုယ့်ရိုးရာကို မထီမဲ့မြင်ပြုတာ၊ အထင်အမြင်သေးတာ၊ ပြက်ရယ်ပြုတာကို ဘယ်တိုင်းရင်းသားကမှ ကြိုက်မည်မ ဟုတ်ပါ။ မြန်မာပြည်၏ နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ ထင်ရှားသောတိုင်းရင်းသားခေါင်ဆောင်တွေ ထဲမှာ ထင်ရှားသောတိုင်းရင်းသားခေါင်းဆောင်များ အများအပြားရှိပါသည်။ သာဓကအားဖြင့် မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း၊ သမ္မတကြီးမန်းဝင်းမောင်၊ စောစံဖိုးသင်။ လက်ရှိအစိုးရအဖွဲ့ထဲမှ ဒုတိယသမ္မ တဒေါက်တာစိုင်းမောက်ခမ်း။ သူတို့၏နာမည်ရှေ့တွေမှာ ဘယ်တုန်းကမှ "ဦး" တပ်ပြီးမရေးကြပါ။ "ဦး" တပ်ပြီးမရေးကြပါ။ "ဦး" တပ်မရေးလို့လည်း ဘယ်သူကမှ ရိုင်းသည်ဟု မထင်ကြပါ။
သို့သော် အချို့သောဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများသည် ကိုယ့်ဓလေ့အတိုင်း တိုင်းရင်းသားတို့၏ အမည်ရှေ့မှာ "မောင်" တွေ၊ "ဦး" တွေထည့်ပေးလိုက်ကြပါသည်။ တိုင်းရင်းသားတို့၏ ဓလေ့ကို မလေးစားရာရောက်ပါသည်။ မဝေးတော့သည့်ကာလ ဧပြီလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ပါတော့မည်။ တိုင်းရင်းသားတို့၏အမည်ရှေ့က "စ၊ စော၊ မန်း၊ စိုင်း၊ စပ်၊ ခွန်၊ နိုင်၊ နန့်၊ နန်း၊ မိ" စသည်တို့သည် သူတို့၏ရိုးရာဓလေ့များ ဖြစ်ပါသည်။ ကိုယ့်ဓလေ့နှင့်ညှိကာ "မောင်၊ ဦး၊ ဒေါ်၊ မ" တွေမလုပ်ကြဖို့ သတိပေးလိုပါသည်။
မိမိ၏ အမှတ်တမဲ့စကားတစ်ခွန်း၊ အမှတ်တမဲ့ အပြုအမူတစ်ခုသည် သူတစ်ပါး၏ ရိုးရာဓလေ့ကို မထိ ခိုက်စေသင့်ပါ။ နိုင်ငံတည်ဆောက်ရေး၌ အချင်းချင်းအပြန်အလှန် လေးစားမှုရှိခြင်းသည် မည်မျှအရေး ပါကြောင်း တွေးဆဆင်ခြင်သင့်သည်။ သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်ကြမည့်နိုင်ငံ့ဝန်ထမ်း တိုင်း တိုင်းရင်းသားတို့၏ ရိုးရာဓလေ့အခေါ်အဝေါ်များကို ယခုကတည်းက ကြိုတင်လေ့လာထားသင့် ပါကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။
7Day Daily No.270, Jan 19, 2014